backup og meta

လိင်စိတ်ဆန္ဒနည်းပါးခြင်း အကြောင်းအရင်းများ


Dr. Thant Zin မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်စိတ်ဆန္ဒနည်းပါးခြင်း အကြောင်းအရင်းများ

    လိင်စိတ်နည်းပါးခြင်း၊ လိင်မှုကိစ္စကို စိတ်မဝင်စားခြင်းဟာ တစ်ကြိမ်မဟုတ်တစ်ကြိမ် ကြုံတွေ့နိုင်တဲ့ ပြဿနာဖြစ်ပါတယ်။ မိမိအဖော်နဲ့ စိတ်ဆန္ဒမကိုက်ညီခြင်း၊ စိတ်အားထက်သန်ပုံ မတူညီခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ စိတ်ဆန္ဒမပါခြင်းဟာ တစ်ခါတစ်ရံမှသာဆိုရင် ပြဿနာမရှိပေမယ့် ရေရှည်မှာဆိုရင် ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

    ယခုဆက်လက်ဖော်ပြမှာကတော့ အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒနည်းပါးလာရတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။

    တက်စတိုစထရုန်းနည်းပါးခြင်း

    တက်စတိုစထရုန်းဟာ အမျိုးသားဟော်မုန်းဖြစ်ပြီး ဝှေးစေ့ကနေ ထုတ်လုပ်ပါတယ်။ အမျိုးသားများ ကြွက်သားနဲ့ အရိုးများဖွဲ့စည်း ဖြစ်ပေါ်ရေးအတွက် အဓိကကျပါတယ်။ သုက်ပိုးများ ထုတ်လုပ်နိုင်ဖို့ လှုံ့ဆော်ပေးပါတယ်။

    တက်စတိုစထရုန်းပမာဏဟာ အပြောင်းအလဲ အတက်အကျရှိပေမယ့် 300 ng/dl ထက် နည်းနေမယ်ဆိုရင် တက်စတိုစထရုန်း ပမာဏ နည်းတယ်လို့ သတ်မှတ်ပါတယ်။ တက်စတိုစထရုန်း နည်းပါးသွားတဲ့ အမျိုးသားများဟာ လိင်စိတ်ဆန္ဒကျဆင်းသွားတတ်ပါတယ်။

    ဆေးဝါးများ

    ဆေးဝါးတချို့ဟာ တက်စတိုစထရုန်းပမာဏကို ကျဆင်းစေနိုင်ပါတယ်။ အဲဒီအခါ လိင်စိတ်ပါ ကျဆင်းသွားတတ်ပါတယ်။ ဥပမာ သွေးကျဆေးတွေဖြစ်တဲ့ ACEI ဆေးများနဲ့ beta-blocker ဆေးများဟာ ပန်းသေပန်းညှိုးဖြစ်စေဖို့ ဖြစ်နိုင်ခြေ ရှိပါတယ်။

    တက်စတိုစထရုန်းကို ကျစေတဲ့ တခြားဆေးဝါးတွေကတော့

    • ကင်ဆာဆေးများ

    • ဆီးကျိတ်ကင်ဆာကုသသော ဟော်မုန်းများ

    • စတီးရွိုက်ဆေးများ

    • မူးယစ်ဆေးအသုံးပြုသော အကိုက်အခဲပျောက်ဆေးများ၊ ဥပမာ morphine၊ oxycodone

    • မှိုသတ်ဆေးများ ketoconazole

    • Cimetidine ကဲ့သို့ အစာမကြေ ရင်ပူကုသမည့်ဆေးများ

    • စိတ်ကျကုသဆေးဝါးအချို့ စတာတွေပဲ ဖြစ်ပါတယ်။

    ဆေးဝါးတွေကြောင့် တက်စတိုစထရုန်းကျတယ်လို့ ယူဆရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဆေးဝါးများကို မိမိအစီအစဉ်နဲ့ပဲ လျှော့ချခြင်း၊ ရပ်တန့်ခြင်းများ မပြုရပါဘူး။

    စိတ်ဓာတ်ကျခြင်း

    စိတ်ဓာတ်ကျခြင်းဟာ လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲသွားစေနိုင်ပါတယ်။ အရင်က ပျော်ရွှင်ကျေနပ်ဖူးတဲ့ အရာတွေကို စိတ်ဝင်စားမှုမရှိတော့တဲ့အထိ ဖြစ်လာနိုင်ပါတယ်။

    ဒါ့အပြင် စိတ်ကျကုသဆေးဝါးများဟာလည်း လိင်စိတ်ကျဆင်းခြင်းကို ဖြစ်စေပါတယ်။ အဆိုပါဆေးဝါးများကတော့

    • SNRI အမျိုးအစားဆေးဝါးများ ဥပမာ duloxetine

    • SSRI အမျိုးအစားဆေးဝါးများ ဥပမာ fluoxetine နှင့် sertraline

    စိတ်ကျဆေးဝါးတွေ သောက်သုံးနေရလို့ တက်စတိုစထရုန်းကျတယ်လို့ ယူဆရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဆေးဝါးများကို မိမိအစီအစဉ်နဲ့ပဲ လျှော့ချခြင်း၊ ရပ်တန့်ခြင်းများ မပြုရပါဘူး။

    နာတာရှည်ရောဂါများ

    နာတာရှည်ရောဂါများကြောင့် နေထိုင်မကောင်းဖြစ်နေရင် လိင်စိတ်လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ရောဂါတချို့( ဥပမာ ကင်ဆာ) ဟာ သုတ်ပိုးထုတ်လုပ်မှုကို ကျဆင်းစေပါတယ်။ လိင်စိတ်ဆန္ဒကျဆင်းစေတဲ့ တခြားရောဂါတွေကတော့

    – အမျိုးအစား ၂ ဆီးချို

    – အဝလွန်ခြင်း

    – သွေးတိုးခြင်း

    – ကိုလက်စထရောများခြင်း

    – အဆုတ်၊ နှလုံး၊ ကျောက်ကပ်၊ အသည်း စသည်တို့ နာတာရှည်ရောဂါဖြစ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    အိပ်ရေးပျက်ခြင်း

    အိပ်စက်နေစဉ် အသက်ရှူရပ်တန့်သွားတတ်တဲ့ ပြဿနာ (Obstructive Sleep Apnea) ရှိသူများမှာ တက်စတိုစထရုန်းနည်းပါးခြင်းလည်း ရှိနေတတ်ကြောင်း သိရပါတယ်။ ဒါကြောင့် လိင်စိတ်ဆန္ဒနည်းခြင်းနဲ့ပါ ဆက်နွယ်နေတတ်ပါတယ်။

    သုတေသနတစ်ခုမှာ တွေ့ရှိတာကတော့ တစ်ညကို ၅နာရီလောက်ပဲ အိပ်စက်တဲ့ အမျိုးသားတွေမှာ တက်စတိုစထရုန်းပမာဏဟာ တစ်ပတ်လောက်ကြာလာရင် ၁၀ – ၁၅ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း သိရပါတယ်။

    အသက်အရွယ်

    လိင်စိတ်ဆန္ဒနဲ့ ဆက်စပ်နေတဲ့ တက်စတိုစထရုန်းပမာဏဟာ အမျိုးသားတွေရဲ့ ဆယ်ကျော်သက်နောက်ဆုံးအချိန်တွေမှာ အမြင့်ဆုံး ဖြစ်ပါတယ်။

    အသက်ကြီးလာတာနဲ့အမျှ လိင်စိတ်အထွတ်အထိပ်ရောက်ဖို့၊ ဆန္ဒပြည့်ဝဖို့၊ လိင်စိတ်နိုးကြားဖို့ အချိန်ယူလာရပါတယ်။ လိင်အင်္ဂါထောင်မတ်ဖို့တောင် ခဲယဉ်းလာပါတယ်။

    စိတ်ဖိစီးမှု

    စိတ်ဖိစီးမှုများနေချိန်မှာ လိင်စိတ်ဆန္ဒနည်းပါးနေတတ်ပါတယ်။ အကြောင်းကတော့ စိတ်ဖိစီးမှုဟာ ဟောမုန်းပမာဏကို အနှောင့်အယှက်ဖြစ်စေလို့ပါပဲ။ သွေးကြောတွေဟာ စိတ်ဖိစီးချိန်မှာ ကျဉ်းမြောင်းသွားပါတယ်။ လိင်အင်္ဂါကို သွေးအရောက်နည်းစေပြီး ထောင်မတ်ဖို့ ခဲယဉ်းနိုင်ပါတယ်။

    တကယ်တော့ စိတ်ဖိစီးမှုဟာ အမျိုးသားတွေကိုရော အမျိုးသမီးတွေကိုပါ လိင်မှုကိစ္စတွေကို အဟန့်အတား ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုဟာ နေ့စဉ်ကြုံတွေ့နေရမယ့် ပြဿနာလည်း ဖြစ်ပါတယ်။ သိပ်ပြီးမကြီးထွားလာအောင် စိတ်ဖိစီးမှုကို ဘယ်လိုကိုင်တွယ်မလဲ လေ့လာထားရင် လိင်စိတ်ဆန္ဒနည်းပါးခြင်းပြဿနာကို ဖြေရှင်းရာ ရောက်ပါတယ်။

    ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုံးဝမလုပ်ခြင်း (သို့မဟုတ်) များလွန်းခြင်း

    လှုပ်ရှားမှုလုံးဝမရှိခြင်း (ဒါမှမဟုတ်) လှုပ်ရှားမှုများလွန်းခြင်းဟာ အမျိုးသားများမှာ လိင်စိတ်ကျဆင်းခြင်းရဲ့ အကြောင်းတစ်ရပ်ဖြစ်နိုင်ပါတယ်။

    ပုံမှန်လေ့ကျင့်ခန်းပြုလုပ်သူများဟာ လိင်စိတ်နည်းပါးခြင်းနဲ့ ဆက်စပ်နေတဲ့ အဝလွန်ခြင်း၊ သွေးတိုးခြင်း၊ အမျိုးအစား ၂ ဆီးချို စတာတွေကို ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။ ညနေပိုင်းလေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ညအချိန်မှာ ကော်တီစောဟော်မုန်းကို ကျစေပြီး စိတ်ဖိစီးမှုကို ကျစေပါတယ်။ ဒါကြောင့် လိင်စိတ်ဆန္ဒကို မြင့်တက်စေဖို့ အထောက်အကူပြုပါတယ်။

    ဒါပေမယ့် လေ့ကျင့်ခန်းပြင်းထန်စွာ ပြုလုပ်ခြင်းဟာ လိင်ကိစ္စကို ထိခိုက်စေပါတယ်။ အင်အားသုံးရတဲ့ လေ့ကျင့်ခန်းတွေကို ကာလရှည်ကြာပြုလုပ်ခြင်းဟာ လိင်စိတ်နည်းပါးစေတယ်လို့ သုတေသနတစ်ခုမှာ ဆိုထားပါတယ်။

    အယ်လ်ကိုဟော

    အရက်ကို အလွန်အကျွံသောက်သုံးခြင်းဟာ တက်စတိုစထရုန်းထုတ်လုပ်မှုကို ကျဆင်းစေနိုင်ပါတယ်။ အရက်စွဲသောက်တာ အချိန်ကြာလာတာနဲ့အမျှ လိင်စိတ်ဆန္ဒလည်း ကျဆင်းလာစေပါတယ်။

    …….

    နိဂုံး

    လိင်စိတ်ကျဆင်းခြင်းကို ပြုပြင်ဖို့ဆိုရင် မိမိဖာသာ ဆောင်ရွက်နိုင်တဲ့အချက်တွေလည်း ရှိနေပါတယ်။ အဓိကအားဖြင့်

    – ကျန်းမာရေးနှင့်ညီညွတ်အောင် နေထိုင်ခြင်း

    – အိပ်ရေး၀၀အိပ်ခြင်း

    – စိတ်ဖိစီးမှုလျှော့ချခြင်း

    ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်ခြင်း စတဲ့အချက်တွေကို လိုက်နာခြင်းအားဖြင့် လိင်စိတ်နည်းပါးရတဲ့ ပြဿနာကို အတိုင်းအတာတခုအထိ ဖြေရှင်းနိုင်ပါလိမ့်မယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement