backup og meta

ကိုယ်ဝန်ဆောင်နဲ့ သွားကျန်းမာရေး

ကိုယ်ဝန်ဆောင်နဲ့ သွားကျန်းမာရေး

ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးကို မထိခိုက်အောင် ဟိုဟိုဒီဒီ ကြိုပြင်လေ့ရှိပေမယ့် အရေးမကြီးပါဘူးဆိုပြီး မေ့ထားတတ်တဲ့ အရာတစ်ခုရှိပါတယ်။ ဒါက သွားကျန်းမာရေး ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်အနေနဲ့ သွားနဲ့ ခံတွင်းပြဿနာတချို့ကို ပိုပြီး ခံစားရနိုင်ခြေ ရှိပါတယ်။ ပိုဆိုးတာက သွားပြဿနာတွေက ကလေးအပေါ်မှာ သက်ရောက်မှု ရှိနေတာပါပဲ။

ကိုယ်ဝန်ဆောင်ချိန်မှာ သွားကျန်းမာရေး ထိခိုက်ရတာ ဘာကြောင့်များလဲ။

ကိုယ်ဝန်ဆောင်ချိန်မှာ သွားကျန်းမာရေး ထိခိုက်တာက မိခင်တိုင်းလိုလို ကြုံရတဲ့ ကိစ္စပါ။ သတိမထားမိလို့သာ မဖြစ်ဘူးလို့ ထင်ကြတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သွားကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်တွေကတော့

လူတိုင်းက ညဘက်ရောက်ပြီဆို သွားတိုက်ရမှာ ပျင်းကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ဆို ပိုဆိုးပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် လူက ပင်ပန်းနေတဲ့အတွက် သွားတိုက်ဖို့၊ သွားပွတ်ကြိုး သုံးဖို့ကို စိတ်မပါတော့ပါဘူး။ ဒါ့ပြင် အရင်က ၆လတစ်ကြိမ် သွားဆေးခန်းသွားပြီး စစ်ဆေးမှု လုပ်ဖြစ်ရင်တောင် ခုချိန်မှာ ကိုယ်ဝန်က တစ်ဖက်ဖြစ်နေတာကြောင့် သွားဆေးခန်း မသွားလည်း ရတယ်လို့ ယူဆပြီး ပျက်ကွက်လာပါတယ်။

ဒီလိုနဲ့ သွားကျောက်တွေ စုဝေးပြီး ဘက်တီးရီးယားတွေပေါက်၊ သွားတွေ ပျက်စီးလာပါတယ်။

  • ဟော်မုန်းအပြောင်းအလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် သွားဖုံးတွေ ရောင်တတ်ပါတယ်။ Pregnancy gingivitis လို့ခေါ်ပါတယ်။ ဒီကနေမှ မကုသမိဘူးဆိုရင် သွားပတ်ချာလည်က သွားဖုံးတွေပါ ကြွပြီး ရောင်ရမ်းလာတတ်ပါတယ်။ ဒါက သေချာမကုသဘူးဆိုရင် သွားကျွတ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

တချို့လေ့လာချက်တွေမှာ သွားဖုံးရောင်တာက လမစေ့ပေါင်မပြည့် ကလေးမွေးဖွားတယ်နဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

  • ကိုယ်ဝန်ဆောင်ချိန် ပျို့အန်ခြင်း

ကိုယ်ဝန်အစပိုင်းမှာ ပျို့အန်တာက သွားနဲ့ ခံတွင်းကျန်းမာရေးအပေါ် အများကြီး သက်ရောက်မှု ရှိပါတယ်။ အစာအိမ်ထဲက အက်စစ်တွေက သွားနဲ့ ခဏခဏ ထိတွေ့နေရတာကြောင့် သွားကြွေလွှာတွေ ပျက်စီးပြီး သွားပေါက်တွေ  ဖြစ်လွယ်စေပါတယ်။

ကိုယ်ဝန်ဆောင်နဲ့ သွားကျန်းမာရေး

  • အစားပိုစားတာ

ကိုယ်ဝန်ဆောင်ချိန်မှာ ချဉ်ခြင်းတက်လို့ အရင်ကထက် အစားများများ စားဖြစ်ကြပါတယ်။ ဒီလို ခဏခဏ စားတာက အစားအစာထဲမှာ ပါတဲ့ အက်စစ်ဓာတ်နဲ့ သွားတွေကို ခဏခဏ ထိတွေ့စေပါတယ်။ ဒါ့ပြင် အက်စစ်ဓာတ်ကို ကြိုက်တဲ့ Streptococcus mutans ဆိုတဲ့ ဘက်တီးရီးယားကို ပွားများစေပါတယ်။ ဒီဘက်တီးရီးယားက အက်စစ်ဓာတ်ကို ပိုထွက်စေတဲ့အတွက် ကြွေလွှာတွေကို ပျက်စီးစေပါတယ်။

  • ဆေးဝါးတွေ

ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်စစ် အပါအဝင်  ဗီတာမင်တော်တော်များများကို မှီဝဲကြပါတယ်။ ဗီတာမင်တွေက ပြဿနာမဟုတ်ပေမယ့် ဆေးရဲ့ ပုံစံက သတိထားသင့်ပါတယ်။ သာမန်ဆေးတွေလိုမျိုး ရေနဲ့ မျှောချရတဲ့ အမျိုးအစား မဟုတ်ဘဲ ဝါးလို့ရတဲ့ ဂျယ်လီလို ပုံစံဆိုရင် သွားမှာ ကပ်နေနိုင်ပါတယ်။ ဒီလို ဆေးလုံးတွေက သောက်ရကောင်းအောင် အပြင်မှာ အချိုဓာတ်လေး အုပ်ထားတတ်တော့ သွားတွေကို ပျက်စီးစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ သွားကျန်းမာရေး က ကလေးအပေါ် ဘယ်လိုသက်ရောက်နေသလဲ။

ကိုယ်ဝန်ဆောင်မေမေရဲ့ သွားကျန်းမာရေးက မမွေးလာသေးတဲ့ ကလေးလေးအပေါ်မှာ အများကြီး သက်ရောက်မှု ရှိနေပါတယ်။

  • ကိုယ်ဝန်ဆောင်မေမေရဲ့ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ များလွန်းနေတယ်ဆိုရင် ဒီပိုးတွေက သွေးထဲကတဆင့် သားအိမ်ထဲကို ရောက်သွားနိုင်ပါတယ်။ သားအိမ်မှာ prostaglandins ဆိုတဲ့ ဓာတ်ပစ္စည်းကို ထွက်စေတဲ့အတွက် သားအိမ်ညှစ်ပြီး လမစေ့တဲ့ ကလေးမွေးတတ်ပါတယ်။ လမစေ့တဲ့အတွက် ကလေးက ပေါင်မပြည့်ဖို့ များပြီး နောက်ဆက်တွဲပြဿနာတွေ ကြုံရနိုင်ပါတယ်။
  • အမေ့ခံတွင်းမှာ ရှိနေတဲ့ ဘက်တီးရီးယားတွေက ကလေးဆီကို တိုက်ရိုက်ရောက်တာမျိုးလည်း ရှိနိုင်ပါတယ်။ မိခင်ဆီမှာ ဘက်တီးရီးယားတွေ များလေလေ၊ ကလေးဆီကို များများရောက်လေလေပဲ ဖြစ်ပါတယ်။
  • ဒီလိုမျိုး အမေ့ဆီကနေ  ဘက်တီးရီးယားတွေကို အမွေရထားတဲ့ ကလေးတွေက တခြားကလေးတွေနဲ့ ယှဉ်ရင် ငယ်ငယ်လေးနဲ့ သွားပိုးစားပြီး သွားပျက်စီးလွယ်တာကို တွေ့ရပါတယ်။ ကလေးက အစားစုံအောင် စားတဲ့ အရွယ်တောင် မရောက်သေးဘူး။ သွားပိုးပေါက်တွေ ဖြစ်နေပြီဆိုရင် ဒါကြောင့် ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ သွားကျန်းမာရေးကို ဘယ်လိုစောင့်ရှောက်ကြမလဲ။

ကိုယ်ဝန်ဆောင်ချိန်မှာ သွားကျန်းမာရေးကို စောင့်ရှောက်တာက သာမန်အချိန်တွေမှာ စောင့်ရှောက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒီလိုရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့ သွားကျန်းမာရေးကို ဂရုစိုက်တာက မိခင်ကိုရော ကလေးကိုပါ ကျန်းမာစေတာကြောင့် သေချာလေး လိုက်နာဖို့ လိုပါတယ်။

  • သွားပုံမှန်တိုက်ပါ။ အရင်လိုပဲ တစ်နေ့နှစ်ကြိမ် သွားတိုက်ပါ။ ဟော်မုန်းကြောင့် သွားဖုံးရောင်နိုင်တဲ့အတွက် သွားပွတ်တံ အပျော့စားကို သုံးပါ။
  • ဖလိုရိုက်ဒ်ပါတဲ့ သွားတိုက်ဆေးကို သုံးပါ။
  • တစ်နေ့တစ်ကြိမ်လောက် သွားပွတ်ကြိုးနဲ့ သွားကြားတွေကို သန့်ရှင်းပါ။
  • အစာစားပြီးတိုင်း အာလုပ်ကျင်းပါ။
  • အချိုတွေ၊ သွားမှာ ကပ်နိုင်တဲ့ စေးပျစ်တဲ့ အရာတွေ လျှော့စားပါ။
  • သွားဆရာဝန်နဲ့ ၆လတစ်ကြိမ် သွားကျန်းမာရေး စစ်ဆေးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သွားနဲ့ ခံတွင်း ပြဿနာတစ်ခုခု ခံစားရတဲ့အခါ သွားဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူပါ။

ကိုယ်ဝန်ဆောင်နဲ့ သွားကျန်းမာရေး

ကိုယ်ဝန်ဆောင်ချိန်မှာ မမေ့မလျော့ ဂရုစိုက်သင့်တာက သွားကျန်းမာရေးပါ။ ခုချိန်မှာ မေမေတို့ သွားတိုက်တာက နှစ်ယောက်စာ တိုက်နေတာပါ။ ကိုယ်တိုင်လည်း သွားကျန်းမာရေး ကောင်းမွန်ပြီး မွေးလာတဲ့ ကလေးလေးလည်း သွားပြဿနာတွေ ကင်းစေဖို့ သွားကျန်းမာရေးကို ဂရုစိုက်ဖို့ မမေ့ကြပါနဲ့။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthychildren.org/English/ages-stages/prenatal/Pages/Brushing-for-Two-How-Your-Oral-Health-Effects-Baby.aspx

https://www.aafp.org/afp/2008/0415/p1139.html

ယခုပုံစံ

14/03/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွားနဲ့ခံတွင်း အကြောင်း တစေ့တစောင်း

နေမကောင်း မဖြစ်ဖို့ သွားတိုက် ကြစို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement