backup og meta

ချောင်းခြောက်ဆိုးတာနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချောင်းခြောက်ဆိုးတာနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

    ချောင်းဆိုးတယ်ဆိုတာ ကျွန်တော်တို့ အသက်ရှူလမ်းကြောင်းနဲ့ လည်ချောင်းမျာ ရှိနေတဲ့ ယားယံစေတဲ့ ပစ္စည်းတွေနဲ့ ချွဲသလိပ်တွေကို ဖယ်ရှားပေးဖို့ ခန္ဓာကိုယ်က လျင်မြန်စွာ တုံ့ပြန်လိုက်တဲ့ အပြုအမူတစ်ခုပါ။ ပုံမှန်အားဖြင့်

    • ချွဲ၊ သလိပ်တွေ ပါတဲ့ ချောင်းအစို

    ချွဲသလိပ် မထွက်ဘဲ ဒီအတိုင်း ဆိုးတဲ့ ချောင်းအခြောက် ဆိုပြီး ချောင်း အမျိုးအစား ၂ မျိုး ခွဲခြားလို့ ရပါတယ်။

    အဓိက ချောင်းဆိုးခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ

    ၁။ ပန်းနာရင်ကျပ်

    အသက်ရှူလမ်းကြောင်းဟာ ရောင်ပြီး ကျဉ်းလာမယ်။ အဲ့ဒီအတွက် အသက်ရှူရတာ ပုံမှန်လူတွေလို မဟုတ်ဘဲ အနည်းငယ် ခက်ခဲလာမယ်။ ချောင်းအစို၊ အခြောက် ၂ မျိုးလုံး တွေ့ရတတ်ပြီး ချောင်းခြောက်ဆိုးတာ ပိုအဖြစ်များပါတယ်။ ချောင်းဆိုးတာအပြင် အသက်ရှူတဲ့အခါ ချွဲသံပါနေတာ၊ အသက်ရှူ မဝတာ၊ ရင်ဘတ်မှာ တင်းကျပ်နေသလို၊ နာကျင်သလို ဖြစ်ပြီး အသက်မရှူနိုင်တာ၊ နှာခေါင်းက လေကို ရှူထုတ်လိုက်တဲ့အခါ လေချွန်သံ တိုးတိုးလေး ထွက်နေတဲ့ လက္ခဏာပါ တွေ့ရနိုင်ပါတယ်။

    ၂။ အစာခြေရည်ဆန်တက်တဲ့ ရောဂါ (GERD)

    အစာအိမ်ကနေ ပုံမှန်ထွက်တဲ့ အစာခြေရည် (Stomach Acid) က အစာရေမျိုကနေ တစ်ဆင့် လည်ချောင်းကို ပြန်ကန်တက်လာတဲ့ အခြေအနေပါ။ အစာခြေရည်သည် အစာရေမျိုကို ယားယံစေတဲ့အတွက် ချောင်းခြောက် ဆိုးစေဖို့ လှုံ့ဆော်ပေးသလို ဖြစ်နိုင်ပါတယ်။ တခြားလက္ခဏာအနေနဲ့ ရင်ပူတာ၊ ရင်ဘတ်အောင့်တာ၊ အစာ သို့မဟုတ် ချဉ်စူးစူး အရသာရှိတဲ့ အရည်တွေ ပြန်အန်ထွက်တာ၊ ချောင်း အဆတ်မပြတ် ဆိုးတာ၊ အသံဝင်တာ၊ မကြာခဏ လည်ချောင်းနာတာ၊ အစာမျိုရခက်တာတွေ ဖြစ်နိုင်ပါတယ်။

    ၃။ နှာရည် ယိုခြင်း

    အအေးမိ တုပ်ကွေးကြောင့်လည်း ဖြစ်နိုင်သလို ရာသီဥတုကြောင့် ဖြစ်တဲ့ ဓာတ်မတည့်ခြင်းကြောင့် နှာရည်ယိုနိုင်ပါတယ်။ ဒီလိုကာလမျိုးမှာ နှာခေါင်းမှာ ရှိတဲ့ အမြှေးပါးတွေက ခါတိုင်းအချိန်တွေထက် ပိုပြီး ချွဲတွေကို ထုတ်ပေးလိုပ နှာရည် ယိုလာတယ်။ ရေကဲသို့ အကြည်ရောင်ဖြစ်ပြီး အပြင်ဘက်ကို ယိုစိမ့်ထွက်ဖို့ လွယ်ကူတယ်။ နှာခေါင်းအပြင်ဘက်ကနေ သာမက နှာခေါင်းအတွင်းဘက်မှ လည်ချောင်းတွင်းသို့ ပြန်ယိုစိမ့်ပြီး ယားယံခြင်းကို ဖြစ်စေလို့ ချောင်းဆိုးစေတယ်။ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။

    ၄။ ဗိုင်းရပ်စ်ပိုး တစ်မျိုးမျိုး ကူးစက်ခံရခြင်း

    ကိုယ်ခန္ဓာထဲကို ဗိုင်းရပ်စ်ပိုး ကူးစက်ဝင်ရောက်လာတဲ့အခါ ကိုယ်ခံအားစနစ်က ဒါကို တုံ့ပြန်တဲ့အနေနဲ့ ချောင်းဆိုးဖို့ လှုံ့ဆော်ပေးပါတယ်။ ချောင်းခြောက် ဆိုးတာ ပိုအဖြစ်များပါတယ်။ တခြားလက္ခဏာတွေပါ ဖြစ်ပေါ်လာတဲ့အထိ ချောင်းဆိုးတဲ့ ရက် ကြာမြင့်နိုင်ပါတယ်။ အရင်တုန်းကတော့ အအေးမိတုပ်ကွေး၊ မားစ်ရောဂါ၊ ဆားစ်ရောဂါ ကပ်ဘေး၊ ယခုအချိန်မှာဆိုရင် Covid-19 ပြင်းထန် အဆုတ်ရောင်ရောဂါ ကူးစက်ခံရချိန်မှာ ချောင်းခြောက် ဆိုးနိုင်ပါတယ်။ တခြားလက္ခဏာအနေနဲ့ အဖျားတက်တာ၊ လည်ချောင်း ယားယံတာ၊ အသက်ရှူရခက်တာတွေပါ ဖြစ်နိုင်ပါတယ်။

    ချောင်းဆိုးခြင်းဟာ ကိုယ့်အတွက်လည်း နေရထိုင်ရ ခက်စေသလို ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သူတွေအတွက်လည်း ကြားရတာ အဆင်မပြေစေနိုင်ပါဘူး။ ပါးစပ်အုပ်ပြီး ချောင်းဆိုးရင်လည်း ကိုယ့်လည်ချောင်းနဲ့ အသက်ရှူလမ်းကြောင်းမှာ ရှိနေတဲ့ ရောဂါပိုးတွေကိုလည်း လေထဲမှ တစ်ဆင့် ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားစေတယ်။ လက်နဲ့ အုပ်ပြီး ဆိုးလိုက်တဲ့အခါ ဒီရောဂါပိုးတွေက လက်ပေါ်မှာ ကပ်ငြိသွားတဲ့အတွက် လက်ကို ဆပ်ပြာ၊ ရေနဲ့ သေချာပြန်ဆေးဖို့ အရေးကြီးပါတယ်။ ချောင်းခြောက် ဝေဒနာကို သက်သာစေဖို့ ငုံဆေး သကြားလုံး ငုံတာ၊ ရေများများ သောက်တာ၊ စွပ်ပြုတ်၊ ရေနွေးကြမ်း နွေးနွေးလေး သောက်တာမျိုး လုပ်ပေးလို့ရပါတယ်။

    ယခုလို အချိန်မျိုးမှာတော့ ချောင်းခြောက် ဆိုးတာအပြင် တခြား ဖျားနာတာ၊ အသက်ရှူရခက်တဲ့ လက္ခဏာပါ တွေ့ရပြီဆိုရင်တော့ Self Quarantine လုပ်ပြီး ကိုယ့်အိမ်မှာပဲ နေထိုင်ဖို့၊ Mask တပ်ထားဖို့၊ မလိုအပ်ဘဲ အပြင်လူတွေ၊ မိသားစုတွေနဲ့ ထိတွေ့ဆက်ဆံတာ၊ စကားပြောတာမျိုး မလုပ်ပါနဲ့။ လုံးဝမသက်သာဘူးဆိုရင် ပုဂ္ဂလိက ဆေးရုံတွေမှာ သွားရောက် စစ်ဆေးကြည့်ပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    [covid_19]

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါ ရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement