brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မိန်းမကိုယ်ကို နှိပ်နယ်ခြင်း (Vagina massage) ဟာ ကလေးမွေးဖွားစဉ် နာကျင်မှုကိုလျှော့ပေးနိုင်ပါတယ်။

ကလေးမွေးဖွားစဉ်မှာ မိခင်လောင်းတွေဟာ သူတို့ရင်ဆိုင်ရမယ့် နာကျင်မှုတွေအကြောင်း ကြားထားပြီးဖြစ်နေပါလိမ့်မယ်။ မွေးဖွားစဉ်နာကျင်မှုတွေထဲမှာမှ ကိုယ်ဝန်ဆောင်အမျိုးသမီး ၅၀ ရာခိုင်နှုန်း နဲ့အထက်ဟာ မိန်းမကိုယ်တစ်ဝိုက်မှာရှိတဲ့ နူးညံ့တဲ့တစ်ရှူးတွေရဲ့ အတွင်းပိုင်းနာကျင်မှုကို ခံစားကြရပါတယ်။ လတ်တလောမှာတော့ မိန်းမကိုယ်နှိပ်နယ်ခြင်း(vaginal massage) နည်းလမ်းဟာ ကလေးမွေးဖွားစဉ်နာကျင်မှုတွေကို ငွေကြေးကုန်ကျမရှိဘဲ လျှော့ချစေနိုင်မယ့် ထိရောက်တဲ့နည်းလမ်းတစ်ခုအနေနဲ့ လက်ခံလာကြပါပြီ။

မိန်းမကိုယ်ကို နှိပ်နယ်ခြင်း (Vagina massage) ဟာ ကလေးမွေးဖွားစဉ် နာကျင်မှုကိုလျှော့ပေးနိုင်ပါတယ်။

မိန်းမကိုယ်နှိပ်နယ်ခြင်း(Vaginal massage) ဆိုတာဘာလဲ။

Vaginal massage ဆိုတာ မွေးဖွားစဉ်ကာလအတွင်းမှာ မိန်းမကိုယ်ကြွက်သားတွေနဲ့ perineum (မိန်းမကိုယ်နဲ့စအိုကြားကြွက်သား)တွေကို ပြေလျော့စေဖို့ရည်ရွယ်တဲ့ လေ့ကျင့်မှုပါ။ သဘာဝအတိုင်းမွေးဖွားမယ့် ကိုယ်ဝန်ဆောင်တွေဟာ ကလေးအပြင်ရောက်လာဖို့အတွက် မိန်းမကိုယ်ကြွက်သားတွေပိုပြီးဆန့်ထုတ်နိုင်ဖို့လိုအပ်တာကို တွေ့ကြရပါတယ်။ မွေးဖွားမယ့်နေ့မတိုင်မီ perineum (မိန်းမကိုယ်နဲ့စအိုကြားကြွက်သား) ကိုနှိပ်နယ်ပေးခြင်းဟာ သဘာဝအတိုင်းမမွေးဖွားဖူးတဲ့အမျိုးသမီးတွေကိုတောင် မွေးဖွားစဉ်နာကျင်မှုနဲ့ စုတ်ပြဲမှုဖြစ်နိုင်ချေတွေကို လျှော့ချပေးနိုင်တာကိုတွေ့ရမှာပါ။ ကိုယ်ဝန်ဆောင်တွေဟာ မိန်းမကိုယ်နှိပ်နယ်ခြင်း (vaginal massage) ကိုပုံမှန်လုပ်ပေးမယ်ဆိုရင်မွေးလမ်းကြောင်းချဲ့ရခြင်း ကို ရှောင်လွှဲနိုင်ပါတယ်။

မိန်းမကိုယ်နှိပ်နယ်ခြင်း (Vaginal massage) ကိုဘယ်လိုလုပ်ရမလဲ။

သင့်ရဲ့ မိန်းမကိုယ်အတွင်းကို နှိပ်နယ်ပေးရမှာဖြစ်သော်လည်း အပြင်ဘက်အရေပြားမှာပါ ပြေလျော့စေတဲ့သက်ရောက်မှု ကိုခံစားရနိုင်ပါတယ်။ လုပ်ရမယ့်အဆင့်တွေကတော့။

•လက်ကိုဆေးပါ။ လက်သည်းတွေ တိုနေအောင် ညှပ်ထားပါ။ ဒါကသင့်ကိုပိုပြီး သက်တောင့်သက်သာရှိစေပြီး ပိုးဝင်ခြင်းမဖြစ်အောင်လည်း လုပ်ပေးနိုင်ပါတယ်။

•နှိပ်နယ်ဖို့ သက်တောင့်သက်သာဖြစ်မယ့် အနေအထားကို ရှာပါ။ သင်က ထိုင်နေရင်းဖြစ်စေ၊ လှဲနေရင်းဖြစ်စေ၊ ဒါမှမဟုတ် ခုံပေါ်ခြေထောက်တစ်ဖက်တင် ရပ်ရင်း ဖြစ်စေ နှိပ်ပေးနိုင်ပါတယ်။

•ဗီတာမင်အီး၊ သံလွင်ဆီ စသကဲ့သို့သော ဟင်းရွက်ဆီ (vegetable oil)တွေကိုပြင်ဆင်ပါ။ အဆီတွေကို လက်ချောင်းတွေနဲ့ လက်မပေါ်တင်ပြီး မိန်းမကိုယ်တစ်ဝိုက်ကို ညင်သာစွာနှိပ်နယ်ပေးပါ။

•ပထမဆုံး လက်မကို မိန်းမကိုယ်တွင်းထည့်ပြီး perineum ဆီသို့ ခပ်တင်းတင်းလေးဖိပြီးသွားပါ။ မိန်းမကိုယ်ဘေးနံရံတွေမှာ ခပ်စူးစူးခံစားမှုဖြစ်လာသည်ထိ တစ်ခါထပ်လုပ်ပေးပါ။

•ပီးသွားရင် U ပုံသဏ္ဍာန်လှုပ်ရှားမှုအတိုင်း မိန်းမကိုယ်ကိုနှိပ်နယ်ပေးပါ။ မိန်းမကိုယ်အောက်ပိုင်းမှ perineum ထိ တဖြည်းဖြည်းချင်း နှိပ်နယ်ပေးပါ။

•နှိပ်စမှာ တစ်မိနစ်ခန့်နှိပ်နယ်ခြင်းဖြင့် အစပြုပြီး ကျင့်သားရလာတဲ့အခါမှာ အချိန်ကို ၅မိနစ်အထက်ထိ တိုးပါ။

ကိုယ်ဝန်ဆောင်ကာလ ၃၄ပတ်မြောက်မှာ မိန်းမကိုယ်နှိပ်နယ်ခြင်း ( vaginal massage )ကိုစတင်နိုင်ပြီး အကောင်းဆုံးရလဒ်ကိုရရှိနိုင်ဖို့ တစ်ပတ်လျှင်အနည်းဆုံး၁ကြိမ်လုပ်ပါ။ ဒါပေမယ့် တစ်ပတ်ကို ၂ကြိမ်ထက်ပိုပြီးနှိပ်နယ်ခြင်းကတော့ မွေးလမ်းကြောင်းချဲ့ ရနိုင်ချေ ပိုလျှော့ချပေးမှာမဟုတ်ပါဘူး။ နည်းမှန်လမ်းမှန်ဖြစ်ဖို့က ပိုအရေးကြီးပါတယ်။ ရက်သတ္တပတ်အနည်းငယ်လောက် vaginal massage ကို လုပ်ဆောင်ပြီးတဲ့အခါမှာ မိန်းမကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ ကြွက်သားနဲ့ အရေပြားတစ်ရှူးတွေဟာ ပိုပြီးပျော့ပျောင်းကာလျော့လာတာကို တွေ့ရမှာပါ။ ဒါတွေက သင့်လေ့ကျင့်မှုရဲ့ ကောင်းမွန်တဲ့ရလဒ်ကို ပြသနေတာပါပဲ။

ပုံမှန်လုပ်ဆောင်ပေးခြင်းအားဖြင့် မိန်းမကိုယ်နှိပ်နယ်ခြင်း (vaginal massage) ဟာ မိန်းမကိုယ်တစ်ရှူးတွေကို ပျော့ပျောင်းစေခြင်း၊ ကျုံ့နိုင်ဆန့်နိုင်စွမ်း ပိုမိုကောင်းမွန်စေခြင်း၊ perineum (မိန်းမကိုယ်နဲ့စအိုကြားကြွက်သား) ရဲ့ ဆွဲဆန့်နိုင်စွမ်းကိုမြှင့်တင်ပေးခြင်း စတာတွေဖြစ်လာစေပါတယ်။ ဒါက ကလေးမွေးဖွားစဉ်မှာ စုတ်ပြဲမှုဖြစ်ခြင်းကိုလျော့ကျစေနိုင်ပြီး မွေးလမ်းကြောင်းချဲ့ ရတာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ မိခင်လောင်းတွေဟာ ကလေးမွေးဖွားစဉ်မှာ သူတို့ရဲ့ တင်ပါးဆုံအောက်ပိုင်းကြွက်သားတွေ(pelvic floor muscles) ဟာပိုပြီး သက်တောင့်သက်သာရှိပြီး ခံနိုင်ရည်ရှိနေတာကို တွေ့ရမှာပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Wathun Myat Chal · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။