backup og meta

အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချရတဲ့ အကြောင်းရင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 09/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချရတဲ့ အကြောင်းရင်းများ

    မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆက်ဆောင်ခြင်းက မိခင်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းကပဲ တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ရှိနိုင်ပါတယ်။ တခြားအကြောင်းအရာတွေကြောင့်တော့ ဘယ်ဆေးရုံ၊ ဆရာဝန်ကမှ ဖျက်ချပေးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တရားမဝင် ကိုယ်ဝန်ဖျက်ချတာတွေလည်း ရှိနေတုန်းပါပဲ။ ကိုယ်ဝန်ဖျက်ချရတဲ့ အကြောင်းရင်းများကတော့ တစ်ယောက်နဲ့ တစ်ယောက် တူနိုင်မှာ မဟုတ်ပါဘူး။ အောက်မှာ ဆက်ပြောမှာကတော့ အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချရတဲ့ အကြောင်းရင်းများ တွေထဲက အဖြစ်အများဆုံး အခြေအနေတွေ ပါပဲ။

    အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချရတဲ့ အကြောင်းရင်းများ

    အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချရတဲ့ အကြောင်းရင်းများ ကတော့

    ၁။ ငွေကြေးအခက်အခဲရှိခြင်း

    ဒီအကြောင်းပြချက်ကြောင့် ကလေးဖျက်ချမယ်ဆိုတာကတော့ အများစုအတွက် လက်မခံနိုင်စရာပါပဲ။ ဒါပေမယ့် မွေးပြီးကာမှ ကလေးကို ကောင်းကောင်းကို ဂရုမစိုက်နိုင်ရင်၊ သူများကို မွေးစားဖို့ ပေးပစ်လိုက်ရရင် ဒါမှမဟုတ် ဒီကလေးရဲ့ ကုန်ကျစရိတ်ကို မခံနိုင်လောက်ဖူးလို့ ယူဆတဲ့အခါမှာ ကလေးဖျက်ချဖို့ ဆုံးဖြတ်တတ်ကြပါတယ်။

    ၂။ ဆယ်ကျော်သက်အရွယ်အမှားများ

    ကိုယ်ဝန်မတားမိတာ၊ သမီးရည်းစားကြားမှာ မလိုချင်ဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရသွားတာကြောင့်ပါ။ ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်တာက မိဘတွေ၊ အဖေအမေခေတ်မှာလည်း ရှိပါတယ်။ သူတို့တုန်းကတော့ ၁၆နှစ်လောက်ဆို သမီးမိန်းကလေးတွေက အိမ်ထောင်ပြုသားမွေးလုပ်တယ်ဆိုတာ ဓလေ့တစ်ခုပါ။ တရားဝင်လက်ထပ်ထားတာလည်း ဖြစ်တော့ ဒီလောက် ပြဿနာမများပါဘူး။

    ဒီဘက်ခေတ်မှာတော့ ဒီအရွယ်လေးတွေက ပညာသင်ကောင်းတုန်းအရွယ်၊ အိမ်မှာကလေးလုပ်ကောင်းတုန်း အရွယ်ဆိုတော့ မွေးလာမယ့် ကလေးကို တာဝန်ယူဖို့က စိန်ခေါ်မှု တစ်ရပ်ပါ။ ပတ်ဝန်းကျင်ရဲ့ အမြင်ကိုလည်း သတိထားရတာတွေ၊ မိသားစုရဲ့ ဖိအားတွေကြောင့်လည်း ပါပါတယ်။ အဆိုးဆုံးအခြေအနေမှာတော့ အတူနေခဲ့တဲ့ ကောင်လေးက အတင်းအကျပ် ကိုယ်ဝန်ဖျက်ချခိုင်းတာပါ။

    ၃။ အိမ်ထောင်ရေးနဲ့ လူ့အဖွဲ့အစည်းသတ်မှတ်ချက်များ

    အာရှနိုင်ငံတော်တော်များများမှာ လူတွေဟာ လူနေမှုသတ်မှတ်ချက်တွေကိုစည်းမျဉ်းတွေအနေနဲ့လိုက်နာကြပါတယ် ။ ဥပမာပြောရရင် အရင်တုန်းက တရုတ်မိသားစုတွေဟာ ယောကျာ်းလေးတွေကိုပဲလိုချင်ကြပါတယ် ။ ဒါကြောင့် မိန်းကလေးတစ်ယောက်က သမီးလေးကိုယ်ဝန်လွယ်ထားရပြီဆိုရင် ကိုယ်ဝန်ဖျက်ချခိုင်းတတ်ပါတယ်။

    မြန်မာနိုင်ငံမှာဆိုရင်လည်း လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရတာကို ပြစ်မှုတစ်ခုလို ရှုမြင်ကြပါတယ်။ မိသားစုကိုပါ အရှက်ရစေတဲ့ ကိစ္စလို့ သတ်မှတ်ပြီး ဖျက်ချခိုင်းတာမျိုးတွေ ရှိပါတယ်။

    ၄။ ဘဝတက်လမ်းနဲ့ အလုပ်သတ်မှတ်ချက်များ

    နိုင်ငံခြားကို ပညာတော်သင်သွားရမှာ၊ ကျောင်းမပြီးသေးလို့ စတာတွေကလည်း ကိုယ်ဝန်ဖျက်ချရတဲ့ အကြောင်းရင်းတစ်ခုပါ။ ဒါ့ပြင် ခန္ဓာကိုယ်လှပဖို့ လိုအပ်တဲ့ အလုပ်တွေ (ဥပမာ မော်ဒယ်) လုပ်လက်စဖြစ်နေတာ၊ လက်ရှိအလုပ်မှာ ကိုယ်ဝန်နဲ့ လုပ်ဖို့ မဖြစ်နိုင်တာတွေကြောင့် ကလေးဖျက်ချရတာတွေလည်း ရှိပါတယ်။

    ၅။ အနိုင်ကျင့်ခံရခြင်းကြောင့် ကလေးရခြင်း

    အလိုမတူဘဲ အနိုင်ကျင့်ခံရတာကနေ ကလေးရလာတဲ့အခါ ကလေးကို လွယ်ထားရတဲ့မိခင်အတွက် အိပ်မက်ဆိုးတစ်ခုလို ဖြစ်နေမှာပါ။ ဒီကလေးကို မြင်တိုင်း သူ့ရဲ့ အတိတ်ဆိုးကို သတိရနေတာကြောင့် မွေးလာမိရင်တောင် ကလေးအပေါ် အနိုင်ကျင့်မိတာမျိုး ဖြစ်နိုင်ပါတယ်။ အလိုမတူဘဲ ရလာတဲ့အတွက် မွေးစရာမလိုဘူးလို့ ထင်မြင်တာလည်း ရှိပါတယ်။

    အထူးသဖြင့် သက်ငယ်မုဒိန်းမှုတွေ၊ မိသားစုအချင်းချင်းကြား အနိုင်ကျင့်ပြီး ရလာတဲ့ ကိုယ်ဝန်တွေဆို ဘယ်လိုမှ မွေးလို့ မဖြစ်နိုင်တာကြောင့် ကိုယ်ဝန်ဖျက်ချဖို့ ဆုံးဖြတ်လိုက်ရတာတွေ ရှိပါတယ်။

    ၆။ ရုပ်ပိုင်းဆိုင်ရာ သို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ ရှိနေခြင်း

    မိခင်မှာ ရှိနေတဲ့ ရောဂါအခံကြောင့် ကိုယ်ဝန်ဆက်ဆောင်မယ်ဆိုရင် အသက်အန္တရာယ်ဖြစ်လာနိုင်တယ်ဆိုရင် ဖျက်ချဖို့ကလွဲပြီး တတ်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ပြင် မျိုးဗီဇစစ်လိုက်တဲ့အခါ ကလေးက ချို့ယွင်းချက်ပါနေမယ်။ ကလေးက တခြားကလေးတွေ မကြီးလာနိုင်ဘူး။ ငယ်ငယ်နဲ့ ဆုံးပါးသွားနိုင်တယ်ဆိုရင်လည်း ဖျက်ချပြီး နောက်ထပ်ကိုယ်ဝန်ယူဖို့ စဉ်းစားကြပါတယ်။

    မိခင်က စိတ်ကျန်းမာရေး မကောင်းဘူး။ ကလေးကို ပြုစုစောင့်ရှောက်ဖို့ မတတ်နိုင်လောက်ဘူးဆိုရင်လည်း မိသားစုက ကိုယ်ဝန်ဖျက်ချခိုင်းတတ်ပါတယ်။

    ကိုယ်ဝန်ဖျက်ချဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီလား

    ကိုယ်ဝန်ဖျက်ချတာကို ဥပဒေအရ တားမြစ်ထားပေမယ့် တရားမဝင်တဲ့နည်းနဲ့ ကိုယ်ဝန်ဖျက်ချတာတွေ ရှိပါတယ်။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ဆိုတော့ မလုလုပ်ပါနဲ့လို့ တားဖို့ရာလည်း ခက်ပါတယ်။ တချို့ကလည်း သူ့အကြောင်းနဲ့သူ မှန်နေတော့ မဖျက်နဲ့လို့ တားဖို့က ခက်ပါတယ်။

    ကိုယ်ဝန်ဖျက်ချခြင်း မဖျက်ချခြင်း ကိစ္စက တစ်ကမ္ဘာလုံးမှာ ဝိရောဓိ ဖြစ်နေဆဲပါပဲ။ ဖျက်ချတာကို ခွင့်ပြုသင့်တယ်၊ မခွင့်ပြုသင့်ဘူးဆိုတဲ့ လူအုပ်စုကြီးကလည်း ကွဲနေပါသေးတယ်။

    ဒီတော့ အကောင်းဆုံးအကြံပေးရရင် ကိုယ်ဝန်မလိုချင်ဘူးဆိုရင် တတ်နိုင်သမျှ သားဆက်ခြားပါ။ ကိုယ်ဝန်ယူမယ်ဆိုရင်လည်း မယူခင် ဆရာဝန်နဲ့ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအ နေကို စစ်ဆေးပါ။ ဒီနည်းနဲ့ တတ်နိုင်သမျှ ကိုယ်ဝန်ဖျက်ဖို့ကို ရှောင်ကြပါစို့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Phyo Wai Yan မှ ရေးသားသည်။ · 09/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement