ဖောလစ်အက်စစ် သည် ကိုယ်ဝန်ဆောင်စဉ် ဘာကြောင့် အရေးကြီးတာလဲ

    ဖောလစ်အက်စစ် သည် ကိုယ်ဝန်ဆောင်စဉ် ဘာကြောင့် အရေးကြီးတာလဲ

    ဖောလစ်အက်စစ် သည် ကိုယ်ဝန်ဆောင်များအတွက် အရေးကြီးပါသည်။ ဖောလစ်အက်စစ်ကို အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်နှင့် ရှောက်အနွယ်ဝင် အသီးများတွင် သဘာဝအလျောက် တွေ့ရှိရသည်။ အားဆေးများတွင်လည်း ပါဝင်တတ်ပါသည်။

    ဖောလစ်အက်စစ်သည် ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးပြုသလဲ။

    ဖောလစ်အက်စစ်သည် သင့်ခန္ဓာကိုယ်မှ သွေးနီဥဆဲလ်များ ထုတ်လုပ်ရန် မရှိမဖြစ် လိုအပ်ပါသည်။ ၎င်းသည် ကိုယ်ဝန်နောက်ဆက်တွဲ ပြဿနာများ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာအချို့နှင့် အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါသည်။ ၎င်းသည် မျိုးရိုးဗီဇ DNA ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်းကို ထိန်းသိမ်းစောင့်ရှောက်ပေးပြီး ဆဲလ်များ ကြီးထွားဖွံ့ဖြိုးမှုအတွက် အခြေခံလမ်းကြောင်းတစ်ခု ဖြစ်ပါသည်။

    ကိုယ်ဝန်မရှိခင်နှင့် ရှိနေစဉ်တွင် ဖောလစ်အက်စစ် အလုံအလောက် ရရှိခြင်းသည် သင့်ကလေး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ နေ့မစေ့လမစေ့၊ ပေါင်မပြည့်မွေးခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ သန္ဓေသားကြီးထွားမှုနှေးခြင်း၊ ဦးနှောက်နှင့် အာရုံကြောချို့ယွင်းချက်ပါခြင်းတို့မှ ကာကွယ်ပေးပါသည်။

    ကိုယ်ဝန်ဆောင်စဉ် ဖောလစ်အက်စစ် ဘယ်လောက် လိုအပ်သလဲ။

    ကျွမ်းကျင်သူများက ကလေးတွင် မွေးရာပါချို့ယွင်းမှု မဖြစ်စေရန် ကိုယ်ဝန်မဆောင်ခင် အနည်းဆုံးတစ်လ ကြိုပြီး ဖောလစ်အက်စစ်ကို တစ်နေ့ကို 400 mcg နေ့စဉ် သောက်ဖို့ အကြံပေးပါသည်။

    အချို့ကိစ္စများတွင် မမျှော်လင့်ဘဲ ကိုယ်ဝန်ရရှိသွားတာမျိုးလည်း ရှိနိုင်ပါသည်။ ထို့ကြောင့် ကျွမ်းကျင်သူအချို့က မျိုးပွားနိုင်သော အရွယ်ရောက်ပြီးသား အမျိုးသမီးအားလုံး ဖောလစ်အက်စစ်ကို နေ့စဉ် 400 mcg သောက်သင့်ကြောင်း အကြံပြုကြသည်။ အချို့ကတော့ ကိုယ်ဝန်ရှိသွားလျှင် ဖောလစ်အက်စစ် တစ်ရက်ကို အနည်းဆုံး 600 mcg တိုးသောက်ဖို့ အကြံပြုကြသည်။

    ကိုယ်ဝန်ဆောင်ချိန်တွင် ဖောလစ်အက်စစ်လုံလောက်စွာ ရရှိကြောင်း သေချာစေရန် အားဆေးအညွှန်းကို ဖတ်ကြည့်ပါ။ အကယ်၍ အားဆေးတွင် ဖောလစ်အက်စစ် မပါလျှင် အားဆေးအခြားတစ်မျိုး ပြောင်းသောက်ပါ (သို့) ဖောလစ်အက်စစ်သီးသန့် သောက်ပါ။ ကိုယ်ဝန်ဆောင် အားဆေးကို သောက်နေလျှင်တော့ ထိုဆေးများတွင် ဖောလစ်အက်စစ်800 မှ 1000 mcg ပါဝင်နိုင်သည်။

    ဆရာဝန်မညွှန်ဘဲ တစ်ရက်ကို ဖောလစ် အက်စစ် 1000 mcg ထက် ပိုမသောက်ပါနဲ့။ ထိုကိစ္စသည် သက်သတ်လွတ်သမားများအတွက် ပိုအရေးကြီးပါသည်။ သက်သတ်လွတ်သမားများသည် ဗီတာမင် ဘီ12 ချို့တဲ့နိုင်ခြေ များပါသည်။ ထိုချို့တဲ့မှုသည် ဖောလစ်အက်စစ်သောက်တာ များပါက ရှာဖွေတွေ့ရှိဖို့ ခက်ခဲပါသည်။

    ဘယ်အချိန်မှာ ဖောလစ်အက်စစ်အပိုထပ်ဆောင်း လိုအပ်သလဲ။

    သိသိသာသာ အဝလွန်နေသော အမျိုးသမီးများကို ဖောလစ်အက်စစ်တစ်ရက်ကို 400 mcg ထက် ပိုသောက်ဖို့ အကြံပေးတတ်ပါသည်။

    အကယ်၍ သင့်အရင် ကလေးတွင် ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကြီး မွေးရာပါ ချို့ယွင်းမှု (neural tube defect) ရှိလျှင် သင့်ဆရာဝန်က သင့်ကို ဖောလစ် အက်စစ် တစ်ရက်လျှင် 4,000 mcg သောက်ခိုင်းနိုင်ပါသည်။

    သင်သည် အမြွှာ ကိုယ်ဝန်လွယ်ထားလျှင်တော့ တစ်ရက်ကို ဖောလစ် အက်စစ် 1,000 mcg သောက်ရနိုင်ပါသည်။

    ထို့ကြောင့် သင်ကိုယ်ဝန်မဆောင်ခင် ကြိုပြီး ဆရာဝန်နဲ့ ရက်ချိန်းယူပြသထားပါ။ သို့မှသာ သင်သောက်ရမည့် ဖောလစ်အက်စစ်ပမာဏကို တိတိကျကျ သိရှိမည် ဖြစ်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Baby center. Folic acid: Why you need it before and during pregnancy. http://www.babycenter.com/0_folic-acid-why-you-need-it-before-and-during-pregnancy_476.bc. Accessed: November 23 2016
    Webmd. Folic Acid and Pregnancy. http://www.webmd.com/baby/folic-acid-and-pregnancy#1-2. Accessed: November 23 2016

    စာရေးသူ ဓာတ်ပုံbadge
    Dr. K Zin Thwe မှ ရေးသားသည်။ 20/06/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။