backup og meta

မွေးဖွားရန်ဗိုက်နာခြင်းနှင့် သာမန်အနာပြခြင်းကို ဘယ်လိုခွဲမလဲ


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 05/11/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မွေးဖွားရန်ဗိုက်နာခြင်းနှင့် သာမန်အနာပြခြင်းကို ဘယ်လိုခွဲမလဲ

    ကလေးမီးဖွားဖို့အချိန်မရောက်ခင်မှာ အမှန်မဟုတ်တဲ့ ဗိုက်နာမှုလေးတွေရတတ်တယ်။ ဒါကို “အနာပြတယ်” လို့လည်းခေါ်တတ်ကြတယ်။ ဒါဟာ ကလေးမွေးဖွားရန် သင့်ခန္တာကိုယ်ရဲ့ ပြင်ဆင်မှုတွေဖြစ်သည်။ ၎င်းသည် မွေးဖွားမှုစတင်နေတဲ့ လက္ခဏာတစ်ခု မဟုတ်ပါဘူး။ စတင်ဖို့ အဆင်သင့်ဖြစ်အောင်ပြင်ဆင်မှု တစ်ခုသာဖြစ်ပါတယ်။

    ကိုယ်ဝန်အနာပြခြင်းဟာဘယ်လိုခံစားရသလဲ

    တချို့အမျိုးသမီးတွေက ကိုယ်ဝန်အနာပြတာဟာ ဝမ်းဗိုက်မှာတင်းကြပ်တဲ့ခံစားမှုမျိုးဖြစ်ပေါ်လာပြီး ပျောက်သွားတာလို့ဆိုကြပါတယ်။ အမျိုးသမီးအများစုကတော့ အနာပြခြင်းဟာ ဓမ္မတာလာစဉ်ခံစားရတတ်တဲ့ ဗိုက်အောင့်မှု၊ နာကျင်မှုလိုမျိုးလို့ဆိုကြပါတယ်။ ကိုယ်ဝန်အနာပြခြင်းဟာ သက်တောင့်သက်သာတော့မရှိနိုင်ပေမယ့် ဒါဟာ ကလေးမီးဖွားဖို့၊ သားအိမ်ပွင့်ဖို့ဆီ ဦးတည်နေတာမျိုးတော့လည်းမဟုတ်ပါဘူး။

    ကလေးမွေးဖွားဖို့နာကျင်တာမျိုးနဲ့မတူဘဲ ကိုယ်ဝန်အနာပြတာဟာ…

    • ပုံမှန်အားဖြင့်တကယ်နာကျင်မှုမခံစားရခြင်း
    • နာချိန်တစ်ချိန် နဲ့ တစ်ချိန်ကြား ကွာခြားချက်ပုံမှန်မဟုတ်ခြင်း
    • တစ်ကြိမ်နှင့်တစ်ကြိမ် အချိန်နီးကပ်လာမှုမရှိခြင်း
    • လှုပ်ရှားမှု၊ နေထိုင်မှုပုံစံပြောင်းလဲလိုက်ပါက ပျောက်သွားတတ်ခြင်း
    • ဆက်လက်ဖြစ်ပေါ်နေတတ်သော်လည်း အချိန်ကြာမြင့်လာမှုမရှိခြင်း
    • တစ်ကြိမ်နှင့် တစ်ကြိမ် ပိုမိုနာကျင်လာမှုမရှိခြင်း

    ကိုယ်ဝန်အနာပြတာကို ကိုယ်ဝန်ဆောင်ကာလရဲ့ တတိယသုံးလပိုင်း သို့မဟုတ် အစောဆုံးအနေနဲ့ ကိုယ်ဝန်ဒုတိယသုံးလပိုင်းလောက်မှာ စတင်ခံစားရတတ်ပြီး ပုံမှန်အဖြစ်အပျက်ဖြစ်သောကြောင့် စိုးရိမ်စရာမရှိပါဘူး။

