အဆုတ်ပြည်တည်နာ ဆိုတာက တခြားပြည်တည်နာတွေလိုပဲ ပိုးဝင်တာကြောင့်ဖြစ်တဲ့ ပြည်လုံးပါ။ အများစုက ဘက်တီးရီးယားကြောင့်ဖြစ်ပြီး မှိုပိုးတွေ၊ ကပ်ပါးပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဓာတ်မှန်ရိုက်ကြည့်ရင် တွေ့နိုင်ပါတယ်။ များသောအားဖြင့် ပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ တစ်ခါတလေမှာတော့ ခွဲစိတ်ရတာမျိုး ရှိနိုင်ပါတယ်။
အဆုတ်ပြည်တည်နာ ဖြစ်ရတဲ့ အကြောင်းအရင်း
အဆုတ်ပြည်တည်နာက အဆုတ်ကိုယ်တိုင်က ဖြစ်လာတာ ရှိသလို တခြားနေရာကနေ ပြန့်လာတာလည်း ဖြစ်နိုင်ပါတယ်။ ပြည်တည်တာက တစ်ခုတည်းလည်း ဖြစ်နိုင်သလို အများကြီးလည်း ဖြစ်နိုင်ပါတယ်။ အများကြီး ဖြစ်တယ်ဆိုရင်တော့ နမိုးနီးယား ဒါမှမဟုတ် သွေးဆိပ်သင့်တာကြောင့် ဖြစ်နိုင်ပါတယ်။
အဆုတ်ကနေ စဖြစ်တဲ့ ပြည်တည်နာ
အဆုတ်ကို တိုက်ရိုက်ထိတဲ့ ရောဂါအများစုက အဆုတ်ပြည်တည်နာကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ
- နမိုးနီးယား အဆုတ်ရောင်ရောဂါ (ဒီထဲမှာ အဖြစ်အများဆုံးက အစာသီးပြီး အဆုတ်ရောင်တဲ့ aspiration pneumonia အမျိုးအစားပါ)
- ကင်ဆာကျိတ်တွေ – ၁၀-၁၅%သော အဆုတ်ပြည်တည်နာတွေက ကင်ဆာကျိတ်ကြောင့် ဖြစ်ရတာပါ။ အထူးသဖြင့် လေပြွန်ကို ပိတ်တဲ့ အကျိတ်တွေ၊ Squamous cell carcinoma အမျိုးအစားတွေက ဖြစ်တတ်ပါတယ်။
- အခြားအဆုတ်ရောဂါများ – လေပြွန်ပြည်တည်နာ၊ အဆုတ်ပွန်းတာ စတဲ့ ရောဂါတွေကလည်း အဆုတ်ပြည်တည်နာကို ဖြစ်စေနိုင်ပါတယ်။
- ခုခံအားကျတာ – HIVလို ရောဂါတွေ၊ ကင်ဆာကုထုံးခံယူနေတဲ့သူတွေ၊ မွေးရာပါ ခုခံအား မကောင်းသူတွေကလည်း အဆုတ်ပြည်တည်နာ ဖြစ်လွယ်ပါတယ်။
တခြားနေရာကနေ ပြန့်လာတဲ့ အဆုတ်ပြည်တည်နာ
တခြားနေရာကနေ ပြန့်လာတယ်ဆိုတာက သွေးထဲကနေ ပြန့်လာတာ၊ ပြင်ပဒဏ်ရာတွေကနေ အဆုတ်ကို ပြန့်လာတာ၊ သီးသွားတာ၊ ရှူမိတာ စတာတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ
- ခံတွင်း ဒါမှမဟုတ် လေပြွန်ကနေ ပိုးဝင်နိုင်တာ တစ်ခုခုက မတော်တဆ သီးပြီး အဆုတ်ထဲ ရောက်လာတာ
- မူးယစ်ဆေးသုံးတာ၊ နှလုံးပိုးဝင်တာ စတာတွေရဲ့ ပိုးတွေက သွေးထဲကတဆင့် အဆုတ်ကိုရောက်လာတာ
- အစာရေမျိုပြွန်၊ ရင်ဝမ်းခြားကြွက်သားအောက်က ပြည်တွေက အကြောင်းအမျိုးမျိုးကြောင့် အဆုတ်ကို ပြန့်လာတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
ဘယ်သူတွေမှာ အဆုတ်ပြည်တည်နာ ပိုဖြစ်နိုင်သလဲ
လူတိုင်းဖြစ်နိုင်ပေမယ့် ဒီအချက်တွေရှိရင်တော့ ပိုသတိထားသင့်ပါတယ်။
- အရက်အလွန်အကျွံသောက်တာ (အရက်သောက်တဲ့သူတွေက အန်ဖတ်စို့ပြီး အစာသီးတတ်တာကြောင့်ပါ)
- မူးယစ်ဆေးအကြောထဲထိုးသွင်းတာ
- သွားနဲ့ ခံတွင်း သန့်ရှင်းရေးမကောင်းတဲ့သူတွေ
- သွားဖုံးရောဂါရှိတာ
- မေ့ဆေးပေးအပြီးမှာ
- ဆီးချိုရောဂါရှိတာ
- အစာမျိုရခက်တဲ့သူတွေ၊ သတိမကောင်းတဲ့သူတွေ (ဥပမာ လေဖြတ်ထားတာ၊ အိပ်ရာထဲလဲနေတာ)
- ခုခံအားမကောင်းတဲ့သူတွေ
- မွေးရာပါ နှလုံးရောဂါရှိသူတွေ
- နာတာရှည် အဆုတ်ရောဂါရှိသူတွေ (ဥပမာ cystic fibrosis) က ပိုပြီးသတိထားသင့်ပါတယ်။
အဆုတ်ပြည်တည်နာ ဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်သလဲ
အဆုတ်ပြည်တည်နာ လက္ခဏာတွေက များသောအားဖြင့် ဖြည်းဖြည်းချင်းပဲ ပြတာ များပါတယ်။ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့
- ချမ်းတုန်ဖျားတာ
- ချောင်းဆိုးချွဲထတာ (ချွဲက အနံ့ဆိုး၊ အရသာဆိုးပြီး သွေးပါတတ်ပါတယ်)
- ရင်ဘတ်အောင့်တာ
- မောတာစတာတွေ ဖြစ်တတ်ပါတယ်။
ဒါ့ပြင် ပြည်တည်နာဖြစ်စေတဲ့ အကြောင်းရင်း (ဥပမာ သွားဖုံးရောဂါ၊ နှလုံးပိုးဝင်တာ)တွေရဲ့ လက္ခဏာတွေလည်း ရှိနိုင်ပါတယ်။
ဒီလက္ခဏာတွေက ပြည်တည်နာအပြင် တခြားရောဂါတွေမှာလည်း တွေ့နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။
အဆုတ်ပြည်တည်နာအတွက် ဘယ်လိုစစ်ဆေးမှုတွေ လုပ်နိုင်သလဲ
လူနာရဲ့ ရောဂါရာဇဝင်တွေ၊ ခံစားရတဲ့ လက္ခဏာတွေကို စမ်းသပ်အပြီးမှာ အဆုတ်ပြည်တည်နာ ဟုတ်မဟုတ် သေချာစေဖို့၊ ဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ အောက်ပါ စမ်းသပ်ချက်တွေ လုပ်ရနိုင်ပါတယ်။
- သွေးစစ်ခြင်း
- ကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးခြင်း
- အသည်းလုပ်ဆောင်ချက် စစ်ဆေးခြင်း
- သွေးပိုးမွေးခြင်း၊ အချွဲပိုးမွေးခြင်း
- ရင်ဘတ်ဓာတ်မှန်ရိုက်တာ
- ကွန်ပျူတာဓာတ်မှန်ရိုက်တာ
- လိုအပ်ရင် လေပြွန်မှန်ပြောင်းကြည့်တာတွေ လုပ်ရနိုင်ပါတယ်။
ဒါက အခြေခံစစ်ဆေးချက်တွေဖြစ်ပြီး လူနာတစ်ယောက်နဲ့ တစ်ယောက် ကွာခြားနိုင်ပါတယ်။
အဆုတ်ပြည်တည်နာကို ဘယ်လိုကုသနိုင်သလဲ
ရောဂါအခြေအနေပေါ် မူတည်ပြီး ကုသနည်းတွေက အမျိုးမျိုးရှိပါတယ်။
ဆေးဝါးများ
အဆုတ်ပြည်တည်နာတွေရဲ့ ၈၀-၉၀%လောက်က ပိုးသတ်ဆေးတွေသုံးပြီး ကုသလို့ရပါတယ်။ ထိုးဆေး၊ သောက်ဆေး စသဖြင့် သင့်တော်ရာကို ပေးပါလိမ့်မယ်။
ခွဲစိတ်နည်း
ဆေးတွေနဲ့ မသက်သာဘူးဆိုရင်တော့ မှန်ပြောင်းကြည့်ပြီး ပြည်တည်နာကို ရှင်းပစ်ရပါမယ်။
တခြားနည်းလမ်းများ
လူနာခံစားရတဲ့ လက္ခဏာနဲ့ ရောဂါပြင်းထန်ပုံပေါ် မူတည်ပြီး
- အကိုက်အခဲပျောက်ဆေးတွေ ပေးတာ
- အောက်ဆီဂျင်ပေးတာ
- ပုလင်းကြီးချိတ်တာ
- အချွဲထုတ်နိုင်ဖို့ chest physiotherapy တွေ လုပ်ရနိုင်ပါတယ်။
အဆုတ်ပြည်တည်နာကို မကုသရင် နောက်ဆက်တွဲဘာဖြစ်နိုင်သလဲ
အဆုတ်ပြည်တည်နာကို မကုသဘူးဆိုရင်တော့
- အဆုတ်အမြှေးကြားမှာ ပြည်တည်တာ
- အဆုတ်ထဲမှာ လေအိတ်တွေ ဖြစ်လာတာ
- အဆုတ်အမြှေးပါးနဲ့ အဆုတ်ကြားမှာ ဆက်သွားတာ
- သွေးဆိပ်သင့်တာ
- တခြားနေရာကို ပြည်တွေ ပြန့်သွားတာ (ဥပမာ ဦးနှောက်ပြည်တည်နာ) စတာတွေ ဖြစ်တတ်ပါတယ်။
အဆုတ်ပြည်တည်နာက ခြုံပြောရမယ်ဆိုရင် ကုသလို့ ရတဲ့ရောဂါပါ။ ပိုးသတ်ဆေးနဲ့ နိုင်နိုင်နင်းနင်း ကုနိုင်ရင် ရလဒ်တော်တော်ကောင်းပါတယ်။ ဒါပေမဲ့ နဂိုတည်းက ခုခံအားကျတဲ့သူတွေ၊ ကျန်းမာရေး မကောင်းတဲ့သူတွေဆိုရင်တော့ ကုသရခက်တာ၊ အဖိတ်အစင်ရှိတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ အဆုတ်ပြည်တည်နာက စောစောသိ စောစောကုလေ ရလဒ်ကောင်းလေ ဖြစ်ပါတယ်။