ဗိုက်ကြောပြတ် ရာတွေ ပျောက်အောင် ဘယ်လိုလုပ်ကြမလဲ။
ကိုယ်ဝန်ဆောင်ချိန်မှ ဗိုက်ကြောပြတ်ရာတွေ ပေါ်လာပြီ ဆိုတာနဲ့ အောက်က နည်းလမ်းတွေ သုံးလို့ ရပါပြီ။ ကိုယ်ဝန်ဆောင်တွေ သုံးမှာ ဖြစ်တဲ့ အတွက် လွယ်ကူတဲ့နည်းလမ်းတွေကိုပဲ ပြောပြပေးပါ့မယ်။
အရေပြား ပြဿနာဆိုတာနဲ့ ရှားစောင်းလက်ပပ်က မပါမဖြစ်ပါပဲ။ ရှားစောင်းလက်ပပ် အနှစ်ကို ယူပြီး အကြောပြတ်တဲ့ နေရာကို လိမ်းပြီး အသာအယာ နှိပ်နယ်ပေးပါ။ မိနစ် ၂၀လောက်နေရင် ရေနွေးနွေးနဲ့ ဆေးချပါ။ ဒါကို နေ့တိုင်းနီးပါး လုပ်ပေးနိုင်ရင် တဖြည်းဖြည်း မှိန်သွားမှာပါ။
ကိုကိုးလ်ထောပတ်က အကြောပြတ်ရာတွေ အတွက်တော့ ဆရာပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာရော ကလေးမွေးပြီးရင်ရော သေချာလိမ်းပေးမယ်ဆိုရင် အကြောပြတ်ရာတွေ ပါးသွားတာကို တွေ့ရမှာပါ။ ညအိပ်ခါနီးရင် လိမ်းအိပ်ပြီး မနက်ထိထားလိုက်တာက ပိုပြီး ထိရောက်ပါတယ်။
သံပုရာသီးရဲ့ အက်စစ်ဓာတ်က အမာရွတ်တွေကို မှေးမှိန်စေတဲ့ သတ္တိရှိပါတယ်။ သခွားသီး ကတော့ အရေပြားကို အေးမြစေပါတယ်။ ဒါကြောင့် သံပုရာရည်နဲ့ သခွားသီးအရည်ကို ဆတူရောပြီး အကြောပြတ်တဲ့ နေရာကို လိမ်းပေးပါ။ ၁၀မိနစ်လောက်နေရင် ရေနွေးနွေးလေးနဲ့ ဆေးချပါ။
ဗာဒံစေ့ရဲ့ အဆီဖြစ်ဖြစ်၊ အမှုန့်ဖြစ်ဖြစ်ကို အုန်းဆီနဲ့ ဆတူရောလိုက်ပါ။ အကြောပြတ်တဲ့ နေရာကို စိမ့်ဝင်အောင် လိမ်းပြီး ခဏကြာရင် ရေဆေးချပါ။ သဘာဝပစ္စည်းတွေ ဖြစ်လို့ ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။
ကြက်ဆူဆီက အကြောပြတ်ကို သက်သာစေတဲ့အပြင် အရေပြားကို အားဖြည့်ပြီး အစိုဓာတ်ကို ထိန်းပေးပါတယ်။ အရေပြားကို နူးညံ့စေပြီး ရေရှည်လိမ်းမယ်ဆိုရင် မှိန်သွားမှာပါ။
အပေါ်မှာ ပြောထားတဲ့ နည်းလမ်းတွေက သဘာဝနည်းလမ်းတွေပဲ မို့လို့ ကိုယ်ဝန်ဆောင်တွေ စိတ်ချ လက်ချ သုံးလို့ရပါတယ်။ ဘယ်နည်းလမ်းပဲ ဖြစ်ဖြစ် ရေရှည်လိမ်းမယ်ဆိုရင် သိသာတဲ့ ရလဒ်ရမှာပါ။
အကြောပြတ်ရာကို ဘယ်လို ကာကွယ်ကြမလဲ။
စိတ်မကောင်းတာက အကြောပြတ်ရာကို ကာကွယ်လို့ မရပါဘူး။ နည်းလမ်းပေါင်းစုံ ပြောနေကြပေမယ့် လက်ရှိမှာတော့ သိပ္ပံနည်းကျအတည်ပြုထားတဲ့ နည်းမရှိသေးပါဘူးတဲ့။ ဒါပေမယ့် ဖြစ်လာရင်တော့ အပေါ်က နည်းလမ်း အတိုင်း သက်သာအောင် လုပ်လို့ရပါတယ်။
ဗိုက်ကြောပြတ် တာတွေက ဘယ်အချိန်လောက်ဆို ပျောက်မှာလဲ။
အချိန်တော့ ယူရမှာပါ။ ဗိုက်ကြောပြတ်ရာတွေက လုံးဝပျောက်သွားတာမျိုး မဟုတ်ပါဘူး၊၊ မှိန်ပြီး မသိသာတာပဲ ရှိပါတယ်၊၊
ကံကောင်းတာက ကလေးမွေးပြီးသွားရင် အကြောပြတ်ရာတွေက အထိုက်အလျောက်တော့ မှိန်သွားပါတယ်။ အသားနဲ့ ရောသွားလို့ သိပ်မသိသာတော့ပါဘူး။ အပေါ်က နည်းလမ်းတွေပါ လိုက်လုပ်ရင်တော့ ပိုပြီး မှိန်သွားနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။