    ဒါကြောင့် အနာပြတဲ့အခါ ဘာမှလုပ်စရာမလိုသော်လည်း သက်တောင့်သက်သာမရှိဘဲ မအီမသာဖြစ်ပါက

    • လမ်းလျှောက်ပါ။ ကိုယ်ဝန်အနာပြခြင်းဟာ နေထိုင်မှုပုံစံပြောင်းလဲလိုက်လျှင်၊ မတ်တပ်ရပ်လိုက်လျှင်ကောင်းသွားတတ်ပါတယ်။
    • အကယ်၍ လှုပ်ရှားနေတာဆိုလျှင်တော့ ခဏတဖြုတ်အနားယူလိုက်၊ အိပ်စက်လိုက်ပါ။
    • ရေနွေးနွေးလေးနှင့်ချိုးပြီး ဖြေလျှော့ထားပါ။
    • ညင်သာစွာအနှိပ်ခံပါ။

    မွေးဖွားခြင်းမဟုတ်သော ဗိုက်နာခြင်း

    သင့်ဝမ်းဗိုက်ဘေးဘက်ဆီက စူးရှတဲ့နာကျင်မှုတစ်မျိုးဟာ အရွတ်နာကျင်ခြင်းလည်းဖြစ်နိုင်ပါတယ်။ သင့်တင်ပါးဆုံရိုးနှင့် ချိတ်တွယ်ထားပြီး သင့်သားအိမ်ကိုထောက်ပံ့ပေးထားတဲ့ အရွတ်ကြောင့်ခံစားရတဲ့နာကျင်မှုပါ။ ထိုအရွတ်တွေဟာ သားအိမ်ကြီးလာတာနဲ့အမျှ ဆွဲဆန့်ခံလိုက်ရတယ်။ နာကျင်မှုက ပေါင်ခြံ တွင်လည်းခံစားရတတ်ပါတယ်။

    ထိုအရွတ်နာကျင်မှုက လှုပ်ရှားမှုတွေဖြစ်တဲ့ မတ်တပ်ရပ်တာ လှိမ့်လိုက်တာမျိုး၊ ခေါင်းဆိုးတာ၊ နှာချေတာ ဒါမှမဟုတ် ဆီးသွားတဲ့အခါမျိုးတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။

    နံဘေးဘက်ဆီကမအီမသာဖြစ်ခြင်းကို ဘယ်လိုလျော့စေမလဲ

    • နေထိုင်နေတဲ့ပုံစံပြောင်းပါ၊ တခြားတစ်ဖက်ကိုစောင်းပြီးအိပ်လိုက်တာမျိုးက သက်သာစေနိုင်ပါတယ်။
    • မတ်တပ်ရပ်တဲ့အခါ အိပ်နေရာကတစ်ဖက်ကို လှိမ့်တဲ့အခါမျိုးမှာ ဝမ်းဗိုက်ကို ထိန်းပြီးမှ ဖြေးဖြေးချင်းလှုပ်ရှားပါ။
    • အနားယူပါ။ ရေနွေးနှင့်ရေချိုးခြင်း၊ သို့မဟုတ် ရေနွေးအိတ်ကပ်ခြင်းက အကူအညီဖြစ်စေပါလိမ့်မယ်။

    ခံစားနေရတဲ့ သားအိမ်ကျုံ့မှု နာကျင်မှုတွေဟာ မီးဖွားရန်ဟုတ်မဟုတ် အောက်ပါမေးခွန်းတွေနဲ့ ဆန်းစစ်နိုင်ပါတယ်။

    သားအိမ်ကျုံ့ခြင်းတွေက အချိန်ဘယ်လောက်ကွာပြီးဖြစ်ပွားတတ်လဲ

  • ကိုယ်ဝန်အနာပြခြင်း : အချိန်မှန်မဟုတ်သလို တစ်ကြိမ် နဲ့ တစ်ကြိမ် အချိန်နီးကပ်လာတာမျိုးမရှိပါ။
  • မွေးဖွားရန်နာကျင်ခြင်း : အချိန်အကွာအဝေးမှန်ကန်တတ်ပြီး တစ်ကြိမ်တွင် စက္ကန့် ၃၀ မှ ၇၀ ထိကြာမြင့်နိုင်ပါတယ်။ အချိန်ကြာလာတာနှင့်အမျှ တစ်ကြိမ်နှင့်တစ်ကြိမ် နီးကပ်လာပြီး နာကျင်မှုပိုဆိုးလာပါတယ်။
  • လှုပ်ရှားမှုနှင့်ဆက်နွယ်နေသလား

    • ကိုယ်ဝန်အနာပြခြင်း: လမ်းလျှောက်လိုက်တဲ့အခါ သို့မဟုတ် နားလိုက်တဲ့အခါ သက်သာသွားတတ်ပါတယ်။
    • မွေးဖွားရန်နာကျင်ခြင်း : မည်သို့ပင်နေထိုင်မှုပုံစံပြင်ဆင်ပါစေ၊ လှုပ်ရှားပါစေ၊ အနားယူပါစေ ဆက်လက်နာကျင်နေတတ်သည်။

    နာကျင်မှုဘယ်လောက်ဆိုးတတ်သလဲ

    • ကိုယ်ဝန်အနာပြခြင်း : ပုံမှန်အားဖြင့် အားနည်းတတ်ပြီး ပိုဆိုးလာတာမျိုးမရှိပါ၊ ဒါမှမဟုတ် အစပိုင်းတွင် နာကျင်နိင်သော်လည်း နောက်ပိုင်းတဖြည်းဖြည်း သက်သာသွားပါသည်။
    • မွေးဖွားရန်နာကျင်ခြင်း : တဖြည်းဖြည်း နဲ့ပိုပိုဆိုးလာပါတယ်။

    ဘယ်နေရာကနာတာလဲ

    • ကိုယ်ဝန်အနာပြခြင်း : နာကျင်မှုက ဝမ်းဗိုက် ဒါမှမဟုတ် တင်ပါးဆုံရှေ့နားတွင်ဖြစ်ပြီး
    • မွေးဖွားရန်နာကျင်ခြင်း : နာကျင်းခြင်းပိုပိုဆိုးလာကာ သင့်ကျောဘက်အောက်နားမှစပြီး ဝမ်းဗိုက်အရှေ့ဘက်ကိုရွေ့လာပါတယ်။ ဒါမှမဟုတ် ရှေ့ဘက်မှစတင်ကာ နောက်ဖက်သို့ရွေ့သွားပါတယ်။

    အကယ်လို့ သင်ဟာ မည်သည့်နာကျင်မှုမှန်း မသေချာလျှင်တော့ ကျန်းမာရေး စောင့်ရှောက်သူဆီအကြောင်းကြားသင့်ပါတယ်

    ထိုသူတွေက အချိန်မရွေးဆက်သွယ်လို့ရနိုင်သူတွေဖြစ်ရပြီး မွေးဖွားရန်နာကျင်ခြင်းဟုတ်မဟုတ် သင့်စိုးရိမ်စိတ်နဲ့ပတ်သတ်လို့ သင့်မေးခွန်းတွေကိုပြန်ဖြေနိုင်သူလည်းဖြစ်ရပါမယ်။ ဆက်သွယ်ဖို့ကိုမတွန့်ဆုတ်ပါနဲ့။ သင့်ကျန်းမာရေးစောင့်ရှောက်သူတွေက သင့်ကိုမေးခွန်းတချို့မေးပြီး အကဲဖြတ်ပေးပါလိမ့်မယ်။

    သတိထားရမည့်အချက်များ

    • သွေးဆင်းခြင်း
    • အရည်ဆက်တိုက်ဆင်းခြင်း သို့မဟုတ် ရေမြွှာပေါက်ခြင်း

      (အရည်များရုတ်တရက် တရဟောဆင်းလာခြင်းဖြစ်နိုင်သလို တစိမ့်စိမ့်စီးကျတာလည်းဖြစ်နိုင်ပါတယ်။)

    • တစ်နာရီအတွင်း နာကျင်မှု ၅ မိနစ်တစ်ခါရခြင်း
    • သည်းမခံနိုင်လောက်အောင်နာကျင်လာခြင်း
    • ကလေးအနေအထား သိသိသာသာပြောင်းသွားခြင်း သို့မဟုတ် ၂ နာရီအတွင်း ကလေးတိုးခြင်း ၁၀ ကြိမ်အောက် လျော့နည်းနေခြင်း
    • ကိုယ်ဝန်ဆောင်ချိန် ၃၇ ပတ်မရောက်ခင် မီးဖွားမည့်လက္ခဏာများပေါ်လာခြင်း

      အထက်ပါ လက္ခဏာများဖြစ်ပေါ်လာပါက

    အချိန်မရွေး သေချာပေါက်ကျန်းမာရေးစောင့်ရှောက်သူတွေထံ အကြောင်းကြားရပါမည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 05/11/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement