backup og meta

ကိုယ်ဝန်ဆောင်မေမေ ကြက်ဟင်းခါးသီး စားမရဘူးဆိုတာ တကယ်လား!

ကိုယ်ဝန်ဆောင်မေမေ ကြက်ဟင်းခါးသီး စားမရဘူးဆိုတာ တကယ်လား!

ကိုယ်ဝန်ဆောင်ချိန်မှာ မစားစဖူးတွေ စားချင်တာမျိုး ဖြစ်တတ်တယ်နော်။ ဒီလို မစားစဖူး စားချင်မိတာက အပျိုဘဝကရော ပေါ့ပေါ့ပါးပါး ဘဝကပါ လုံးဝ စားချင်စိတ် မရှိခဲ့တဲ့ ကြက်ဟင်းခါးသီးများ ဖြစ်နေသလား။ ဒါဆိုရင် ဖြစ်နိုင်တာ ကြက်ဟင်းခါးသီး မစားနဲ့။ ကလေး လမစေ့ဘဲ မွေးမယ်။ ကိုယ်ဝန်ပျက်ကျနိုင်တယ် ဆိုတဲ့ စကားတွေကြောင့် စားလို့ ရ၊ မရ ဝေခွဲရခက်ရင်း ကိုယ်ဝန်ဆောင်မေမေ ကြက်ဟင်းခါးသီး စားမရဘူးဆိုတာ တကယ်လား ဆိုပြီး တွေးနေပြီလား။

ဒါဆိုရင်တော့ အတွေးကို ရပ်လို့ ဒီစာလေးကို ဖတ်ကြည့်လိုက်ပါလို့ ပြောချင်ပါတယ်။ ဒီလို ပြောရတဲ့ အကြောင်းအရင်းလေးကိုတော့ အတူတူ ကြည့်လိုက်ရအောင်နော်။

ကိုယ်ဝန်ဆောင်မေမေ ကြက်ဟင်းခါးသီး စားမရဘူးဆိုတာ တကယ်လား!

ပုံမှန်အားဖြင့်ကတော့ ကြက်ဟင်းခါးသီးကို ဆီးချို၊ ကင်ဆာ နဲ့ ကူးစက်ရောဂါတွေ အပါအဝင် ရောဂါအမျိုးမျိုးကို ကုသဖို့အတွက် အသုံးပြုကြပါတယ်.

ကြက်ဟင်းခါးသီးကို လူသိများတဲ့ အချက်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်ဆိုတဲ့ အချက်နဲ့ပါ။ ဒါကြောင့်လည်း ကြက်ဟင်းခါးသီးက ဆီးချိုရှိသူတွေ စားပေးသင့်တဲ့ အသီးလို့ နာမည်ကြီးတာပေါ့။

ကြက်ဟင်းခါးသီးက ဆေးဖက်ဝင်တာ မှန်ပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ စားသင့် မစားသင့်က ဒွိဟတွေ အများကြီး ရှိနေပါတယ်။ တိရစ္ဆာန်တွေမှာ လေ့လာချက်အရ ကြက်ဟင်းခါးသီးနဲ့ အစေ့မှာ ပါဝင်တဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ α-momorcharin က လမစေ့ဘဲ မွေးဖွားတာ၊ ကလေးမှာ မွေးရာပါ ကျန်းမာရေးပြဿနာတွေ ဖြစ်လာစေနိုင်တယ်လို့ဆိုပါတယ်။ ဒါက တိရစ္ဆာန်တွေမှာ စမ်းသပ်ထားတာ ဖြစ်ပေမယ့် လူတွေမှာလည်း သတိထားသင့်ပါတယ်။

အထူးသဖြင့် ကြက်ဟင်းခါးသီးအစေ့ကို ‌စားတာ၊ အစိမ်းဖျော်သောက်တာတွေ မလုပ်သင့်ပါဘူး။

ကြက်ဟင်းခါးသီးကို ချက်စားမယ်ဆိုရင်လည်း တစ်နေ့ကို တရုတ်ပန်းကန်လုံး ၂လုံးစာထက် မပိုသင့်ပါဘူး။ ကြက်ဟင်းခါးသီးက ခါးတဲ့အတွက် တစ်ထိုင်တည်း ဒီလောက်အများကြီး မစားလောက်ဘူးလို့ ယူဆပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်ဟင်းခါးသီးကို အလွန်အကျွံစားတာက ဝမ်းပျက်တာ၊ သားအိမ်ညှစ်တာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

ကြက်ဟင်းခါးသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ကိုယ်ဝန်ဆောင် မေမေ တစ်ယောက် အနေနဲ့ ကြက်ဟင်းခါးသီးကို အလွန်အကျွံ မဟုတ်ဘဲ အတန်အသင့် စားပေးလို့ ရပါတယ်။ ကြက်ဟင်းခါးသီးမှာ ကိုယ်ဝန်ဆောင်မေမေကို ကျန်းမာစေနိုင်တဲ့ အမျှင်ဓာတ်၊ ဖောလိတ်၊ ဗီတာမင် A၊ ဗီတာမင် C၊ သီရာမင်း၊ သံဓာတ် နဲ့ riboflavin ဆို့ ပါဝင်နေပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်ဟင်းခါးသီး စားပေးမယ်ဆိုရင် အခုလို အကျိုးကျေးဇူးလေးတွေ ရရှိနိုင်မှာပါ။

  • သွေးတွင်း သကြားဓာတ် ထိန်းပေးတယ်ကိုယ်ဝန်ဆောင် ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိထိရောက်ရောက် ထိန်းညှိပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန် ခံတွင်းပျက်တာ သက်သာစေတယ် – ကြက်ဟင်းခါးသီးက အစားစားချင်စိတ်ဖြစ်စေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ အစားစားချင်စိတ် မရှိတာ ခံတွင်းပျက်တာတွေကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။
  • ကိုယ်ခံအား ကောင်းစေတယ် – ကြက်ဟင်းခါးသီးက ကိုယ်ခံအားဆဲလ်တွေကို အားဖြည့်ပေးပြီး ကိုယ်ဝန်ဆောင် မေမေကို ဖျားနာမှု ကင်းပြီး ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။
  • အသားအရေ ကျန်းမာစေတယ် – ကြက်ဟင်းခါးသီးက အရေပြား ပြဿနာတွေကို သက်သာစေနိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရေ ပြောင်းလဲတာကိုလည်း သက်သာစေနိုင်ပါတယ်။ အရေပြားပိုးဝင်တာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
  • အသည်းကျန်းမာစေတယ် – ကြက်ဟင်းခါးသီးက အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသည်း ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန် အဝမလွန်အောင် ကာကွယ်ပေးတယ် – ကြက်ဟင်းခါးသီးက အဆီကျစေနိုင်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ အဆီတက်တာ၊ အဝလွန်တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
  • အစာကြေစေတယ် – ကြက်ဟင်းခါးသီးက အစာခြေအက်ဆစ် ထွက်အောင် လှုံ့ဆော်ပေးပြီး အစာကြေစေဖို့ လုပ်ဆောင်ပေးပါတယ်။
  • ဝမ်းမှန်စေတယ် ကြက်ဟင်းခါးသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
  • သွားနဲ့ ခံတွင်း ကျန်းမာစေတယ် – ကြက်ဟင်းခါးသီးရဲ့ လူသိနည်းတဲ့ အာနိသင် တစ်ခုက သွားနဲ့ သွားဖုံးတွေကို ကျန်းမာစေတာပါ။
  • ဘေဘီလေး ကျန်းမာစေတယ် – ကြက်ဟင်းခါးသီးမှာ ကိုယ်ဝန်ဆောင် ဗီတာမင်လို့ ဆိုရမယ့် ဖောလိတ် ပါဝင်နေတာကြောင့် ဘေဘီလေးကို ကောင်းစွာ ဖွံ့ဖြိုးစေပြီး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

သတိပေးချက်

ကြက်ဟင်းခါးသီးက ကိုယ်ဝန်ဆောင်ချိန်မှာ အခုလို အကျိုးကျေးဇူးတွေ ရရှိနိုင်တယ်ဆိုပေမယ့် လူတိုင်းမှာ တသမတ်တည်း မဖြစ်တာမျိုး ရှိနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေအနေနဲ့ ကြက်ဟင်းခါးသီး မစားခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်စေချင်ပါတယ်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

8 Benefits Of Eating Bitter Gourd During Pregnancy https://www.stylecraze.com/articles/benefits-of-eating-bitter-gourd-during-pregnancy/ Accessed Date 28 April 2023

Eating Bitter Gourd During Pregnancy – Is It Safe? https://parenting.firstcry.com/articles/bitter-gourd-during-pregnancy-benefits-side-effects/ Accessed Date 28 April 2023

Bitter Gourd (Karela) During Pregnancy: Is It Safe? https://www.momjunction.com/articles/benefits-of-bitter-gourd-during-pregnancy_00326723/ Accessed Date 28 April 2023

Why Pregnant Women Should Avoid Eating Bitter Gourd Or Karela? https://www.thehealthsite.com/pregnancy/pregnancy-guide-pregnancy/why-pregnant-women-should-avoid-eating-bitter-gourd-or-karela-776847/ Accessed Date 28 April 2023

Is Bitter Melon Safe During Pregnancy? Risks and Benefits https://www.pregnancyfoodchecker.com/bitter-melon-safe-pregnancy-risks-benefits/ Accessed Date 28 April 2023

ယခုပုံစံ

28/08/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ ရှောက်ချိုသီး စားတဲ့အခါ

ကိုယ်ဝန်ဆောင်မေမေ ဂေါ်ရခါးသီး စားလို့ရလား


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 28/08/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement