backup og meta

ကလေးတစ်ယောက် ကောင်းမွန်စွာကြီးပြင်းလာစေဖို့ ဘယ်လိုဂရုစိုက်မလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတစ်ယောက် ကောင်းမွန်စွာကြီးပြင်းလာစေဖို့ ဘယ်လိုဂရုစိုက်မလဲ

    ပြောတော့သာလွယ်တာပါနော်။ ကလေးတစ်ယောက် ကြီးပြင်းလာတဲ့အထိ ပြုစုပျိုးထောင်ရတာ အတော်လေးဂရုစိုက်ရပါတယ်။ ကလေးက ကျန်းမာဖွံ့ဖြိုးရမယ့်အပြင် သွက်လက်ပျော်ရွှင်နေဖို့ကိုလည်း ဦးစားပေးရပါလိမ့်မယ်။ ကနေ့ခေတ် ထူးချွန်ထက်မြက်တဲ့ သားသမီးတွေကို မွေးထုတ်ပေးနိုင်တဲ့ မိဘတွေက ဒီအကျိုးရလဒ်ကို လွယ်လွယ်နဲ့ရခဲ့တယ်ထင်ပါသလား။

    ကလေးကို စားချင်တာဝယ်ကျွေး၊ လိုချင်တာဝယ်ပေးပြီး စိတ်ချမ်းသာအောင် အလိုလိုက်ထားရုံနဲ့ ကျန်းမာပျော်ရွှင်စေမှာလား ဒါမှမဟုတ် စည်းကမ်းကောင်းကောင်း ကြပ်မတ်ထားရုံနဲ့ ထူးချွန်ထက်မြက်စေမှာတဲ့လား…

    ဒီလိုဆို မိဘတွေက ဘယ်လိုဂရုစိုက်ပေးရမှာလဲ၊ ဘယ်လိုပျိုးထောင်ပေးရမှာလဲ။ ဒီမေးခွန်းကို အဓိကအဖြေကတော့ နေ့စဉ်ဘဝမှာ ကလေးရဲ့အာဟာရနဲ့ လှုပ်ရှားမှုအလေ့အကျင့်‌တွေပဲဖြစ်ပါတယ်။ ကိုယ့်ကလေး နေ့တိုင်းစားသောက်နေတဲ့အာဟာရထဲမှာ သူ့ရဲ့ဖွံ့ဖြိုးမှုအတွက် လိုအပ်နေတဲ့ဓာတ်တွေ ပါနေရဲ့လား၊ သွက်လက်ထက်မြက်မှုကို အားပေးတဲ့ လှုပ်ရှားမှုတွေနဲ့ အလေ့အကျင့်ကောင်းတွေ ရှိနေရဲ့လား သိဖို့ အရေးကြီးပါတယ်။ ဖေဖေမေမေတို့ကို အကြံပေးချင်တာကတော့ –

    () ကလေးကို အကြိုက်ဆော့ခွင့်ပေးပါ

    အမြဲအလိုလိုက်ပြီး မျောက်ရှုံးအောင် ဆော့ခွင့်ပေးထားဖို့ကို မဆိုလိုပါဘူးနော်။ အချိန်နဲ့နေရာ သတ်သတ်မှတ်မှတ်ဆော့ကစားခွင့်ပေးပါ။ တစ်နေ့ကို အနည်းဆုံးတစ်နာရီလောက်တော့ ဘေးကထိန်းချုပ်တာမပါဘဲ စိတ်လွတ်ကိုယ်လွတ် ဆော့ကစားဖို့ခွင့်ပြု၊ ဖန်တီးပေးသင့်ပါတယ်။ ကလေးကို ဘေးဖြစ်မှာ၊ ထိခိုက်မှာတွေကိုတော့ ကြိုတင်ကာကွယ်၊ ရှင်းလင်းပေးထားရမှာ မိဘတာဝန်ပါ။ ပျော့ပျော့အိအိကစားကွင်းတို့၊ အပန်းဖြေကစားကွင်း၊ ပန်းခြံ တို့မှာ ကစားစေတာ၊ မိဘနဲ့အတူကစားနည်းတစ်ခုခု သို့မဟုတ် ရွယ်တူချင်း၊ မောင်နှမချင်း ကစားစေတာမျိုး ဖန်တီးပေးပါ။

    () ကလေးရဲ့ စိတ်အားထက်သန်မှုကို အားပေးပါ

    ကလေးတွေရဲ့ တက်ကြွမှုကို အားပေးတဲ့နေရာမှာ မိဘတွေရဲ့နည်းလမ်းတွေမတူကြပါဘူး။ အရေးကြီးဆုံးက သူတို့ရဲ့စိတ်အားထက်သန်မှုတွေ၊ အားသန်တဲ့အရာတွေအပေါ် မိဘက ဘယ်လောက်အလေးထားပေးလဲ၊ ထောက်ပံ့အားပေးလဲဆိုတာ ကလေးက သိနေဖို့ပါပဲ။ ကလေးက အားကစားမှာ အားသန်သလား၊ အနုပညာဘက်ကို စိတ်ဝင်စားသလား၊ သိပ္ပံ ဒါမှမဟုတ် နည်းပညာပိုင်းကို ဝါသနာပါနေတာလားဆိုတာ အရင်မြင်အောင်ကြည့်ပါ။

    ကျောင်းစာကိုပဲ ကြိုးစားဖို့ ဖိအားပေးထားတာထက် ကျောင်းပညာရေးကို တစ်ဖက်ကကြိုးစားနေချိန် တစ်ဖက်မှာ သူ့ဝါသနာလေးတွေကို ပျိုးထောင်အားပေးတာကောင်းပါတယ်။ နည်းလမ်းတကျ ပုံသွင်းပေးရင် ကလေးရဲ့စိတ်အားထက်သန်မှုကြောင့် ထူးချွန်ထက်မြက်လာမှာ သေချာပါတယ်။

    () ဖုန်းနဲ့တီဗီ အစား လှုပ်လှုပ်ရှားရှား ကစားနည်းမှာ အချိန်ပိုပေးခိုင်းပါ

    ကလေးကို ဖုန်းတစ်လုံးပေးထားရင် ဒါမှမဟုတ် တီဗီရှေ့ချပေးထားရင် ငြိမ်နေတာပဲ ဆိုတာမျိုးကို ဝမ်းမသာပါနဲ့။ ကလေးရဲ့မျက်စိဖွံ့ဖြိုးမှုကို ထိခိုက်စေလို့ ငယ်ငယ်လေးနဲ့ မျက်မှန်တပ်ကြရတာ မြင်ဖူးမှာပေါ့။ ဒီလိုအရွယ်မှာ ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ထိတွေ့မှုများလို့ ကလေးရဲ့ဖွံ့ဖြိုးဆဲ ဦးနှောက်နဲ့ ဉာဏ်ရည်ထက်မြက်မှုမှာ အနှောင့်အယှက်ဖြစ်စေနိုင်တယ်လို့ သုတေသနတွေက အခိုင်အမာ သတိပေးထားပြီးသားပါ။ ဒါ့ကြောင့် ကလေးချင်း အတူကစားစေတာ(သူငယ်ချင်းတွေနဲ့ဆုံပေးတာ)၊ မိသားစုလိုက် ကစားတာမျိုး လှုပ်လှုပ်ရှားရှားနေစေမယ့် နည်းလမ်းတွေ အစီအစဉ်ဆွဲပါ။

    () ကျန်းမာအားပြည့်စေမယ့် အစားအစာတွေ စီစဉ်ပါ

    ကလေးအတွက် အိမ်မှာပဲချက်တဲ့၊ စီစဉ်တဲ့ အစားအသောက်တွေပဲ အဓိကထားကျွေးပါ။ အချိုးအဆ အသေးစိတ်မတွက်ချက်နိုင်ရင်တောင် အနည်းဆုံးတော့ ဗီတာမင်နဲ့သတ္တုဓာတ်တွေအပါအဝင် ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေပါဖို့ အရေးကြီးပါတယ်။ ဥပမာ – ကြွက်သားဖွံ့ဖြိုးမှုအတွက် ပရိုတင်း၊ ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးမှုအတွက် အကျိုးပြုအဆီဓာတ်(DHA) စတာတွေပါဝင်တဲ့ အစားအစာတွေကို စီစဉ်ပေးသင့်ပါတယ်။

    အပြင်စာတွေ၊ အသင့်စား အစားအစာတွေ၊ ပြုပြင်စီမံထားတာတွေကို ရှောင်ပြီး ညီညွတ်မျှတတဲ့ အာဟာရကို စီမံပေးလိုက်ပါ။

    () ကျန်းမာရေးနဲ့မညီတဲ့ အစားအသောက်တွေနဲ့ ကင်းအောင် ကျင့်ယူပါ

    အပြင်စာ၊ သရေစာ မက်နေတဲ့ ကလေးကို ချက်ချင်းကြီး ပုံစံပြောင်းဖို့မလွယ်တဲ့အတွက် အစတည်းက ဖြည်းဖြည်းချင်း အလေ့အကျင့်လုပ်ပေးထားသင့်ပါတယ်။ ဥပမာ အိမ်မှာသုံးတဲ့ ဆီကအစ ဟင်းခတ်မှုန့်တွေအထိ၊ အရသာ အပေါ့အငန်တွေအထိ ကျန်းမာတဲ့စားသောက်မှုပုံစံနဲ့ ကလေးကို လေ့ကျင့်ပေးထားသင့်ပါတယ်။ ဆိုလိုတာက ကလေးအတွက်တစ်မျိုး၊ ကိုယ်တွေစားတော့တစ်မျိုး မလုပ်ဘဲ တစ်မိသားစုလုံး ကျန်းမာအောင်စားဖို့ပါပဲ။ အဆီများတာ၊ အချိုကဲတာ၊ အငန်များတာ၊ ဆိုးဆေးပါတာ၊ တာရှည်ခံပစ္စည်းများတာ စတဲ့ အစားအသောက်တွေကို ငြင်းပယ်တတ်လာအောင် ကလေးကို အသိပညာပေးပါ။

    ထူးချွန်ထက်မြက်တဲ့ သားသားမီးမီးတွေအဖြစ် ကြီးပြင်းလာစေဖို့ ဒီအချက်တွေက အကြံဉာဏ်ကောင်းတွေ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement