backup og meta

ကိုယ်ဝန်ဆောင်ချိန်စားသင့်သော အသီးအနှံများ

ကိုယ်ဝန်ဆောင်ချိန်စားသင့်သော အသီးအနှံများ

ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးအတွက် အာဟာရဖြစ်မဖြစ်ဆိုတာ မိခင်စားသမျှပေါ် မူတည်ပါတယ်။ ဒါကြောင့်မို့ ကိုယ်ဝန်ဆောင်မိခင်လောင်းများအနေနဲ့ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ အပါအဝင် အာဟာရမျှတအောင် ရွေးချယ်စားသုံးနိုင်ဖို့ အရေးကြီးပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ စားသုံးပြီး အသင့်စားအစားစာတွေကို တတ်နိုင်သလောက် ရှောင်ရှားဖို့ လိုအပ်ပါတယ်။ များသောအားဖြင့် ကိုယ်ဝန်ရှိချိန်မှာ အသင့်စားသရေစာတွေ စားသုံးတတ်ကြတာ များပါတယ်။ ဒါဟာ ကျန်းမာရေးအတွက် မကောင်းတဲ့ အမူအကျင့် ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ချိန်စားသင့်သော အသီးအနှံများ အကြောင်းလေး ပြောပြပေးချင်ပါတယ်။

အသီးအနှံများဟာ အာဟာရပြည့်ဝစွာ ပါဝင်တာ များပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ လုံလောက်အောင်စားရင် ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ကာလမှာ ကြုံရတတ်တဲ့ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။

ယခုဆက်လက်ဖော်ပြသွားမှာကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးပေးသင့်တဲ့ အသီးအနှံများအကြောင်းပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်စားသင့်သော အသီးအနှံများ

ကိုယ်ဝန်ဆောင်ချိန်စားသင့်သော အသီးအနှံများ ကတော့

၁။ လိမ္မော်သီး

လိမ္မော်သီးဟာ သင့်ကို ရေဓာတ်ပြည့်ဝနေအောင် ကူညီပေးနိုင်ပါတယ်။ ဖောလိတ်ဓာတ်လည်း ကောင်းစွာ ကြွယ်ဝပါတယ်။ ဖောလိတ်ဟာ ဗီတာမင်ဘီတမျိုးဖြစ်ပြီး မွေးလာမယ့်ကလေးတွေမှာ ဦးနှောက်နဲ့ အာရုံကြောတွေကို ချို့ယွင်းမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ ဗီတာမင်စီကြွယ်ဝပါတယ်။ ဗီတာမင်စီဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး ဆဲလ်တွေမပျက်စီးရအောင် ကာကွယ်ပေးပါတယ်။ သံဓာတ်ကို စုပ်ယူရာမှာလည်း အထောက်အကူပြုပါတယ်။

၂။ သရက်သီး

သရက်သီးဟာလည်း ဗီတာမင်စီ ကြွယ်ဝပါတယ်။ သရက်သီးတခွက်စာမှာ တနေ့တာလိုအပ်တဲ့ ဗီတာမင်စီရဲ့ တစ်ဝက်လောက်ပါဝင်ပါတယ်။ သရက်သီးမှာ ဗီတာမင်အေလည်း ကြွယ်ဝပါတယ်။ မွေးခါစမှာ ဗီတာမင်အေ ချို့တဲ့ရင် ကိုယ်ခံစွမ်းအားနည်းပြီး ဝမ်းပျက်လွယ်ခြင်း၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သရက်သီးဟာ ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးသင့်တဲ့ အသီးအနှံ ဖြစ်ပါတယ်။

၃။ ထောပတ်သီး

ထောပတ်သီးမှာ ဖောလိတ်ဓာတ်ဟာ တခြားအသီးတွေထက် ပိုမိုပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင်စီ၊ ဗီတာမင်ဘီ၊ ဗီတာမင်ကေ၊ အမျှင်ဓာတ်၊ ကိုလင်း၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် စတာတွေလည်း ကြွယ်ဝပါတယ်။

သံဓာတ်လည်း ကြွယ်ဝပါတယ်။ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့အတွက် ကိုယ်ဝန်ဆောင်ကာလမှာ ဖြစ်တတ်တဲ့ ပျို့အန်ခြင်းကို သက်သာစေပါတယ်။ ပိုတက်ဆီယမ်ဟာ ခြေထောက်ကြွက်သားများ ကြွက်တက်ခြင်းကို သက်သာစေပါတယ်။ ကိုလင်း (Choline) ဟာ ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောဖွံ့ဖြိုးကြီးထွားမှုအတွက် အရေးကြီးပါတယ်။ ကိုလင်းဓာတ် ချို့တဲ့ရင် အာရုံကြောဖွဲ့စည်းဖြစ်ပေါ်ရာမှာ ချို့ယွင်းပြီး တသက်တာ မှတ်ဉာဏ်ချို့ယွင်းသွားနိုင်ပါတယ်။

၄။ သံပုရာသီး

သံပုရာရည်သောက်ခြင်း၊ သံပုရာသီးအနံ့ရှူခြင်း စတာတွေဟာ ကိုယ်ဝန်ဆောင်ကာလမှာဖြစ်တတ်တဲ့ ပျို့အန်ချင်စိတ်ကို သက်သာစေပါတယ်။ သံပုရာသီးမှာ ဗီတာမင်စီလည်း ကြွယ်ဝပြီး ကိုယ်ခံစွမ်းအားကို မြင့်တက်တက်စေပါတယ်။ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ ဒါပေမယ့် သွားများရဲ့ အပေါ်ယံကြွေလွှာတွေကို တိုက်စားနိုင်တဲ့အတွက် စားသုံးပြီးရင်တော့ ပလုတ်ကျင်းသင့်ပါတယ်။

၅။ ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်ဆီယမ် ကြွယ်ဝပါတယ်။ ဗီတာမင် B6၊ ဗီတာမင် C နဲ့ အမျှင်ဓာတ် ကြွယ်ဝပါတယ်။ ငှက်ပျောသီးမှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ ဗီတာမင် B6 ဟာ ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းမှာ ဖြစ်တတ်တဲ့ ပျို့အန်ချင်စိတ်ကို သက်သာစေပါတယ်။

၆။ ဘယ်ရီသီး

ဘယ်ရီသီးမှာ ကာဘိုဟိုက်ဒရိတ်၊ ဗီတာမင် စီ၊ အမျှင်ဓာတ်နဲ့ ဖောလိတ်ဓာတ်ကြွယ်ဝပါတယ်။ အပင်များမှာပဲ ရရှိနိုင်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ flavonoids နဲ့ anthocyanins ကြွယ်ဝပါတယ်။ အကယ်၍ ဆီးချိုသာမရှိဘူးဆိုရင် ကာဘိုဟိုက်ဒရိတ်ဟာ ကိုယ်ဝန်ဆောင်ကာလမှာ ကယ်လိုရီကောင်းကောင်းရဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်။

ဘယ်ရီသီးကနေ ရတဲ့ ကာဘိုဟိုက်ဒရိတ်ဓာတ်ကို ဒိုးနတ်မုန့်၊ ကိတ်မုန့်၊ ကွတ်ကီး စတာတွေကနေရရှိတဲ့ အဆင့်ဆင့်ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်များထက် ပိုမိုစားသုံးဖို့ အရေးကြီးပါတယ်

၇။ ပန်းသီး

ပန်းသီးမှာ အမျှင်ဓာတ်အပြင် ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ ပိုတက်ဆီယမ်တို့ ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ပန်းသီးကို ပုံမှန်စားသုံးပေးခြင်းဟာ အစာခြေစနစ်ကျန်းမာရေးအတွက် ကောင်းပါတယ်။

အသီးတော်တော်များများကို ကိုယ်ဝန်ဆောင်ချိန်မှာ စားပေးနိုင်ပါတယ်။ တစ်ရက်ကို အသီး တရုတ်ပန်းကန်လုံး ၁−၂လုံးစာလောက် စားနိုင်ပါတယ်။ တစ်မျိုးတည်းကို အများကြီး စားတာထက် အရောင်စုံ၊ အမျိုးစုံ စားပေးပါ။ ဆီးချိုရှိရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/pregnancy/best-fruits-to-eat#benefits

Nutrition during pregnancy https://www.acog.org/womens-health/faqs/nutrition-during-pregnancy?utm_source=redirect&utm_medium=web&utm_campaign=otn Accessed Date 5 May 2020

The Effect of Lemon Inhalation Aromatherapy on Nausea and Vomiting of Pregnancy: A Double-Blinded, Randomized, Controlled Clinical Trial https://www.ncbi.nlm.nih.gov/pmc/articles/PMC4005434/ Accessed Date 5 May 2020

Vitamin B6 is effective therapy for nausea and vomiting of pregnancy: a randomized, double-blind placebo-controlled study https://pubmed.ncbi.nlm.nih.gov/2047064/ Accessed Date 5 May 2020
Healthy eating for Expecting moms https://www.nhrmc.org/~/media/testupload/files/healthyeatingforexpectantmoms.pdf?la=en#:~:text=VEGGIES%3A%20Eat%20at%20least%203,vegetables%20high%20in%20vitamin%20C.&text=FRUIT%3A%20Eat%20at%20least%202,only%201%20cup%20per%20day. Accessed Date 5 May 2020
Choline: Critical Role During Fetal Development and Dietary Requirements in Adults https://www.ncbi.nlm.nih.gov/pmc/articles/PMC2441939/#:~:text=Choline%20is%20critical%20during%20fetal,de%20novo%20synthesis%20as%20well. Accessed Date 5 May 2020

ယခုပုံစံ

15/03/2023

Written by Dr. Thant Zin

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန်မှာ အနှိပ်ခံလို့ ရမလား!

ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားသင့်သော အစားအစာများ


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


15/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement