brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ယဉ်ကျေးသိမ်မွေ့တဲ့ ကလေးလေး တစ်ယောက်အဖြစ် အရွယ်ရောက်လာစေဖို့

ယဉ်ကျေးသိမ်မွေ့မှုက ကလေးတစ်ယောက်ကို မဖြစ်မနေ သင်ကြားပေးသင့်တဲ့ အခြေခံ လူ့တန်ဖိုး တစ်ခုပါ။ ဘဝအတွက် အရေးပါတဲ့ သင်ခန်းစာ တစ်ခုဆိုလည်း မမှားပါဘူး။ ဒါဆိုရင် မေးချင်တာလေး တစ်ခုက ချစ်မဝတဲ့ ကလေးတို့ကို ယဉ်ကျေးသိမ်မွေ့တဲ့ ကလေးလေး တစ်ယောက်အဖြစ် အရွယ်ရောက်လာစေဖို့ ဘယ်လိုလေးတွေ ပျိုးထောင်ပေးရမလဲဆိုတာကို သိပြီးပြီလား ဖေဖေမေမေတို့ရေ …….

ယဉ်ကျေးသိမ်မွေ့တဲ့ ကလေးလေး တစ်ယောက်အဖြစ် အရွယ်ရောက်လာစေဖို့

ယဉ်ကျေးသိမ်မွေ့မှု အတော်လေး အရေးကြီးသလား!

ကလေးတစ်ယောက် ယဉ်ကျေးသိမ်မွေ့ဖို့ဆိုတာ ပတ်ဝန်းကျင်က အတော်လေး အရေးကြီးသလို ဖေဖေမေမေတို့ရဲ့ ငယ်ရွယ်စဉ် သင်ပြပေးမှုကလည်း အတော်လေး အရေးကြီးပါတယ်။ ကလေးတစ်ယောက်ဟာ ငယ်စဉ် အရွယ်ကတည်းက ယဉ်ကျေးသိမ်မွေ့ပါမှ အရွယ်ရောက်လာချိန်မှာ ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေးပြီး လူချစ်ခင်စရာ လေးစားစရာ ကောင်းသူအဖြစ် အရွယ်ရောက်လာမှာပါ။

ရိုင်းစိုင်းတဲ့ အပြုအမူတွေနဲ့ ရင်းနှီးကျွမ်းဝင်စွာ ကြီးပြင်းလာတာ၊ အရွယ်ရောက်ချိန်မှာလည်း ယဉ်ကျေးမှုနဲ့ အောက်ကျို့စွာ ဆက်ဆံရမှုကို မကွဲပြားတဲ့သူတွေဟာ ရိုင်းမှန်းမသိ ရိုင်းရင်း ပတ်ဝန်းကျင်မှာ အသိုင်းအဝိုင်းက ဖယ်ကြဉ်တာကို ခံရနိုင်ပါတယ်။

ယနေ့ခေတ်မှာ တော်တော်များများက ရိုင်းတာနဲ့ ထက်မြက်တာကို သေချာ ကွဲပြားမသိကြသလို စိတ်သဘောထား နုလွန်းတာနဲ့ အားငယ်တာကိုလည်း အမှတ်မှားရင်း အခြားသူတစ်ယောက်အပေါ် မနာလို ဝန်တိုစိတ် ကြီးတာကို အားငယ်တတ်လို့ပါလို့ ခေါင်းစဉ်တပ်လိုက်ကြတာလည်း အများကြီးပါ။

ဒါကြောင့် ကလေးကို ငယ်စဉ်ကတည်းက ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားတတ်စေဖို့ သင်ပေးထားဖို့ လိုသလို ကလေးရဲ့ ပတ်ဝန်းကျင်မှာလည်း မယဉ်ကျေးတဲ့ အပြုအမူရှိသူတွေ မရှိအောင် သတိထားဖို့ လိုပါမယ်။

ကလေးဆိုတာက အတုမြင် အတတ်သင်တတ်ကြသူလေးတွေပါ

ကလေးဆိုတာက အရာရာကို အတုမြင် အတတ်သင်တတ်ကြသူလေးတွေပါ။ ကလေးတွေက လူကြီးတွေဆီက အကျင့်တွေကို ကိုယ်တောင် မသိလိုက်ချိန်မှာ အမြင်သင်ရင်း သူတို့လေးတွေရဲ့ ကိုယ်ပိုင် အလေ့အထလေးတွေအဖြစ် ပြောင်းလဲတတ်ကြပါတယ်။ ဒါကြောင့် ကလေးတွေ ရှေ့မှာ ရိုင်းပျစွာ ပြောဆိုတာ ကြမ်းကြမ်းတမ်းတမ်း ပြုမူတာတွေ မလုပ်ကြဖို့ လူကြီးတွေက ပြောကြတာပေါ့။

ကလေးတွေကို ထူးချွန်ထက်မြက်စေချင်တယ် ယဉ်ကျေး သိမ်မွေ့စေချင်တယ်ဆိုရင် ငယ်စဉ်ကတည်းက မေမေဖေဖေကိုယ်တိုင်ကရော ကလေးကို ထိန်းကျောင်းကြမယ့် ကလေးနဲ့ အနီးကပ် ရှိမယ့်သူတွေကပါ အပြုအမူ အပြောအဆို တစ်ခုချင်းစီကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ကလေးကို ငယ်စဉ်ကတည်းက အမြင်မှား အသင်မှားရင်း အလေ့အကျင့်ဆိုးတွေ ရသွားတာမျိုး မဖြစ်အောင် လူကြီးတွေက သေချာလေး ကိုယ့်ကိုယ်ကိုယ် ထိန်းဖို့ လိုပါမယ်။ 

ယဉ်ကျေးသိမ်မွေ့တဲ့ ကလေးလေး တစ်ယောက်အဖြစ် အရွယ်ရောက်လာစေဖို့

ယဉ်ကျေးသိမ်မွေ့တဲ့ ကလေးလေး တစ်ယောက်အဖြစ် အရွယ်ရောက်လာစေဖို့ ဒီအချက်လေးတွေကို ပျိုးထောင်ပေးဖို့ လိုပါမယ်။

  • ကလေးကို စာနာတတ်အောင် သင်ပေးပါ

စာနာတတ်မှုက ယဉ်ကျေးသိမ်မွေ့မှုရဲ့ အစပါ။ ဒါကြောင့် ကလေးကို အခြားသူတွေနဲ့ သတ္တဝါလေးတွေအပေါ် စာနာတတ်အောင် ငယ်စဉ်ကတည်းက သင်ကြားပေးထားပါ။ ဒီလို စာနာတတ်တဲ့ ကလေးတစ်ယောက်ဟာ အရွယ်ရောက်လာချိန်မှာလည်း ယဉ်ကျေးသိမ်မွေ့မှာပါ။

  • စိတ်ရှည်တတ်အောင် သင်ပေးပါ

ကလေးကို ကိုယ့်ကိုယ်ကိုယ်ပဲ ဦးစား အလျင်လိုနေတာမျိုး မဖြစ်စေဖို့ ဆိုရင်တော့ သူငယ်ချင်းတွေနဲ့ အလှည့်က ဆော့ရတဲ့ ဂိမ်းမျိုးကို ဆော့စေရင်း ကိုယ့်အလှည့်ရောက်လာအောင် စိတ်ရှည်ရှည်နဲ့ စောင့်တတ်ဖို့ သင်ပေးပါ။ ဒီလိုမျိုး စိတ်ရှည်တတ်အောင် သင်ပေးတာက ကလေးကို ယဉ်ကျေးသိမ်မွေ့စေဖို့ တစ်ဖက်တစ်လမ်းက ထောက်ကူ ပေးနိုင်ပါတယ်။ 

  • ကလေးနဲ့ ကိုယ့်ကြားမှာ ပွင့်လင်းတဲ့ ဆက်ဆံရေး ထားရှိပါ

ကလေးကို ငယ်စဉ်ကတည်းက ပွင့်လင်းတဲ့ ဆက်ဆံရေးကို ဖန်တီးနိုင်သူလေး ဖြစ်စေဖို့ မေမေဖေဖေတို့နဲ့ ကလေးရဲ့ကြားမှာ ပွင့်လင်းစွာ ပြောဆိုနိုင်မယ့် ဆက်ဆံရေး တစ်ရပ်ကို ဖန်တီးထားပေးပါ။ ကလေးက မိဘကို အရိုအသေမဲ့ စေတာမျိုး မဟုတ်ဘဲ။ မိဘကိုလည်း ရိုသေရင်း ဖြစ်လာတဲ့ အခြေအနေတွေကိုလည်း ပွင့်လင်းစွာ ဖွင့်ဟပြောဆိုတတ်စေဖို့ပါ။ မေမေဖေဖေတို့ကလည်း ကလေးကပြောပြလာတဲ့ သူတို့ရဲ့ အတွေးလေးတွေကို လေးလေးစားစားနဲ့ အချိန်ပေးပြီး သေချာလေး နားထောင်ပါ။

  • ကျေးဇူးတင်တတ်အောင် သင်ပေးထားပါ

အချို့သော မယဉ်ကျေးမှုတွေက ကျေးဇူးမတင်တတ်မှုတွေကနေ အခြေခံလာတာပါ။ ဒါကြောင့် ကလေးကို သူ့ကို တစ်ယောက်ယောက်က လိုအပ်တာလေးတွေကို ကူညီပေးတိုင်း ကျေးဇူးတင်တတ်အောင်နဲ့ ကျေးဇူးတင်ပါတယ် ဆိုကြောင်း ပြောတတ်အောင်လေး ငယ်စဉ်ကတည်းက သင်ကြားပေးထားပါ။

  • တာဝန်ယူတတ်တဲ့ အလေ့အထလေး မွေးမြူပေးထားပါ

ကလေးကို ငယ်စဉ်ကတည်းက သူအပြစ်လုပ်မိချိန်မှာ ကိုယ့်တာဝန် ကိုယ်ယူပြီး ဝန်ခံတတ်စေဖို့ သင်ကြားပေးထားတာ၊ သူ့ရဲ့ တစ်ကိုယ်ရေ တစ်ကာယတာဝန်လေးတွေကို ကိုယ်တိုင် တာဝန်ယူတတ်အောင် သင်ကြားပေးထားမျိုးလေး လုပ်ပေးဖို့လည်း မမေ့ပါနဲ့။

  • ကလေးကို အမှီအခိုကင်းအောင် သင်ပေးထားပါ

ကလေးကို ကိုယ်ပိုင် ဆုံးဖြတ်ချက်ချတတ်စေဖို့နဲ့ အရာရာတိုင်းကို မိဘကိုပဲ မှီခိုနေတာမျိုး မဖြစ်စေဖို့လည်း သင်ကြားပေးထားရပါမယ်။ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ အလုပ်တာဝန်လေးတွေကို ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်နိုင်အောင် သင်ကြားပေးပါ။

  • ကြင်နာတတ်အောင် သင်ပေးပါ

ကလေးကို ငယ်စဉ်ကတည်းက ကြင်နာစိတ် ရှိအောင် သင်ကြားပေးထားတာက ကလေးကို အကောင်းမြင်စိတ် တိုးစေပြီး ယဉ်ကျေးသိမ်မွေ့မှုကိုပါ ပျိုးထောင်ပြီးသား ဖြစ်မှာပါ။ ကြင်နာတတ်တဲ့ ကလေးတော်တော်များများက အပြုအမူလေးတွေလည်း သိမ်မွေ့တတ်တယ် မဟုတ်လား!

  • စည်းမျဉ်းတွေကို နားလည်လိုက်နာတတ်အောင် သင်ပေးပါ

ကလေးကို ငယ်စဉ်ကတည်းက စည်းမျဉ်းတွေကို နားလည်တတ်အောင် ပြောပြ ရှင်းပြရင်း စည်းကမ်းရှိရှိ ကြီးပြင်းစေတာက ကလေးကို စည်းကမ်းသေဝပ်ပြီး ယဉ်ကျေးစွာနဲ့ ကြီးပြင်းလာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် ကလေးကို အရွယ်နဲ့ ကိုက်ညီမယ့် စည်းကမ်းလေးတွေ ချမှတ် သင်ကြားပေးရင်း ယဉ်ကျေးစွာ အရွယ်ရောက်လာအောင် ပျိုးထောင်လိုက်ပါ။

  • ပြဿနာတွေကို ဖြေရှင်းတတ်အောင် သင်ကြားပေးပါ

ကလေးကို အခက်အခဲတွေ ပြဿနာတွေကို ကြုံတွေ့လာရချိန်မှာ ဒေါသထွက် ပေါက်ကွဲမယ့် အစား စိတ်အေးအေးထားပြီး ဖြေရှင်းတာက ကောင်းမွန်တဲ့ အဖြေကို ရရှိစေနိုင်တယ်။ ပြဿနာတိုင်း အခက်အခဲတိုင်းမှာ ဖြေရှင်းနိုင်မယ့် နည်းလမ်းဆိုတာ ရှိစမြဲပဲဆိုတာနဲ့ ခေါင်းအေးအေးထားရင်း ဖြေရှင်းတာက အကောင်းဆုံး ရလဒ်တွေကို ရစေနိုင်တယ်ဆိုတာကို လက်တွေ့ပြသပေးတာမျိုး လုပ်ပေးပြီး အလေ့အကျင့်ကောင်းလေး ရအောင် ငယ်စဉ်ကတည်းက ပျိုးထောင်ပေးပါ။

အခုပြောခဲ့တဲ့ အလေ့အကျင့်လေးတွေကို သားသားမီးမီးတို့ကို ငယ်စဉ်ကတည်းက သေချာလေး သင်ကြားပေးမယ် ဆိုရင် ယဉ်ကျေးသိမ်မွေ့တဲ့ သားသားမီးမီးလေးတွေအဖြစ် အရွယ်ရောက်လာမှာ အသေအချာပါ။ ယဉ်ကျေးသိမ်မွေ့မှုက လူတစ်ယောက်အောင်မြင်ဖို့မှာ အရေးပါတာကြောင့် သားသားမီးမီးတို့ကို ငယ်စဉ် အချိန်ကတည်းက ယဉ်ကျေးအောင် သင်ကြားပျိုးထောင်ပေးဖို့ မမေ့ပါနဲ့ ထပ်ဆောင်း သတိပေးလိုက်ချင်ပါတယ်။

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/03/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။