backup og meta

မေမေတို့ အတွက် Stay At Home ကာလ လမ်းညွှန်ချက် ၁၀ ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေမေတို့ အတွက် Stay At Home ကာလ လမ်းညွှန်ချက် ၁၀ ချက်

    ဖေဖေတွေဟာ အိမ်ဦးနတ်ဆိုရင် မေမေတို့ ကလည်း အိမ်ရဲ့ အရှင်သခင်မတွေပါပဲ။ နေအိမ်တစ်ခုကို စီမံခန့်ခွဲရာမှာ မိခင်တွေလောက် တော်တဲ့ တတ်တဲ့ ကျွမ်းကျင်တဲ့သူမျိုးတွေမရှိနိုင်ဘူးလေ။ ခုလို Stay At Home ကာလမျိုးမှာဆို မိခင်တွေက ပိုအရေးပါလာပါတယ်။

    မိခင်တွေရဲ့ စနစ်တကျစီမံခန့်ခွဲမှုတွေအောက်မှာပဲ မိသားစုလေးက စနစ်တကျလည်ပတ်နေနိုင်မှာမဟုတ်လား။ Stay At Home ကာလမှာ ကလေးတွေကို ပြုစုစောင့်ရှောက်ရင်း၊ အိမ်မှုကိစ္စတွေ စီမံရင်း၊ လုပ်ငန်းခွင်တာဝန်တွေကိုလည်း ထမ်းဆောင်နေကြတဲ့ မိခင်တွေကို မြင်တွေ့ကြမယ်ထင်ပါရဲ့။

    နေအိမ်မှာနေထိုင်ရင်း အိမ်ကိစ္စတွေ လုပ်ရင်းကိုင်ရင်း အထာကျတဲ့ ထက်မြက်တဲ့ အိမ်ထောင်ရှင်မတစ်ယောက်၊ မိခင်တစ်ယောက်ဖြစ်ဖို့အတွက် အသုံးဝင်နိုင်မယ့် နည်းနာလေးတွေ ရှိတာမို့ ပြောပြချင်ပါတယ်။

    ၁။ မနက်စောစောထ

    အိမ်မှာနေနေရတဲ့ရက်တွေလေ စောစောထဖို့ လိုလို့လားလို့ တချို့ကတော့ မေးခွန်းပြန်ထုတ်ချင်ထုတ်နိုင်ပါတယ်။ တကယ်တော့ စောစောထတာက ကောင်းမွန်တဲ့ အလေ့အထတစ်ခုပါ။ ကလေးအတွက် မိသားစုအတွက် ပြင်ဆင်မှုတွေကို စောစောစီးစီး ပြင်ဆင်ထားနိုင်မယ်ဆိုရင် တစ်နေ့တာလုံးလုပ်ကိုင်ရမယ့် လုပ်ငန်းဆောင်တာတွေကို စီမံရာမှာ အဆင်ပြေချောမွေ့နေမှာပေါ့။

    ၂။ အစီအစဉ်တကျလုပ်

    စိတ်ပညာသဘောအရဆိုရင် စနစ်တကျလုပ်တာက ပင်ပန်းမှုကို သက်သာစေပါတယ်တဲ့။ နို့တိုက်ချိန်၊ ကျောင်းပို့ချိန်၊ ဈေးသွားချိန်၊ ချက်ချိန်ပြုတ်ချိန်၊ အိမ်မှုကိစ္စလုပ်ချိန်၊ လျှော်ရဖွပ်ရမယ့်အချိန်၊ အလုပ်လုပ်ချိန်တွေကို စနစ်တကျသတ်မှတ်ထားမယ်ဆိုရင် ကိစ္စတိုင်းကို ရိုးရှင်းလွယ်ကူစွာ ဆုံးဖြတ်စီမံနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နေ့စဉ်အချိန်ဇယား ထားရှိဖို့ မဖြစ်မနေလိုအပ်ပါတယ်။

    ၃။ အချိန်ကို အကျိုးရှိအောင်သုံး

    ပါကင်ဆန်ဥပဒေသကို မှီငြမ်းပြီးပြောရရင် အလုပ်လုပ်ရာမှာ တူညီတဲ့အချိန်ကာလအတွင်း တစ်ခုထပ်ပိုပြီး အကျိုးရှိအောင်အသုံးချနိုင်ဖို့လိုအပ်ပါတယ်။ ဥပမာ အိမ်ရှင်းဖို့ အချိန် ၅ နာရီကြာမယ်ဆိုရင် အိမ်ရှင်းနေရင်း တခြားတစ်ခုခုကိုပါ လမ်းကြုံအနေနဲ့ တွဲလုပ်သွားရင် တကယ်တမ်း ၅ နာရီကြာတဲ့အခါ အလုပ်တစ်ခုမက ပြီးနေတတ်တာမျိုးပါ။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ဒီလို Multi-tasking လုပ်ကိုင်ရတာမျိုးကို မိခင်တိုင်းက သိပ်ကို ထူးချွန်တယ်ဆိုတာပါပဲ။

    ၄။ ကျော့ကျော့မော့မော့နေ

    အိမ်မှာပဲနေရမှာ အိမ်အလုပ်တွေပဲ လုပ်နေရမှာဆိုပြီး နေချင်သလိုနေ၊ ဝတ်ချင်သလို ဝတ်စားဆင်ယင်တာမျိုးလည်း လုပ်တတ်ကြပါတယ်။ ဒါပေမယ့် အဲ့ဒီလိုမလုပ်ပါနဲ့။ သပ်သပ်ရပ်ရပ် ကျော့ကျော့မော့မော့ ဆင်ယင်တာက ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေပါတယ်။ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရာမှာ ပိုပြီး စိတ်အားထက်သန်စေသလို မိသားစုဝင်တွေနဲ့ သားသားမီးမီးတွေရဲ့ ယုံကြည်မှုကိုလည်း ပိုရစေပါလိမ့်မယ်။

    ၅။ အလုပ်တွင်ကျယ်စေမယ့် လုပ်ငန်းခွင်နေရာလေး ရှိပါစေ

    တကယ်လို့များ ကိုယ်က Stay at Home အပြင် Work from Home အဖြစ် နေအိမ်ကနေ အလုပ်ပါလုပ်နေရတယ်ဆိုရင် အလုပ်တွင်ကျယ်စေမယ့် နေရာတစ်ခု သတ်သတ်မှတ်မှတ်ရှိထားဖို့ လိုအပ်မှာပါ။ ဒါမှ အလုပ်လည်း အနှောင့်အယှက်ကင်းကင်းနဲ့ လုပ်နိုင်မှာပေါ့။ နေအိမ်ထဲမှာ ဟိုနေရာရွှေ့လိုက် ဒီနေရာရွှေ့လိုက်နဲ့ အလုပ်လုပ်နေမယ်ဆိုရင် အလုပ်ပြီးစီးဖို့ အခက်ကြုံရနိုင်တယ်မဟုတ်လား။

    ၆။ အချိန်ဖြုန်းမယ့် Apps တွေ ဖယ်ရှားပါ

    လူတိုင်းရဲ့ ဖုန်းထဲမှာ လုပ်ငန်းခွင်အတွက် အသုံးဝင်မယ့် App မျိုးတွေရှိနေတတ်သလို ဂိမ်းတွေ Social Media App တွေလို ဖုန်းတစ်ခါကိုင်ပြီတိုင်း လက်ကတော်တော်နဲ့ မချဖြစ်အောင် ဆွဲဆောင်နိုင်တဲ့ ဖျော်ဖြေရေး App တွေလည်း ရှိနေတတ်ပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်ရဲ့အချိန်တွေကို မလိုလားအပ်ပဲ တုံ့နှေးစေမယ့် ဖြုန်းတီးပစ်မယ့် App တွေကို ကြိုတင်ဖယ်ရှားထားတာ ကောင်းပါတယ်။ နေ့စဉ် အိမ်မှုကိစ္စ အဝအဝနဲ့ အလုပ်တွေကို စီမံနေရချိန်မှာ ဒီလို App တွေကြောင့် အချိန်ကုန်တာ၊ အာရုံပျံ့လွင့်တာမျိုးတွေဖြစ်စေနိုင်တာကြောင့်ပါပဲ။

    ၇။ အားလပ်ချိန်ကို အသေအချာ သတ်မှတ်ထားပါ

    ဘယ်လောက်အလုပ်များနေနေ နားဖို့ လိုအပ်ပါတယ်။ အနားယူခြင်းက ပင်ပန်းနွမ်းနယ်မှုကို သက်သာစေသလို အကြံဉာဏ်ကောင်းတွေ ထွက်လာဖို့လည်း အထောက်အကူဖြစ်စေပါတယ်။ တီဗီကြည့်ချိန်၊ အပန်းဖြေချိန်၊ မိသားစုဝင်အတွက်အချိန်တွေ သတ်မှတ်ထားမှ စိတ်အပန်းပြေစေမှာဖြစ်ပါတယ်။

    ၈။ အာဟာရပြည့်ဝစွာ ချက်ပြုတ်စီမံပါ

    မိခင်တစ်ယောက် စီမံချက်ပြုတ်လိုက်တဲ့ အစာအဟာရတိုင်းဟာ တစ်မိသားစုလုံးရဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်စေပါတယ်။ ဒါကြောင့် စားသောက်ဖွယ်ရာတွေ စီမံရာမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် အာဟာရပြည့်ဝအောင် စီမံပါ။ ဒီလိုဆိုရင် မိသားစုဝင်တွေရဲ့ ကျန်းမာရေးကို တစ်ဖက်တစ်လမ်းကနေ စောင့်ရှောက်ရာရောက်ပါတယ်။

    ၉။ လေ့ကျင့်ခန်း လုပ်ပါ

    မိခင်တွေအနေနဲ့ ကိုယ်တိုင်ကျန်းမာဖို့အတွက်ရော စိတ်အပန်းဖြေဖို့အတွက်ပါ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ ကလေးတွေနဲ့အတူတူ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် သူတို့ကိုပါ အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။

    လေ့ကျင့်ခန်းလုပ်တယ်ဆိုရာမှာလည်း Gym တွေဘာတွေသွားပြီးလုပ်တာမျိုးမဟုတ်ပါဘူး။ နေအိမ်မှာပဲ အင်တာနက်ဗီဒီယိုတွေကို ကြည့်ပြီး လေ့လာလုပ်ကြည့်လို့ရတယ်လေ။ မနက်ခင်းပိုင်းမှာ လုပ်တာက တစ်နေ့လုံးကိုအကျိုးရှိစေနိုင်တယ်လို့ အကြံပြုထားကြပါတယ်။

    ၁၀။ ကလေးတွေကို သင်ကြားပေးပါ

    ကလေးတွေကို အိမ်မှုကိစ္စတွေ ဝိုင်းဝန်းကူညီတတ်အောင် သင်ကြားပေးတာမျိုး၊ ကလေးသဘာဝ လွတ်လွတ်လပ်လပ်ဆော့ကစားတတ်အောင် သင်ကြားပေးတာမျိုး၊ စာသင်ကြားပေးတာမျိုးတွေ ပြုလုပ်ပါ။ အချိန်ဇယားထဲမှာ အချိန်တစ်ခုသတ်မှတ်ထားပြီးပဲဖြစ်ဖြစ်ပေါ့။

    ဒီနည်းလမ်းဟာ ကိုယ်နဲ့သားသားမီးမီးတို့အကြားက သံယောဇဉ်ကိုပိုပြီး ခိုင်မြဲစေသလို တစ်ဖက်တစ်လမ်းကနေ ကလေးဆီက အကူအညီတွေလည်း ရရှိမှာပါ။ ကလေးကို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစွာ ကြီးပြင်းလာအောင် သင်ကြားပေးရာလည်း ရောက်တာမို့၊ တစ်ချက်ခုတ် ၃ ချက်လောက်ပြတ်တဲ့ ကိစ္စတစ်ခုပါ။

    ဒီနည်းလမ်းလေးတွေက ကိုယ့်ရဲ့ ကလေးတွေကို စောင့်ရှောက်ရာမှာရော၊ အိမ်မှုကိစ္စအဝဝကို စီမံရာမှာရော အထောက်အကူဖြစ်စေနိုင်တဲ့ Life hacks နည်းလမ်းလေးတွေပေါ့။ မေမေတို့လည်း Stay At Home ကာလကြီးကို မိသားစုကိစ္စအဝဝကို နိုင်နိုင်နင်းနင်း စီမံခန့်ခွဲရင်း အကောင်းဆုံးကျော်ဖြတ်နိုင်ပါစေနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement