backup og meta

ကိုယ်ဝန်ဆောင်ချိန် အိမ်မွေးတိရိစ္ဆာန်များက စိတ်ချရပါသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 20/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန် အိမ်မွေးတိရိစ္ဆာန်များက စိတ်ချရပါသလား

    မိသားစု အတော်များများဟာ သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို မိသားစုဝင်အဖြစ် စဉ်းစားကြပါတယ်။ အိမ်မွေးတိရိစ္ဆာန်တွေဟာ အိမ်တစ်အိမ်ကို ပျော်ရွှင်မှုတွေပေးတာကြောင့် တိရိစ္ဆာန်ဆိုတာထက် မိသားစုဝင်လို့ ပြောရင် ပိုမှန်ပါတယ်။ ဒီတော့ ကိုယ်ဝန်ဆောင်ချိန် အိမ်မွေးတိရိစ္ဆာန်များက စိတ်ချရပါသလား ဆိုတာကို အတူတူကြည့်လိုက်ရအောင်နော်။

    ဒါပေမယ့် သင့်မှာ ကိုယ်ဝန်ရှိခဲ့ရင်တော့ အိမ်မွေးတိရိစ္ဆာန်အကုန်လုံးဟာ အဆင်မပြေပါဘူး။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ဘယ်လို အိမ်မွေးတိရိစ္ဆာန်ကို အိမ်မှာ ထားမယ်၊ သူတို့ကို ဘယ်လို ကိုင်တွယ်မယ်၊ ဂရုစိုက်မယ်ဆိုတာကို သေချာစွာ ကြိုတင်တွေးထားသင့်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန် အိမ်မွေးတိရိစ္ဆာန်များက စိတ်ချရပါသလား

    ကိုယ်ဝန်ဆောင်ချိန် အိမ်မွေးတိရိစ္ဆာန်များက စိတ်ချရပါသလား ဆိုတော့

    ခွေးတွေဟာ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ စိတ်ချရတဲ့ အိမ်မွေးတိရိစ္ဆာန်တွေ ဖြစ်ပါသလား။

    ယေဘုယျအားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခွေးတွေကို အိမ်မှာ ဆက်ပြီး မွေးထားလို့ ရပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်စဉ်မှာ စိတ်ချရစေဖို့ အောက်ပါအချက်တွေကို ပြုလုပ်သင့်ပါတယ်။

    • သင့်ခွေးကို ဗိုက်ပေါ် ခုန်မတက်ပါစေနဲ့။
    • သင့်ခွေးမှာ ကိုက်ခြင်း၊ ခုန်ခြင်း အစရှိတဲ့ အကျင့်ဆိုးတွေ ရှိရင် သင်ကလေးမရှိခင်ထဲက ဒီလိုအရာတွေ မလုပ်အောင် လေ့ကျင့်ပေးထားသင့်ပါတယ်။
    • သင့်ခွေးကို ကာကွယ်ဆေး အကုန်ထိုးထားပေးသင့်ပါတယ်။ ဒါကို ကလေးမမွေးခင်မှာ ပြုလုပ်ထားသင့်ပါတယ်။
    • သင်ခွေးကို အရင်က သင်ပဲ ထိန်းတယ်ဆိုရင်တောင် ခုတည်းက ဒီတာဝန်တွေကို သင့်အိမ်ထောင်ဖက် (သို့) မိသားစုဝင်တစ်ဦးဦးကို လွှဲပြောင်းပေးသင့်ပါပြီ။ အထူးသဖြင့် ခွေးရဲ့ မစင်ကို စွန့်ပစ်တာ၊ သန့်ရှင်းရေး လုပ်ပေးတာမျိုးတွေပေါ့။ ဒါ့ပြင် သင်ကလေးမွေးပြီးတဲ့အခါ သင့်ရဲ့ အချိန်တွေကို ကလေးအပေါ်မှာပဲ ထားလိုက်မှာဖြစ်တာကြောင့် ဒီလိုပြောင်းလဲမှုတွေအတွက် ပြင်ဆင်ထားသင့်ပါတယ်။

    ကိုယ်ဝန်ဆောင်စဉ်မှာ ကြောင်တွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ် ထားနိုင်ပါသလား။

    ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ကြောင်တွေကို ကိုင်တွယ်တဲ့အခါမှာ Toxoplasmosis (တော့ဆိုပလပ်စမိုးဆစ်) ရောဂါ ကို သတိထားသင့်ပါတယ်။ ဒါဟာ ကပ်ပါးကောင်တစ်မျိုးကြောင့် ဖြစ်ပြီး ကြောင်ကနေ ကူးစက်တတ်ပါတယ်။

    Toxoplasma gondii လို့ခေါ်တဲ့ ဆဲလ်တစ်ခုတည်းပါတဲ့ ကပ်ပါးကောင်ဟာ toxoplasmosis ရောဂါ ကို ဖြစ်စေပါတယ်။ ဒီကပ်ပါးကောင်က ကြောင်ရဲ့ မစင်မှာ အဓိကပါပါတယ်။ လူကိုတော့ ကြောင်ရဲ့ မစင်၊ အညစ်အကြေး၊ ပန်းခြံအတွင်းမှ မြေကြီး အစရှိတာတွေကို ထိတွေ့မိတာကြောင့် ရောဂါကူးစက်ခံရနိုင်ပါတယ်။ ဒါ့ပြင် သေချာ ကျက်အောင် မချက်ထားတဲ့ အသားတွေ (ဥပမာ ဝက်သား၊ အမဲသား) ကနေလည်း ကူးစက်နိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ဒီရောဂါပိုး ကူးစက်တဲ့အခါ အခန့်မသင့်ရင် ကိုယ်ဝန်ပျက်ကျတာ၊ ကလေးအသေမွေးတာ၊ မွေးရာပါချို့ယွင်းချက်ပါတာတွေ ဖြစ်တတ်ပါတယ်။

    တကယ်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ ကြောင်ဆက်မွေးမယ်ဆိုရင် toxoplasmosis ရောဂါမဖြစ်အောင် အောက်ပါ အချက်တွေကို လိုက်နာသင့်ပါတယ်။

    • ကြောင်ချေးကျုံးဖို့ အခြားမိသားစုဝင် တစ်ဦးဦးကို အကူအညီတောင်းသင့်ပါတယ်။ ကိုယ်တိုင်ကျုံးမယ်ဆိုရင် လက်အိတ်စွပ်ပါ။ ပြီးရင် လက်ဆေးပါ။
    • ကြောင်ကို အိမ်ထဲမှာ ထားသင့်ပါတယ်။ ကြောင်တွေ အမဲလိုက်တာကို တားသင့်ပါတယ်။
    • အိမ်ရာမဲ့ကြောင်တွေနဲ့ ဝေးရာမှာ နေသင့်ပါတယ်။
    • ကြောင်ရိုင်းတွေကို အိမ်ထဲမခေါ်သင့်ပါဘူး။ ကိုယ့်ကြောင်တွေနဲ့လည်း အတူတူ မနေခိုင်းသင့်ပါဘူး။
    • အပင်စိုက်ပြီးသွားရင် လက်ကို ဆပ်ပြာနဲ့ သေချာစွာ ဆေးကြောသင့်ပါတယ်။
    • သင့်ကြောင်ကို သေချာမကျက်သေးတဲ့ အသားတွေ မကျွေးသင့်ပါဘူး။

    ဟမ်းစတား၊ ပူးနဲ့ ကြွက်တွေကို အိမ်မွေးတိရိစ္ဆာန် တွေအနေနဲ့ မွေးသင့်ပါသလား။

    လူအတော်များများဟာ ကြွက်တွေ၊ ဟမ်းစတားနဲ့ ပူးတွေကို အိမ်မွေးတိရိစ္ဆာန်အနေနဲ့ မွေးလေ့ရှိပါတယ်။ တကယ်လို့ သင်ဟာ ကိုယ်ဝန်ရှိနေရင် (သို့) ကိုယ်ဝန်ယူဖို့ ကြိုးစားရှိရင် ဒီတိရိစ္ဆာန်တွေကို ဂရုစိုက်သင့်ပါတယ်။

    ဘာကြောင့်လဲဆိုတော့ သူတို့ဟာ lymphocytic choriomeningitis virus လို့ ခေါ်တဲ့ LCMV ဗိုင်းရပ်စ် ကို သယ်ဆောင်နိုင်လို့ပါ။ ဒီဗိုင်းရပ်စ်ဟာ သင်နဲ့ သင့်ကလေးငယ်အတွက် ဆိုးကျိုးဖြစ်စေပြီး ပြင်းထန်တဲ့ မွေးရာပါ ချို့ယွင်းချက်တွေနဲ့ ကလေးပျက်ကျခြင်းကို ဖြစ်စေနိုင်ပါတယ်။

    သင်ဟာ LCMV ဗိုင်းရပ်စ်ပိုးကို အောက်ပါအချက်တွေကြောင့် ကူးစက်ရနိုင်ပါတယ်။

    • ရောဂါပိုးကူးစက်နေတဲ့ တိရိစ္ဆာန် အကိုက်ခံရခြင်း
    • တိရိစ္ဆာန်ရဲ့ ရောဂါပိုးပါတဲ့ ဆီး၊ သွေး၊ တံတွေး၊ ကိုယ်ခန္ဓာမှ ထွက်တဲ့အရည်တွေနဲ့ ထိတွေ့မိခြင်း
    • သန့်ရှင်းရေးလုပ်စဉ် (သို့) လှောင်အိမ် သန့်ရှင်းလေး လုပ်စဉ် လေနဲ့ အမှိုက်တွေကို ရှူမိခြင်း

    သင့်မှာ LCMV ဗိုင်းရပ်စ်ပိုးကူးစက်ခြင်း ရဲ့ လက္ခဏာတွေ ရှိတယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်သူကို ပြောပြသင့်ပါတယ်။ ဒီလက္ခဏာတွေကတော့

  • ဖျားနာခြင်း
  • ခေါင်းကိုက်ခြင်း
  • ပင်ပန်းခြင်း
  • ကြွက်သား နာကျင်ခြင်း၊ လည်ပင်းတောင့်ခြင်း
  • ပျို့အန်ခြင်း
  • ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဟမ်းစတား၊ ပူးနဲ့ ကြွက်တွေ မွေးမယ်ဆိုရင်

    • တိရစ္ဆာန်တွေကို နမ်းတာ၊ မျက်နှာနားကပ်တာတွေကို မလုပ်ပါနဲ့။
    • တိရိစ္ဆာန်တွေကို ကိုင်တွယ်ပြီးချိန်မှာ လက်ကို ဆပ်ပြာနဲ့ ရေကို အသုံးပြုပြီး ဆေးကြောပါ။
    • သူတို့ရဲ့ အညစ်အကြေးတွေနဲ့ တတ်နိုင်သမျှ မထိတွေ့ဖို့ လိုပါတယ်။

    ကိုယ်ဝန်ရှိစဉ်မှာ တွားသွားတိရိစ္ဆာန်တွေ လုံခြုံစိတ်ချမှု ရှိပါသလား။

    အချို့မိသားစုတွေမှာ တွားသွားသတ္တဝါတွေဖြစ်တဲ့ ပုတ်သင်ညို၊ မြွေ၊ လိပ်တွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူလေ့ရှိကြပါတယ်။ အချို့တိရိစ္ဆာန်တွေဟာ လူတွေကို ဖျားနာစေတဲ့ ရောဂါပိုးတွေကို သယ်ဆောင် တတ်ကြပါတယ်။

    သူတို့သယ်ဆောင်တဲ့ ရောဂါတစ်မျိုးကတော့ Salmonellosis လို့ခေါ်တဲ့ အစာအဆိပ်သင့်ခြင်းပဲဖြစ်ပါတယ်။

    Salmonella ရောဂါပိုးအများစုဟာ အသား၊ ကြက်ဥ အစရှိတဲ့ အစားအစာတွေက လာတာဖြစ်ပါတယ်။ ဒါပေမယ့် Salmonella ရောဂါပိုးဝင်ခြင်းက တွားသွားသတ္တဝါတွေနဲ့လည်း ဆက်စပ်မှု ရှိပါတယ်။

    သင့်ရဲ့ တွားသွားသတ္တဝါတစ်ကောင်ကောင်ကို Salmonella စစ်ဆေးလို့ အနုတ်လက္ခဏာ ထွက်တယ်ဆိုရင်တောင် ဒါဟာ တိရိစ္ဆာန်တွေက ရောဂါမဖြစ်စေဘူးလို့ မဆိုလိုနိုင်ပါဘူး။ စစ်ဆေးတဲ့နေ့မှာ တိရိစ္ဆာန်တွေဟာ Salmonella ကူးစက်မှုမရှိဘူးလို့သာ ဆိုလိုပါတယ်။

    ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ တွားသွားသတ္တဝါတွေ မွေးမယ်ဆိုရင်

    • သူတို့ကို သီးသန့်ခွဲထားပါ။ အထူးသဖြင့် အစာစားတဲ့နေရာ၊ ချက်ပြုတ်တဲ့နေရာတွေနား မလာပါစေနဲ့။
    • ကိုယ်ဝန်ဆောင်ချိန်မှာ သူတို့ အညစ်အကြေးတွေကို သန့်ရှင်းရေး မလုပ်ပါနဲ့။
    • သူတို့ကို ကိုင်တွယ်ပြီးတိုင်းမှာ လက်ဆေးပါ။
    • မတော်တဆ အကိုက်ခံရရင် ဆရာဝန်နဲ့ ပြသပါ။

    ရေးသားသူ− Dr Phyu Mon Latt

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Hello Sayarwon Panel မှ ရေးသားသည်။ · 20/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement