backup og meta

ဗိုက်ခွဲမွေး ထားတဲ့ မေမေတွေနဲ့ နောက်ဆက်တွဲ ခါးနာခြင်းဝေဒနာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 27/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗိုက်ခွဲမွေး ထားတဲ့ မေမေတွေနဲ့ နောက်ဆက်တွဲ ခါးနာခြင်းဝေဒနာ

    ရိုးရိုးမွေးတာမဟုတ်ဘဲ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဗိုက်ခွဲမွေး ရတဲ့ အခြေအနေမျိုး ကြုံလာရနိုင်ပါတယ်။ ဒီလို ဗိုက်ခွဲမွေးပြီးသွားရင် နောက်ဆက်တွဲ ကြုံလာရနိုင်တဲ့ ပြဿနာတွေထဲမှာ ဗိုက်ခွဲထားတဲ့ ဒဏ်ရာ ပိုးဝင်ခြင်း၊ ကိုယ်လက် အရိုးအဆစ်များ ကိုက်ခဲခြင်းနဲ့ ခါးနာခြင်းတွေလည်း အပါအဝင်ပါပဲ။ ဒီဆောင်းပါးမှာတော့ ဗိုက်ခွဲမွေးထားတဲ့ မေမေတွေနဲ့ ခါးနာခြင်း အကြောင်းရင်းနဲ့ ဘယ်လိုကုသနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးမှာဖြစ်ပါတယ်။

    ဗိုက်ခွဲမွေး ပြီးနောက် ဘာကြောင့် ခါးနာတာလဲ။

    ၁။ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း

    အမျိုးသမီးတွေ အပျိုဖော်ဝင်ချိန်၊ ရာသီလာချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားပြီးချိန်၊ သွေးဆုံးချိန်တွေမှာ ဟော်မုန်းအပြောင်းအလဲ ဖြစ်နိုင်သလို အဲ့ဒါရဲ့ နောက်ဆက်တွဲပြဿနာတွေကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကာလမှာ ကလေးကို ကောင်းစွာမွေးထုတ်နိုင်စေဖို့ အရွတ်နဲ့ အရိုးအဆစ်တွေ ပျော့သွားစေရန် ခန္ဓာကိုယ်က ဟော်မုန်းတစ်မျိုး ထုတ်လွှတ်ပေးပါတယ်။ ဒီဟော်မုန်းရဲ့ နောက်ဆက်တွဲဆိုးကျိုးကတော့ ကိုယ်လက်လှုပ်ရှားမှု၊ အလေးအပင်လေး နည်းနည်းမလိုက်တာမျိုး၊ ခါးနည်းနည်း ကုန်းလိုက်တာမျိုး လုပ်မိလိုက်တာနဲ့ ခါးနာခြင်း ဖြစ်စေပါတယ်။

    ၂။ ကိုယ်အလေးချိန် တက်လာခြင်း

    မီးဖွားပြီးတာနဲ့ အမျိုးသမီးအများစုဟာ ငယ်ရွယ်စဉ်ကလို ပိန်သွယ်တဲ့ ခန္ဓာကိုယ်မျိုး မဟုတ်တော့ဘဲ ကိုယ်အလေးချိန်တွေ မြင့်တက်လာနိုင်ပါတယ်။ ကိုယ်အလေးချိန် စစချင်းတက်တဲ့အချိန်မှာ ခန္ဓာကိုယ်က အရင်ကထက် ပိုများတဲ့ အလေးချိန်ကို ထိန်းညှိနေရတဲ့အတွက် ခါးနာတာမျိုး ဖြစ်နိုင်ပါတယ်။

    ၃။ ကလေးကို မကြာခဏ ချီမနေရခြင်း

    ဒါကတော့ ရိုးရိုးမွေးတဲ့ မိခင်တွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကလေးမွေးပြီးကာစအချိန်တွေမှာ ကလေးအတွက်ကိုပဲ အာရုံစိုက်မိပြီး နို့တိုက်ဖို့၊ သေးခံအဝတ်လဲဖို့၊ ကလေးရဲ့ ကျန်းမာရေးကို စောင့်ကြည့်ဖို့၊ ဝမ်းမှန်မမှန် စစ်ဖို့၊ ကလေးငိုရင် ချော့ဖို့ အစရှိသဖြင့် မကြာခဏဆိုသလို ထထကြည့်ရတယ်၊ ချီမနေရတယ်။ အဲ့ဒီဒဏ်တွေဟာ ကိုယ်မသိလိုက်ခင်လေးမှာပဲ ခါးကိုက်ခါးနာတဲ့ ဝေဒနာကို ခံစားရစေဖို့ ဖန်တီးပေးလိုက်ပါတယ်။

    ၄။ မိခင်နို့တိုက်ရခြင်း

    ကလေးနို့စို့ရတာ အဆင်ပြေစေဖို့ဆိုပြီး ကိုယ်ခန္ဓာအနေအထားကို အတည့်အတိုင်း မနေဘဲ အနည်းငယ် ကုန်းပေးထားရပါတယ်။ နို့တိုက်ရင်းနဲ့လည်း ကလေးကောင်းကောင်း နို့စို့ရဲ့လားဆိုပြီး ကလေးရဲ့ မျက်နှာကို စိမ့်စိမ့်ငေးကြည့်ရင်း ကြည်နူးပီတိတွေ ဖြာရပါတယ်။ ဒါကတော့ ကောင်းတဲ့ အချက်ပေါ့။ မကောင်းတာကတော့ ခါးကို အမြဲကုန်းထားရသလို၊ ဇက်ကို အမြဲငုံ့ကြည့်နေရတာမျိုး ဖြစ်သွားတဲ့အတွက် မိခင်အနေနဲ့ ခါးနာတာအပြင် ဇက်ကြောတက်တာ၊ ညောင်းကိုက်တာမျိုး ဖြစ်နိုင်ပါတယ်။

    ၅။ ထုံဆေးရဲ့ အရှိန်ကြောင့် ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုး

    ဗိုက်ခွဲမွေး ပြီဆိုတာနဲ့ ထုံဆေးက မဖြစ်မနေကို ထိုးသွင်းဖို့ လိုလာပါပြီ။ ပုံမှန်အားဖြင့် ထုံဆေးအများစုက ပြဿနာမရှိပေမဲ့ ကိုယ်နဲ့ သိပ်ပြီး သဟဇာတမဖြစ်တဲ့ ထုံဆေးအမျိုးအစားကို သွင်းမိလိုက်တဲ့အခါ နောက်ဆက်တွဲအနေနဲ့ ခါးနာတာမျိုး ဖြစ်နိုင်ပါတယ်။ ထုံဆေးအရှိန်ပြယ်ပြီး ရက်သတ္တပတ်အနည်းငယ်မှ လပိုင်းအထိ ခါးနာနိုင်ပါတယ်။

    ခါးနာတာနဲ့ ပတ်သက်ပြီး ဘယ်လိုသက်သာအောင် နေထိုင်မလဲ။

    ခုပြောပြမယ့် အချက်တွေက မိခင်ကိုယ်တိုင် လုပ်ယူပြောင်းလဲရမယ့် နေထိုင်မှုပုံစံ အမူအကျင့်တွေပဲ ဖြစ်ပါတယ်။ ဒါတွေကို သေချာလုပ်ပေးမယ်ဆိုရင်တော့ ခါးကိုက်ခါးနာတာကို ကာကွယ်ပေးနိုင်သလို ဝေဒနာခံစားနေရရင်လည်း ရက်တိုစေပြီး ပျောက်ချိန်မြန်စေနိုင်ပါတယ်။

    • ကလေးကို နို့တိုက်နေတဲ့အချိန် တတ်နိုင်သလောက် ခါးကို မတ်မတ်ဆန့်ထားပါ

    • ခေါင်းကို အရမ်းငုံ့ပြီး ကလေးကို မကြည့်ပါနဲ့

    • ကလေးကို ချီမတော့မယ်ဆိုရင် ခါးကို မကုန်းလိုက်ပါနဲ့၊ ခါးကို အဖြောင့်အတိုင်းပဲထား၊ ဒူးကွေးပြီး ဖြည်းဖြည်းချင်း ကလေးကို မပါ

    • ရေချိုးတဲ့အခါ အရမ်းပူတာမျိုး မဟုတ်တဲ့ ရေကျက်နွေးနဲ့ ရေချိုးပေးပါ၊ ရေစိမ်ပေးနိုင်ရင်တော့ ပိုကောင်းပါတယ်

    ယောဂကျင့်တာ၊ တရားထိုင်တာ၊ အားအင် အရမ်းစိုက်ထုတ်စရာမလိုတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ပေးပါ

    • ဗိုက်ခွဲမွေး ပြီး အနာမကျက်မချင်း ကောင်းကောင်းအနားယူပါ၊ အိမ်အလုပ်တွေကို မိသားစုဝင်အားလုံး ခွဲဝေလုပ်ကိုင်ဖို့ ပြောပေးပါ

    • ခင်ပွန်းဖြစ်သူကို ဇက်၊ ခါးတွေကို ဖြည်းဖြည်းချင်း နှိပ်နယ်ပေးဖို့ အကူအညီတောင်းပါ

    • ဆရာဝန်ညွှန်ကြားချက်နဲ့ အကိုက်အခဲပျောက်ဆေးတွေကို သောက်ပေးလို့ရပါတယ်

    ဒီအချက်တွေက မိခင်ကိုယ်တိုင် လုပ်ရမှာဆိုပေမယ့် ခင်ပွန်းသည်၊ မိဘဆွေမျိုးတွေ၊ သားသမီးတွေအနေနဲ့လည်း ဘေးကနေ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအားဖြင့် ဝိုင်းဝန်ကူညီပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အထူးသဖြင့် ဗိုက်ခွဲမွေးထားတဲ့ မေမေတွေအနေနဲ့ ကိုယ့်ကျန်းမာရေးနဲ့ ခွဲထားတဲ့ အနာကို လုံးဝမပေါ့ဆဖို့၊ ဆရာဝန်ရက်ချိန်းအတိုင်း မပျက်မကွက် သွားပြဖို့၊ အနာကို သန့်ရှင်းအောင်ထားဖို့ သေချာဂရုစိုက်ပေးပါလို့ တိုက်တွန်းပါရစေ။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 27/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement