backup og meta

ကလေးတော်တော်များများစားမိနေတဲ့ သကြားဓာတ်များတဲ့ အစားအစာတွေ


Yun Sandi Nan Mon မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတော်တော်များများစားမိနေတဲ့ သကြားဓာတ်များတဲ့ အစားအစာတွေ

    အရာရာဖွံ့ဖြိုးဖို့အားယူနေဆဲ ကလေးအရွယ်မှာ နေ့စဉ်အစားအသောက်တွေထဲ အာဟာရဖြစ်မယ့်အရာတွေချည်း ပါနေသင့်တဲ့အပြင် ဆိုးကျိုးဖြစ်စေမယ့်အရာတွေ ကင်းနေမှဖြစ်မှာပါ။ ဖေဖေမေမေတို့ကတော့ အာဟာရပြည့်စေဖို့၊ ဖွံ့ဖြိုးမှုမြန်စေဖို့၊ ကလေးစိတ်ကျေနပ်စေဖို့ အန္တရာယ်ကင်းမယ့် အကောင်းဆုံးတွေကို ရွေးချယ်ပေးကြမှာပါပဲ။ ဒါပေမယ့် တချို့သော ကလေးအစားအသောက်တွေရဲ့ နောက်ကွယ်မှာ အသံတိတ်အန္တရာယ်တစ်ခု ရှိနေခဲ့တာ သတိပေးပါရစေ။ အဲဒါကတော့ သကြားဓာတ်များနေတဲ့ အစားအသောက်တွေပါပဲ။

    ကိုယ့်ကလေးစားမိနေတဲ့ အစားအသောက်တွေထဲ အချိုဓာတ်များတာတွေ ပါဝင်နေနိုင်တာကို မိဘတွေ သတိထားမိဖို့ အရေးကြီးပါတယ်။ မေမေတို့ သတိထားလို့ရအောင်လို့ သကြားဓာတ်များနေနိုင်တဲ့ ကလေးကြိုက်အစားအသောက်တွေကို ဥပမာ ဖော်ပြပေးလိုက်ပါတယ် –

    သကြားလုံးနဲ့ ဂျယ်လီ

    ဒါတော့ အသိသာဆုံးပါနော်။ သကြားလုံးကတော့ အရွယ်ကြီးတဲ့အထိ ကလေးတိုင်း ကြိုက်တဲ့ထဲ ထိပ်ဆုံးကပေါ့။ သကြားလုံးနဲ့ ဂျယ်လီတွေမှာ ကလေးအတွက်လိုအပ်တဲ့ဓာတ်တွေ ဘာတစ်ခုမှမပေးတဲ့ အပြင် ကယ်လိုရီလည်း မပါရှိပါဘူး။ အဆိုးဆုံးက သူတို့ကို စားတာများရင် ကလေးကို သွားပိုးစားစေနိုင်တယ်၊ အဝလွန်စေနိုင်တယ် ဆိုတဲ့ ဆိုးကျိုးတွေ ပေးပါလိမ့်မယ်။

    ချောကလက်

    ချောကလက်က ကျန်းမာရေးအတွက် ဘယ်လိုကောင်းတယ် ဘာညာ ဆိုတဲ့ သုတေသနတွေ့ရှိချက်တွေဟာ အချိုမပါတဲ့ ချောကလက်စစ်စစ်ကိုသာ ဆိုလိုပါတယ်နော်။ ဘယ်ကလေးကများ အချိုမပါတဲ့ ချောကလက်ကို ကြိုက်ပါ့မလဲ။ ချိုဆိမ့်သက်နေတဲ့ ချောကလက်ကိုသာ မက်မောတတ်တဲ့ ကိုယ့်ကလေးကို ဆင်ဆင်ခြင်ခြင်ကျွေးသင့်ပါတယ်နော်။

    ဂက်စ်ပါတဲ့ အချိုရည်တွေ

    ကလေးတွေအတွက် မသင့်တော်ဆုံးက ဒီအချိုရည်တွေပါ။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ သကြားဓာတ်များတဲ့အပြင် –

    • ကဖင်းပါတတ်တယ်။ ကဖင်းကြောင့် စွဲလမ်းတတ်စေတယ်၊ ကလေးကျန်းမာရေးအတွက် ထိခိုက်မှုရှိစေနိုင်တယ်၊ အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်။
    • သကြားမပါတဲ့ sugar-free ဖြစ်ရင်တောင် အက်စစ်ဓာတ်များလို့ ကလေးရဲ့ ဖွံ့ဖြိုးဆဲ သွားလေးတွေကို ထိခိုက်စေနိုင်တယ်။
    • သကြားတုတွေပါတယ်ဆိုရင် ကလေးကို အချိုစွဲလမ်းမှုဖြစ်စေနိုင်ပြီး ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်တွေ ကျွေးရပိုခက်လာနိုင်ပါတယ်။
    • ကလေးကို မြန်မြန်ဗိုက်ပြည့်စေနိုင်လို့ သူ့အတွက် တကယ်လိုအပ်တဲ့ အာဟာရတွေစားဖို့ မဆံ့တော့ဘဲ နေပါလိမ့်မယ်။

    အသီးဖျော်ရည်တွေ

    ဘူးအချိုရည်တွေ မတိုက်ပါဘူး၊ သဘာဝအသီးတွေနဲ့ အချိုရည်ပဲတိုက်တယ်ဆိုတဲ့ မေမေတို့ သတိထားကြဖို့ပါ။ ကလေးကို အသီးဖျော်ရည်ပုလင်းတွေဖျော်တိုက်တာ၊ အချိုထပ်စွက်ထားတဲ့ သဘာဝအသီးဖျော်ရည်တွေတိုက်တာလည်း အချိုဓာတ်စားသုံးမှုလွန်ကဲစေနိုင်ပါတယ်။

    အားဖြည့်အချိုရည်

    ကလေးအတွက် အားဖြည့်အချိုရည်တိုက်တာက ပေးလာမယ့် အာဟာရဓာတ်ကမရှိသလောက်ဖြစ်ပြီး ဆိုးကျိုးကပိုများပါတယ်။ အားဖြည့်အချိုရည်အများစုက အချိုနဲ့ ကဖင်းပမာဏတစ်ပုံတစ်ပင်ပါဝင်တာဖြစ်ပြီး တစ်ဘူးမှာ တစ်ခါတလေကော်ဖီတစ်ခွက်စာကနေ သုံးခွက်စာလောက် ကဖင်းဓာတ်တွေပါနိုင်သေးတယ်။ ပိုဆိုးတာက ကဖင်းဓာတ်များရင် ဦးနှောက်ဖွံ့ဖြိုးကာစ ကလေးတွေမှာ အာရုံစူးစိုက်နိုင်စွမ်းနဲ့လေ့လာမှတ်သားနိုင်စွမ်း ကို ထိခိုက်စေနိုင်ပါတယ်။

    ပဲနို့ဘူး

    ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ပရိုတင်းကို အပြည့်အဝရနိုင်တဲ့သောက်စရာ တစ်မျိုးဖြစ်ပေမယ့် အချိုပါဝင်မှုများတဲ့အထဲ ပဲနို့လည်းပါဝင်ပါတယ်။ ပဲနို့ကိုဈေးကွက်မှာ အသင့်သောက်ဘူးလေးတွေနဲ့ တွေ့ရတာများပါတယ်။ အသင့်သောက်ပဲနို့တွေမှာ ပါဝင်တဲ့အချိုဓာတ်က မနည်းတာကြောင့် အာဟာရအတွက် တိုက်မယ်ဆို စဉ်းစားချင့်ချိန်ပြီး အကန့်အသတ်နဲ့ တိုက်သင့်ပါတယ်။

    အာဟာရပြည့်သောက်စရာ

    ကလေးဖွံ့ဖြိုးကြီးထွားမှုအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ ဖြည့်စွက်ပေးနိုင်တဲ့ အာဟာရသောက်စရာတွေကို ပိုပြီးအားကိုးတတ်ကြပါတယ်။ အချိုရည်တွေ၊ အားဖြည့်အချိုရည်တွေ၊ကော်ဖီတွေမတိုက်ဘူးဆိုပြီး မုယောစပါးအာဟာရပြည့်သောက်စရာတွေ ကိုရွေးချယ်လိုက်ပါလေရော။ အဲဒီအခါကျမှ သူတို့မှာပါတဲ့ အချိုပမာဏကြောင့် ကလေးရဲ့နေ့စဉ်အာဟာရမှာ သကြားဓါတ်လွန်ကဲနိုင်တာ သတိထားသင့်ပါတယ်။

    ဘယ်လိုဖြေရှင်းရမလဲ။

    ဒါတွေမှာ သကြားဓာတ်များလို့ဆိုပြီး လုံးဝကြီးအပြတ်ဖြတ်ဖို့တော့ မဟုတ်ပါဘူးနော်။ ကလေးဆိုတာ တားမှ ပိုစားချင်တတ်တာမို့ တစ်ခါတလေမှ အကန့်အသတ်နဲ့ ကျွေးပါ။ ကလေးအတွက် အာဟာရပြည့်စေချင်ရင်တော့ ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်မယ့်ဓာတ်တွေ ပါဝင်ပြီးသား အာဟာရနို့မှုန့်တွေ၊ ဖြည့်စွက်အာဟာရတွေကို ရွေးချယ်နိုင်ပါတယ်။ ဥပမာ ဦးနှောက်နဲ့အမြင်အာရုံအတွက် အရေးပါတဲ့ DHA (အကျိုးပြုအဆီဓာတ်တစ်မျိုး)၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် သကြားဓာတ်ပါဝင်မှုနည်းတဲ့ အမှတ်တံဆိပ်တွေကို တိုက်ကျွေးသင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement