backup og meta

အွန်လိုင်းကနေ ကလေးကို စာသင် ပေးမယ်ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အွန်လိုင်းကနေ ကလေးကို စာသင် ပေးမယ်ဆိုရင်

    ကိုဗစ်ကပ်ရောဂါဆိုးကြီး ဖြစ်တဲ့အခါကျတော့ ကလေးတွေကို အရင်လို ကျောင်းပို့ဖို့ ခက်လာပါတယ်။ ဒါပေမယ့် ကလေးရဲ့ ပညာရေးကလည်း အရေးကြီးတဲ့အတွက် လူကြီးတွေ Work from home လုပ်သလို ကလေးတွေကိုလည်း အွန်လိုင်းကနေ စာသင်ပေးလာကြပါတယ်။ နွေရာသီ ပန်းချီသင်တန်းတွေ၊ အင်္ဂလိပ်စာသင်တန်းတွေ စသဖြင့် ကလေးတွေကို အပြင်မှာ သင်သလိုမျိုး သင်နိုင်အောင် စီစဉ်လာကြပါတယ်။ ဒီလိုမျိုး အွန်လိုင်းကနေ ကလေးကို စာသင် ပေးတဲ့အခါ မိဘတွေရော ကလေးတွေပါ အသားမကျသေးဘဲ အခက်အခဲလေးတွေ ရှိတတ်ပါတယ်။

    ဒါကြောင့် မိဘတွေအနေနဲ့ အိမ်ကနေ စာသင်တဲ့ ကလေးကို ဘယ်လိုမျိုးကူညီနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။

    အွန်လိုင်းကနေ ကလေးကို စာသင်ပေးတဲ့အခါ ကြုံရနိုင်တဲ့ အခက်အခဲတွေ

    အွန်လိုင်းကနေ ကလေးကို စာသင် ပေးရတာက ကျောင်းသွားပို့လိုက်တာနဲ့ နည်းနည်းတော့ ကွာပါတယ်။

    • အွန်လိုင်းကနေ သင်တဲ့အခါ အပြင်မှာလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့ဆက်ဆံတာ နည်းသွားပါတယ်။
    • ကလေးတွေအနေနဲ့လည်း screen time များသွားနိုင်ပါတယ်။
    • အိမ်မှာ တစ်ယောက်တည်း သင်ရတဲ့အတွက် အထီးကျန်တာ၊ ပျင်းပြီး စိတ်မပါတာမျိုး ဖြစ်နိုင်ပါတယ်။
    • မိဘတွေအနေနဲ့လည်း ကလေးက အွန်လိုင်းကနေ သင်ရတဲ့အခါ အပြင်မှာလောက် စိတ်ဝင်စားပါ့မလား။ စာလိုက်နိုင်ပါ့မလား။ ကင်မရာပိတ်ပြီး ဆော့နေမလား စသဖြင့် စိုးရိမ်စိတ်တွေရှိနေမှာပါ။

    ကျောင်းရောက်ရင်တော့ ဆရာမက ထိန်းပေးပေမယ့် အိမ်မှာကျတော့ မိဘတွေ တာဝန်လုံးလုံး ဖြစ်သွားတာကိုး။ ဒါကြောင့် ခုပြောမယ့် အချက်လေးတွေနဲ့ အွန်လိုင်းကနေ ကလေးကို စာသင် ပေးတာကို အကျိုးရှိအောင် လုပ်လို့ရပါတယ်။

    အိမ်မှာပဲ ကလေးကို စာသင် ပေးမယ်ဆိုရင်

    စာသင်တာ မလုပ်ခင် ဒီအချက်တွေကို ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် ကလေးရဲ့ စာသင်ကြားရေးကို အများကြီး အထောက်အကူပြုမှာပါ။

    • စာသင်ဖို့ သီးသန့်နေရာ သတ်မှတ်ထားပေးပါ။

    ကလေးစာသင်မယ့်နေရာက စာသင်ခန်းနဲ့ အလားသဏ္ဍာန်တူဖို့ လိုပါတယ်။ တိတ်ဆိတ်ပြီး အလင်းရောင်ကောင်းကောင်း ရတဲ့နေရာကို ကလေးအတွက် သီးသန့်ထားပေးပါ။ အာရုံအပြောင်းအလဲ ဖြစ်စေမယ့် တီဗွီတို့၊ သီချင်းသံတို့၊ လူသွားလူလာများတဲ့နေရာတို့နဲ့ ဝေးပါစေ။ အနီးအနားမှာ စာသင်ကြားတာနဲ့ ဆိုင်တဲ့ ပစ္စည်းတွေပဲ ထားပေးပါ။ ဒါမှ ဒီနေရာကို လာလိုက်တာနဲ့ စာသင်ရတော့မယ်ဆိုတဲ့ အသိဖြစ်လာမှာပါ။

    • လိုအပ်တဲ့ ပစ္စည်းတွေ ပြည့်ပြည့်စုံစုံ ဝယ်ထားပါ။

    လက်ပတော့၊ ကွန်ပျူတာ၊ တက်ဘလက်၊ ဖုန်း စသဖြင့် ကိုယ်လက်လှမ်းမီတဲ့ အီလက်ထရောနစ် ပစ္စည်းတစ်မျိုးမျိုး ဝယ်ထားပေးပါ။ တတ်နိုင်ရင် ကလေးတစ်လက်ကိုင်ပဲ ဖြစ်ပါစေ။ အထဲမှာလည်း စာသင်တာနဲ့ ပတ်သက်တာတွေက လွဲပြီး ဘာမှမထားပါနဲ့။ ဒါမှ ကလေးက စာသင်နေတုန်း ဖေ့ဘွတ်သုံးနေတာ၊ ဂိမ်းဆော့နေတာမျိုး မရှိမှာပါ။

    • အချိန်ဇယား လုပ်ထားပါ။

    ဘယ်အချိန်ကတော့ စာသင်ရမယ်။ ဘယ်အချိန်မှာ နားကြမယ် စသဖြင့် အချိန်ဇယားကို တိတိကျကျ သတ်မှတ်ထားပါ။ ဒါမှကလေးက နေ့တိုင်း ကျောင်းတက်ရသလို အကျင့်ဖြစ်လာမှာပါ။ မလိုအပ်ဘဲ ကွန်ပျူတာရှေ့မှာ အချိန်ကုန်ပြီး Screen Time များလာမှာကိုလည်း ထိန်းချုပ်ပြီးသား ဖြစ်သွားပါတယ်။

    • သူငယ်ချင်းတွေနဲ့ အဆက်အသွယ်လုပ်ပါစေ။

    ရှေ့မှာပြောခဲ့သလိုပဲ အိမ်မှာတစ်ယောက်တည်းသင်ရတဲ့အခါ အထီးကျန်တာ၊ ပျင်းတာ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေနဲ့ အဆက်အသွယ် လုပ်နိုင်အောင် ကူညီပေးပါ။ စာသင်သလိုမျိုးပဲ သူငယ်ချင်း အချင်းချင်း အွန်လိုင်းကနေ ချိတ်ဆက်ပြီး အိမ်စာအတူလုပ်တာ၊ စာဆွေးနွေးတာ၊ စကားစမြည်ပြောတာတွေ လုပ်ပါစေ။

    • ကလေးရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးပါ။

    ကလေးသဘာဝ ဖုန်းလည်းသုံး၊ အွန်လိုင်းကနေလည်း စာသင်တဲ့အခါ Screen Time များတာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဖုန်းသုံးချိန်၊ အွန်လိုင်းက စာသင်ချိန်တွေကို သေချာကန့်သတ်ဖို့ လိုပါတယ်။ အထိုင်များတဲ့အတွက်လည်း အညောင်းမိတာ၊ အဝလွန်တာတွေ ဖြစ်လာနိုင်ပါတယ်။ အချိန်တစ်ခုသတ်မှတ်ပြီး လှုပ်လှုပ်ရှားရှား ကစားခိုင်းပါ။ ဒါမှ ကျန်းမာရေးကောင်းပြီး Screen Timeလည်း လျှော့ချပြီးသား ဖြစ်သွားမှာပါ။

  • ကလေးတွေကို နားလည်ပေးပါ။
  • အွန်လိုင်းကနေ စာသင်ရတဲ့အခါ ကလေးတွေနဲ့ အသားမကျတာကြောင့် စာသင်ရတာ အခက်အခဲရှိနိုင်ပါတယ်။ ဒါက စာမေးပွဲရလဒ်တွေမှာ ထိခိုက်လာနိုင်ပါတယ်။ ဒါကို မိဘတွေက နားလည်ပေးဖို့ လိုပါတယ်။ ကလေးတွေကို ဆူပူတာထက် ဘယ်လိုလေး ကူညီပေးရင် ကောင်းမလဲဆိုတာကို စဉ်းစားသင့်ပါတယ်။ ကလေးတွေ စိတ်အားမငယ်အောင် အပြုသဘောဆောင်တဲ့ ချီးကျူးမှုတွေ၊ အားပေးမှုတွေ လိုအပ်ပါတယ်။ ဒီနေ့ အိမ်စာကောင်းကောင်းလုပ်လို့ ချီးကျူးတာ၊ ဆရာမနဲ့ သေသေချာချာလေး အမေးအဖြေလုပ်တာကို ချီးကျူးပေးတာက သူတို့ကို ယုံကြည်မှု တိုးစေပါတယ်။

    ကျောင်းတက်သလိုမျိုးပဲ မိဘတွေရဲ့ ကြိုးစားအားထုတ်မှုကလည်း လိုအပ်ပါတယ်။ ကျောင်းရွေးချယ်တာ၊ ကလေးအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ဒေါင်းလုပ်ချပြီး သိမ်းဆည်းပေးတာ၊ ကလေးစာသင်ချိန်မှာ အဆင်ပြေရဲ့လား စောင့်ကြည့်တာ၊ ဆရာ/ ဆရာမတွေနဲ့ ကလေးရဲ့ ပညာရေးကို ဆွေးနွေးတာ စသဖြင့် မိဘတွေရဲ့ ပါဝင်မှုကလည်း လိုအပ်ပါတယ်။

    ပြောရမယ်ဆို ဒါကလည်း အစပိုင်းလောက်ပဲ လိုမှာပါ။ ကလေးတွေ အသားကျသွားရင် သူတို့တွေကတောင် မိဘတွေကို ကျော်တက်သွားဦးမှာပါ။

    အနှစ်ချုပ်

    အွန်လိုင်းကနေ ကလေးကို စာသင် ပေးရတဲ့အခါ အစပိုင်းမှာ အခက်တွေ့နိုင်ပါတယ်။ ဒါက ကိုဗစ်ကြောင့် တစ်ကမ္ဘာလုံးရင်ဆိုင်ရတဲ့ အခက်အခဲပါ။ ဒါပေမယ့် သေချာအသုံးချတတ်ရင် ကလေးက အွန်လိုင်းကနေ စာသေချာ သင်လာနိုင်မှာ ဖြစ်သလို နောက်ပိုင်းကျရင် သူစိတ်ဝင်စားတဲ့အရာတွေကို အင်တာနက်ကနေ ကျွမ်းကျွမ်းကျင်ကျင် သင်ယူတတ်လာမှာလည်း ဖြစ်ပါတယ်။
    ဒါကြောင့် မိဘတွေအနေနဲ့ ကလေးကို ဝိုင်းဝန်းကူညီပေးဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement