backup og meta

ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ကလေးဖြစ်စေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ကလေးဖြစ်စေဖို့

    ဘာမှ မပြောခင် အရင်ဆုံး မေးချင်တာလေး တစ်ခု ရှိပါတယ် မေမေဖေဖေတို့ရေ။ ဒါကတော့ ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ကလေးဖြစ်စေဖို့ ဘယ်လို ပျိုးထောင်ပေးရမလဲ ဆိုတာကို သိပြီးပြီလား!

    သားသားမီးမီးတို့ကို ထက်ထက်မြက်မြက် သွက်သွက်လက်လက်လေး ကြီးပြင်းစေချင်တဲ့ ဆန္ဒ မိဘတိုင်းမှာ ရှိမှာပါ။ ကိုယ့်ကလေးက အခက်အခဲ တစ်ခုခု ကြုံလာလို့ ပါးပါးနပ်နပ်နဲ့ တုံ့ပြန်ဖြေရှင်းနိုင်လိုက်ရင် တပြုံးပြုံးကြည့်ရင်း ငါ့သားလေးကဖြင့် တော်လိုက်တာ၊ ငါ့သမီးလေးကဖြင့်တော်လိုက်တာဆိုပြီး ကျေနပ်နေတတ်တာ မိဘတိုင်းနော်။

    သားသားမီးမီးတို့ကို ဒီလိုမျိုး ပါးပါးနပ်နပ် ဖြတ်ထိုးဉာဏ် ရှိရှိနဲ့ ကြီးပြင်းလာစေဖို့က ကိုယ်တိုင်ပျိုးထောင်လို့ ရပါတယ်။ ဘယ်လို ပျိုးထောင်ပေးရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးပါမယ်နော်။

    ဖြတ်ထိုးဉာဏ်ကောင်းစေဖို့ အရေးပါသော အရာ (သို့မဟုတ်) အာဟာရ ပြည့်ဝမှု

    သားသားမီးမီးတို့ကို ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ကလေးဖြစ်စေဖို့ ငယ်စဉ်ကတည်းက အာဟာရ ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့ အရေးပါပါတယ်။ နေ့စဉ် စားသုံးမှုမှာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ကူပေးနိုင်မယ့် အာဟာရဓာတ်တွေ ပါဝင်အောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။ 

    ကလေးရဲ့ နေ့စဉ် စားသုံးမှုမှာ ဦးနှောက်ဖွံ့ဖြိုးစေဖို့အတွက် ဖေဖေမေမေတို့နဲ့ ရင်းနှီးပြီးသား အာဟာရလေး တစ်ခု ဖြစ်တဲ့ DHA ကို ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့ လိုပါမယ်။ DHA ကို ပင်လယ်ငါး၊ ဥအမျိုးမျိုး၊ သစ်ကြားသီး၊ ပင်လယ်ငါးဥ၊ မြေပဲထောပတ်နဲ့ ပဲပိစပ်ကနေ ရတဲ့ အစားအစာတွေကနေ ရရှိနိုင်သလို သားသားမီးမီးတို့အတွက် ထုတ်လုပ်ထားတဲ့ ဖြည့်စွက်စာ ဖော်မြူလာနို့ တွေကနေလည်း ရရှိနိုင်ပါတယ်။ 

    DHA က ကလေးကို ဖြတ်ထိုးဉာဏ် ကောင်းစေဖို့ ထောက်ကူပေးသလို ကလေးရဲ့ သိမြင်မှုစွမ်းရည် တိုးတက်စေဖို့၊ သင်ယူနိုင်စွမ်းနဲ့ အာရုံစူးစိုက်နိုင်စွမ်း တိုးတက်စေဖို့ ထောက်ကူပေးသလို ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ စကားပြောဆိုနိုင်မှုနဲ့ စာဖတ်နိုင်မှု စွမ်းရည်တွေ ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ 

    ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ကလေးဖြစ်စေဖို့

    ကလေးကို မျှော်လင့်ချက် ပြည့်ပြည့် ယုံကြည်ချက်ရှိရှိနဲ့ စိတ်အားထက်သန်စွာနဲ့ ထက်မြက်တဲ့ ကလေးအဖြစ် ကြီးပြင်းလာစေဖို့အတွက် အခုလိုလေး ပျိုးထောင်ပေးလို့ ရပါတယ်။

    • ပြဿနာကို သုံးသပ်နိုင်အောင် သင်ပေးပါ

    အခက်အခဲတွေ ကြုံတဲ့အခါ စိတ်လိုက်မာန်ပါ မလုပ်ဘဲ ပြဿနာကို သုံးသပ်တတ်အောင် သင်ပေးထားပါ။ ဥပမာ –  ပြဿနာ တစ်ခုခု ရှိလာတဲ့အခါ ကလေးကို ပြဿနာက သူထင်သလို မဆိုးဘူး။ ဖြေရှင်းနည်းတွေ ရှိတယ်ဆိုတာကို သင်ပြပေးပါ။ 

    • ကိုယ်တိုင်ဖြေရှင်းတတ်အောင် သင်ပေးပါ

    အခက်အခဲ တစ်ခုခု ရှိတဲ့အခါ ကလေးကို ဝင်ဖြေရှင်းပေးတာမျိုး မလုပ်ဘဲ သူကိုယ်တိုင် ဖြေရှင်းတာကို ဘေးကနေ ကြည့်နေပေးပါ။ မှားယွင်းနေတာမျိုး မဟုတ်ဘူးဆိုရင် ကိုယ်တိုင် ဖြေရှင်းအောင် ထားလိုက်ပါ။ကလေးက ဖြေရှင်းတဲ့ ပုံစံမှား နေမယ်ဆိုရင်လည်း ဝင်ပြောပြပေးတာ။ 

    • ရှင်းပြပါ။ နှီးနှောပါ

    ပြဿနာတစ်ခုခု ရှိတယ်ဆိုရင် ကလေး နားလည်လောက်တဲ့ စကားလုံးတွေနဲ့ ပြဿနာတွေကို ရှင်းပြပါ။ ဒီလို ရှင်းပြတဲ့အခါ ကလေးက သူစဉ်းစားမိတာတွေကို ပြောပြလာခဲ့ရင်လည်း နားထောင်ပေးရင်း အတွေ့အကြုံတွေ စဉ်းစားပုံတွေကို ဖလှယ်ပါ။

    • အကောင်းဆုံးဖြစ်မဲ့ အဖြေကို စဉ်းစားခိုင်းပါ

    ကလေးက အခက်အခဲအတွက် ဖြေရှင်းနည်းကို ထုတ်ပြီးပြီ။ ဒီဖြေရှင်းနည်းရဲ့ အဆိုးနဲ့ အကောင်းကိုလည်း သိပြီးပြီဆိုရင် အကောင်းဆုံး ဖြစ်မယ့် အဖြေတစ်ခုကို ထုတ်နိုင်စေဖို့ စဉ်းစားခိုင်းပါ။ 

    • Puzzle ကစားခိုင်းပါ

    ကလးကို ဖြတ်ထိုးဉာဏ်ကောင်းစေဖို့ နောက်ထပ် လုပ်ဆောင်လို့ ရတဲ့ နည်းလမ်းတစ်ခုကတော့ Puzzle ကစားခိုင်းတာပါ။ ကလေးကို Puzzle ကစားခိုင်းတာက ကလေးရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ ဖြတ်ထိုးဉာဏ်ကောင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။

    • ဖွက်ထားတဲ့ ပစ္စည်းလေးတွေ ရှာရတဲ့ ဂိမ်းတွေ ကစားခိုင်းပါ

    သားသားမီးမီးတို့ကို ပစ္စည်းလေးတွေ ရှာပေးခိုင်းတဲ့ ဂိမ်းမျိုး ကစားပေးတာ၊ ရုပ်ပုံတွေထဲမှာ ဖွက်ထားတဲ့ ပုံလေးတွေကို ရှာခိုင်းတဲ့ ဂိမ်းမျိုး ကစားခိုင်းတာကလည်း ကလေးရဲ့ ဖြတ်ထိုးဉာဏ် ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    ကဲ ….. အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေကိုလည်း လုပ်ဆောင်ပေးမယ်။ သားသားမီးမီးတို့ကို အသက်အရွယ်အလိုက် လိုအပ်တဲ့ အာဟာရတွေကိုလည်း ပြည့်ဝအောင် ပြင်ဆင်ကျွေးမွေးမယ်ဆိုရင် ဖြတ်ထိုးဉာဏ်ကောင်းပြီး ထက်မြက်တဲ့ ကလေးတွေအဖြစ် ကြီးပြင်းအရွယ်ရောက်လာမှာပါ။

    # စကားလက်ဆောင်


    ဖြတ်ထိုးဉာဏ်ကောင်းအောင် သင်ပေးတာက သားသားမီးမီးတို့ကို ထက်မြက်စေပါတယ်။ ဒီလို ပြောရတာက သားသားမီးမီးတို့ကို ဖြတ်ထိုးဉာဏ်ကောင်းအောင် သင်ပေးတာက စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ထောက်ကူပေးသလို တွေးခေါ်နိုင်စွမ်း၊ ပေါင်းသင်းဆက်ဆံရေး တွေကိုပါ ကောင်းမွန်စေလို့ ပါပဲ။ 
    ကလေးကို ဖြတ်ထိုးဉာဏ်ကောင်းအောင် သင်ပေးတာက ဖြတ်ထိုးဉာဏ်တင် ကောင်းစေတာ မဟုတ်ဘဲ အခုလို အကျိုးကျေးဇူးလေးတွေပါ ရရှိစေတာပါ။
    • ဖန်တီးနိုင်စွမ်း ကောင်းစေတယ်
    • ပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းနိုင်တယ်
    • ကိစ္စအရပ်ရပ်ကို စီမံခန့်ခွဲနိုင်စွမ်း ကောင်းစေတယ်
    • ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်း ကောင်းစေတယ်
    • ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ကောင်းတယ်
    • စေ့စပ်ညှိနှိုင်းနိုင်စွမ်း ကောင်းစေတယ်
    • ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝစေတယ်
    • စိတ်အားထက်သန်စွာ လုပ်ဆောင်တတ်စေတယ်။
    ဒီလောက်ထိ အကျိုးကျေးဇူးတွေ များမှတော့ သားသားမီးမီးတို့ကို ဖြတ်ထိုးဉာဏ်ကောင်းအောင် သင်ပေးသင့်တယ်ဆိုတာ သေချာပဲဟုတ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement