brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

2 နှစ်သားအရွယ် ကလေး၏ ဖွံ့ဖြိုးမှုမှတ်တိုင်များ

မိဘတိုင်းဟာ သူတို့ချစ်ရတဲ့သားသမီးတွေအတွက် သန္ဓေသား ဘဝလေးကတည်းက အကောင်းဆုံးတွေသာမျှော်လင့်တာပါ။ ကလေးလေးမွေးလာပြီးတဲ့အခါ သူကြီးပြင်းလာတဲ့ခရီးရဲ့ မှတ်တိုင်တစ်ခုချင်းတစ်ခုချင်းစီမှာ သင့်တာဝန်ကလည်းတဖြည်းဖြည်းကြီးလာပါတယ်။

2 နှစ်သားအရွယ် ကလေး၏ ဖွံ့ဖြိုးမှုမှတ်တိုင်များ

ကလေးဟာအရွယ်ရောက်လာတာနဲ့အမျှ သင့်ဂရုစိုက်မှုပုံစံအမျိုးမျိုး လိုအပ်လာတယ်။ ဒါတွေကတော့ သင့်ကလေး ၂ နှစ်သားအရွယ်မှာ တွေ့ကြုံရမယ့် အတွေ့အကြုံတွေအကြောင်းပေါ့။

လမ်းစလျှောက်ပြီ

အသက်နှစ်နှစ်ဆိုရင် ကလေးတွေဟာ လမ်းစလျှောက်စပြုပြီဖြစ်တယ်၊ ကလေးအများစုဟာ အသက် ၉လမှ ၁၇လ လောက်မှာ လမ်းစလျှောက်ကြပါတယ်။ တစ်လှမ်းချင်း တစ်လှမ်းချင်းသွားတာဆိုပေမယ့် မိဘတွေဆီက အကူအညီမလိုတော့ပါဘူး။

စပြေးပြီ

လမ်းစလျှောက်ပြီး ၆ လလောက်ကြာရင်တော့ အပြေးသမားပေါက်စလေးပေါ့။ လိုက်ထိန်းဖို့ပိုခက်ခဲလောက်အောင် ပတ်ပြေးနေတော့မှာပါ၊ လိုက်ဖမ်းဖို့သာပြင်ထားပေတော့။

တောင်တက်သမားလေးတွေ

သင့်ကလေးရဲ့စွန့်စားခန်းတွေအတွက်လည်း အသင့်ပြင်ထားလိုက်ပါ။ မြေပေါ်မှာလမ်းလျှောက်တာနဲ့ ပြေးတာကို ကျွမ်းကျင်သွားပြီလို့ယူဆတာနဲ့ ဒီတစ်ခါအပေါ်တက်ပါပြီ။

ပုခတ်အပြင်ဘက်ကို၊ ပရိဘောဂတွေပေါ်၊ လှေကားပေါ် စသည်ဖြင့် တွေ့သမျှအကုန်တွယ်တက်ပါပြီ။ ဒီအခါမှာ သူတို့မထိခိုက်အောင် ပုခက်ကို ဖယ်ပစ်လိုက်ဖို့လိုလာပါပြီ။ ပြီးတော့ သူ့တို့ကိုအမြဲမပြတ်စောင့်ကြည့်နေဖို့လည်း မမေ့ပါနဲ့

ဒီတစ်ခါဘောလုံးသမားပေါက်စ

အခုဆိုရင်သင့်ကလေးဟာ လောကကြီးရဲ့စုပေါင်းလှုပ်ရှားမှုတွေကို စူးစမ်းနေပါပြီ၊ ဘောလုံးတွေလိုမျိုး ပစ္စည်းတွေကို စတင်ကန်ကျောက်တတ်လာပြီ။ ကန်တတ်တာလာဟာ ကလေးငယ်ဖွံ့ဖြိုးမှုမှာ ကြီးမားတဲ့အဆင့်တစ်ဆင့်ပါ။

ဘောလုံးကပြန်ကန်ထွက်လာတတ်တာကိုကြည့်ပြီး အရုပ်တွေ၊ စားစရာတွေ စသည်ဖြင့် တွေ့သမျှကို ဘောလုံးလိုပြန်ကန်ထွက်တတ်လား စမ်းကန်ကြည့်ကြပါလိမ့်မယ်။ ဒီလိုနဲ့ သူတို့ကစတင်သင်ယူလာကြပါတယ်၊

လျှောက်ခြစ်တတ်၊ စားတတ်သောက်တတ်လာပါပြီ

၂နှစ်သားအရွယ်ရောက်ပြီဆိုရင် ကလေးတွေက သူတို့လက်တွေနဲ့ လက်ချောင်းလေးတွေကို သေချာထိန်းတတ်လာပြီ။ ရောင်စုံခဲတံတွေကိုင်ပြီး မျဉ်းတွေ လိုင်းတွေ လျှောက်ဆွဲတတ်လာသလို၊ ဇွန်းကိုင်ပြီးတော့လည်း စားတတ်လာပါပြီ။

စိတ်ကူးယဉ်တတ်လာပြီ

၁၈လ-၂၄လသား လောက်ကစပြီး ကလေးတွေဟာ စတင်တွေးတတ် စိတ်ကူးယဉ်တတ်လာပါပြီ။ ကလေးတွေဆော့ပုံဆော့နည်း ပြောင်းလာတာကိုသတိထားမိမှာပါ။

ဝက်ဝံရုပ်လေးတွေကို စကားပြောတာမျိုး၊ ဘဲရုပ်လေးကိုအစာကျွေးတာ သူတို့ဖုန်းအရုပ်လေးနဲ့ စကားတွေပြောနေတာမျိုးတွေ လုပ်တတ်လာပါတယ်။ သူတို့ဦးနှောက်ဟာ ခုဆိုရင် စွန့်စားခန်းကြီးဖွင့်ဖို့အဆင်သင့်ဖြစ်နေပြီပေါ့။

စကားပီပီသသပြောပြီ

၁၅လ-၁၈လ သားလောက်မှာဆိုရင် စကားလုံးပီပီပြင်ပြင်စထွက်တတ်ပါပြီ။ ၂၄လလောက်ဆိုရင် ဝါကျတိုလေးတွေစပြောပြီပေါ့။။

သူငယ်ချင်းတေွ…

၂နှစ်ကျော် ၃နှစ်လောက်ရောက်ပြီဆိုရင် သူငယ်ချင်းဖွဲ့ရတာသူတို့စတင်နှစ်ခြိုက်လာကြပါပြီ။ ခုဆို သူတို့ရဲ့ လူမှုဘဝကြီး စတင်ပြီပေါ့

By Aye Myat Myat Noe

Dr. K Zin Thwe
Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr.Aye Myat Myat Noe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။