backup og meta

ကလေးကို အာဟာရ ပြည့်ချင်ဇောနဲ့ လုပ်မိနေတဲ့ ဖေဖေမေမေတို့ရဲ့ အလွဲလေးများ

ကလေးကို အာဟာရ ပြည့်ချင်ဇောနဲ့ လုပ်မိနေတဲ့ ဖေဖေမေမေတို့ရဲ့ အလွဲလေးများ

ကိုယ့်ရဲ့ သားသားမီးမီးတွေကို နေ့ရက်တိုင်းမှာ အာဟာရပြည့်ဝစွာနဲ့ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးလာစေချင်တဲ့ ဆန္ဒ မိဘတိုင်းမှာ ရှိပါတယ်။ သားသမီးတိုင်းက မိဘတိုင်းအတွက် တန်ဖိုး မဖြတ်နိုင်တဲ့ ရတနာဖြစ်တာနေတာကိုး။ ဒီဆန္ဒလေးကို ပြည့်ဝအောင် အကောင်အထည်ဖော်ရာမှာလည်း ဖေဖေမေမေတို့ အနေနဲ့  နည်းမျိုးစုံနဲ့ ကြိုးပမ်းတတ်ကြပါသေးတယ်နော်။ ဒီလို ကြိုးပမ်းကြတဲ့အခါ ကလေးကို အာဟာရ ပြည့်ချင်ဇောနဲ့ လုပ်မိနေတဲ့ ဖေဖေမေမေတို့ရဲ့ အလွဲလေးများ အကြောင်းကို သတိထားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။ 

ဒီအလွဲလေးတွေက ဘာတွေများ ဖြစ်မလဲ! ကိုယ်တိုင်ရော လုပ်များလုပ်မိနေလားဆိုတာကို သိနိုင်ဖို့ အတူတူ ကြည့်လိုက်ရအောင်နော်။ 

ကလေးကို အာဟာရ ပြည့်ချင်ဇောနဲ့ လုပ်မိနေတဲ့ ဖေဖေမေမေတို့ရဲ့ အလွဲလေးများ

ကလေးကို အာဟာရ ပြည့်ချင်ဇောနဲ့ လုပ်မိနေတဲ့ ဖေဖေမေမေတို့ရဲ့ အလွဲလေးများ ကတော့ တစ်ခု မကရှိနိုင်တာပေါ့နော်။ မိဘတွေ တစ်ယောက်နဲ့ တစ်ယောက် လုပ်မိတာခြင်း တူချင်မှလည်း တူနိုင်မှာပါ။ ကဲ … စကြည့်လိုက်ရအောင်နော်။

  • ထမင်းတွေ အများကြီး ကျွေးတာ

မြန်မာအပါအဝင် အာရှနိုင်ငံတော်တော်များများရဲ့ အဓိက စားစရာက ဆန် ထမင်းပေါ့နော်။ ဒီတော့ ထမင်းစားရင် ထွားတယ်၊ အားရှိတယ်ဆိုတာက အထွေအထူး မဟုတ်ဘဲကို မေမေတို့ ခေါင်းထဲ ရောက်ပြီးသား အတွေးဖြစ်နေတော့တာပေါ့။ ဒီတော့ ကလေးကို ထွားချင်တဲ့အခါ ထမင်းတွေ အများကြီး ကျွေးမိတော့တာပေါ့။ 

တကယ်ကတော့ ထမင်း အများကြီး ကျွေးတိုင်း ကလေးက မထွားပါဘူး။ ထမင်း၊ အသီးအရွက်၊ အသားငါး၊ ပဲအမျိုးမျိုး၊ အာလူး၊ ဥအမျိုးမျိုး၊ နို့ စတာတွေကို မျှတအောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။ 

  • ထမင်းတွေ အတင်းခွံ့တာ

ဒါကလည်း တော်တော်များများ မေမေတွေ လုပ်မိတတ်ကြပါတယ်။ ကလေးကို ထမင်းများများစားလေ ထွားလေဖြစ်မယ်ဆိုပြီး ထမင်းစ ခွံကတည်း အများကြီး ခွံတာမျိုးပေါ့။ 

ကလေးက ကိုယ်တိုင် စားတတ်တဲ့ အရွယ်ကို ရောက်လာချိန်မှာလည်း ပန်းကန်ထဲကို ထမင်းတွေ အများကြီး ထည့်ပေးရင်း ကုန်အောင်စား မကုန်ရင် ရိုက်မှာနော် ဆိုပြီး တုတ်ကိုင် ခြိမ်းခြောက်တာမျိုးပါ။ 

တကယ်ကတော့ ကလေးက ထမင်းစားချိန်မှာ ပျော်ဖို့ လိုပါမယ်။ ထမင်းကို အတင်းကျွေးတာက ကလေးကို ထမင်းစားချိန်ကို ငြီးငွေ့ စိတ်ကုန်စေနိုင်ပြီး ကြီးထွားဖို့အတွက် အာဟာရ ပြည့်ဝအောင် ဖြည့်ဆည်းမှုမှာ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ 

  • အရသာကောင်းအောင်ဆိုပြီး ဖြည့်စွက်ပြုပြင်တာ

ကလေးက အသက် ၁နှစ်မကျော်မချင်းလောက်အထိ ဆား၊ အချိုမှုန့်၊ ဟင်းခတ်မှုန့်စတာတွေကို မကျွေးတာ အကောင်းဆုံးပါ။ အရသာကောင်းတာ မှန်ပေမယ့် ဆိုဒီယမ်ပါဝင်မှု များတဲ့ အစားအစာတွေကို ကလေးရဲ့ ခန္ဓာကိုယ်က ကောင်းကောင်း မစွန့်ထုတ်နိုင်သေးလို့ပါ။ 

ဒါ့ပြင် ကလေးက အရသာလေးလေးပင်ပင်တွေကို စွဲလမ်းသွားပြီး ငန်လွန်း၊ ချိုလွန်းတာတွေမှ မဟုတ်ရင် မစားဘူးဆိုတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အစားအစာတွေ ပြင်ဆင်ပေးတဲ့အခါ ဆီသန့်သန့်၊ ဆားနည်းနည်း၊ အချိုမှုန့်၊ ဟင်းခတ်မှုန့် မပါဘဲ သဘာဝအရသာကို ပြင်ဆင်ပေးပါ။ 

  • လူကြီး စားတဲ့အတိုင်း ကျွေးလိုက်တာ 

ကလေးကို တကူးတက မချက်ပြုတ်ပေးချင်တာကြောင့်ဖြစ်ဖြစ်၊ မေမေက working mom ဖြစ်နေတာကြောင့် သီးသန့်ချက်ပြုတ်ပေးဖို့ အချိန်မရှိတာမျိုးဖြစ်ဖြစ် ဒီအခြေအနေမျိုးမှာ လူကြီးစာတွေအတိုင်း ချက်ပြီး ကျွေးတာ၊ ဆားတွေ၊ အချိုမှုန့်တွေ အများကြီး ထည့်ကျွေးတာမျိုးက ကလေးရဲ့ ကျန်းမာရေးကိုရော ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ 

ဒါကြောင့် ကလေးကို လူကြီးစားတဲ့ဟင်းတွေကို မေမေ အစပ်မပါအောင် ထမင်းနဲ့ နယ်ပြီး ဖယ်လိုက်ပြီ။ မေမေ အစပ်စုပ်ပေးလိုက်ပြီဆိုပြီး ပါးစပ်ထဲ ပလွတ်ခနဲ ထည့်ပြီး ပြန်ထုတ်ကျွေးတာမျိုး မလုပ်ပါနဲ့။ ကလေးမှာ မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် ကလေးကို သီးသန့်ချက်ပြုတ်ပေးတာမျိုး လုပ်ပေးပါ။ 

  • ကျန်းမာရေးနဲ့ မသင့်တော်တဲ့ သရေစာတွေ ကျွေးတာ

အခုနောက်ပိုင်းကာလတွေမှာ အသင့်စားတွေ များလာသလို အလွယ်တကူ မှာယူလို့ ရနေတဲ့ စားသောက်ဆိုင်တွေကလည်း အပေါသားပါ။ ဒီတော့ ကလေးကို ကြက်ကြော်လေး ဝယ်ကျွေးလိုက်၊ အာလူးချောင်းကြော်လေး၊ ဘာဂါလေး မှာပေးလိုက် ကလေးကလည်း စားလိုက်နဲ့ ဆိုတော့ အဆင်ပြေတယ်ဆိုပြီး ခဏခဏ မှာကျွေးနေတာမျိုးတွေ မလုပ်ပါနဲ့။ 

နောက်ပြီး ရှိပါသေးတယ်။ ကလေးအတွက် အမျိုးမျိုးသော အချိုရည်တွေကို မှာယူတိုက်ကျွေး နေတာမျိုးပါ။  ဒါတွေက ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေမယ့် အရာတွေကို ပိုက်ဆံပေး ဝယ်ယူပေးမိနေတာပါ။ 

အမြန်စား၊ အသင့်စား အစားအစာတွေ၊ အချိုရည်တွေကို အစားများတဲ့ ကလေးတွေက အဝလွန်တာနဲ့ အမျိုးအစား (၂) ဆီးချိုလိုမျိုး ကျန်းမာရေးပြဿနာတွေကို ရေရှည်မှာ ခံစားလာရနိုင်ပါတယ်။ 

ဒါကြောင့် ကလေးကို အသင့်စား အစားအစာတွေအစား အိမ်မှာပဲ အာဟာရပြည့်ဝတဲ သရေစာလေးတွေ ပြင်ဆင်ပေးပါ။ ဥပမာ ပေါင်မုန့်အကြမ်းကိုမီးကင်ပြီး မြေပဲထောပတ်သုပ်ပေးတာမျိုး ပြင်ဆင်ပေးလို့ ရသလို အချိုရည်တွေ အစား ဖော်မြူလာနို့လေးကို ပြင်ဆင်ပေးလို့ ရပါတယ်။ အိမ်လုပ် ကြက်ဥနို့ပေါင်းလေးကလည်း ကလေးကို အကြိုက်တွေ့စေမယ့် သရေစာလေး တစ်မျိုးပါပဲ။

ဘာတွေ ပြင်ဆင်ပေးမလဲ!

ဒီတော့ ဖေဖေမေမေတို့ကို မှာချင်တာက ကလေးက ထမင်းတွေ အများကြီးစားမှာ ထွားမှာ မဟုတ်ပါဘူး။ ထမင်းနဲ့ အခြားသော အစာအုပ်စုလေးတွေကို မျှတအောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။ ကလေးကို အရွယ်နဲ့ မလိုက်အောင် ထမင်းတွေ အများကြီး ကျွေးတာ၊ ခြိမ်းခြောက်ပြီး ကျွေးတာတွေလည်း မလုပ်ရပါဘူး။ 

လူကြီးစားတာတွေ ကျွေးတာမျိုး မလုပ်ဘဲ ကလေးအတွက် သီးသန့်ပြင်ဆင် ချက်ပြုတ်ပေးပါ။ အသင့်စားတွေအစား အိမ်လုပ် သရေစာလေးတွေကို ပြင်ဆင်ပေးတာ၊ အချိုရည်တွေအစား ဖော်မြူလာနို့လေးတွေကို ပြင်ဆင်ပေးတာက ကလေးကို ကောင်းကောင်း ကြီးထွားဖွံ့ဖြိုးစေနိုင်မယ့် အာဟာရ နည်းလမ်းကောင်းလေးတွေပါ။

ကိုယ်တိုင်ရော ဘယ်အချက်လေးကိုများ လုပ်ဆောင်နေမိသေးလဲ! လုပ်ဆောင်နေမိမယ်ဆိုရင်လည်း အခုပဲ ပြင်ဆင်လိုက်တော့နော်။ 

# ကျန်းမာပျော်ရွှင်စေတဲ့ သားသားမီးမီး ဖြစ်စေဖို့

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

The Top 10 Healthiest Foods for Kids https://www.eatingwell.com/article/291139/the-top-10-healthiest-foods-for-kids/ Accessed Date 30 August 2023

Healthy food for school-age children: the five food groups https://raisingchildren.net.au/school-age/nutrition-fitness/daily-food-guides/school-age-food-groups#:~:text=Protein%2Drich%20foods%20include%20lean,and%20omega%2D3%20fatty%20acids. Accessed Date 30 August 2023

11 Best Foods That Help Increase Height In Kids https://www.momjunction.com/articles/foods-for-increasing-height-in-children_00121489/ Accessed Date 30 August 2023

Top 5 Food Myths that Confuse Parents https://www.healthbeginswithmom.com/to-5-food-myths-that-confuse-parents/ Accessed Date 30 August 2023

5 Myths And Facts About Healthy Eating For Children https://www.theparentz.com/parenting/5-myths-and-facts-about-healthy-eating-for-children Accessed Date 30 August 2023

ယခုပုံစံ

21/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသက်နှစ်နှစ်နောက်ပိုင်းမှာ အာဟာရပြည့်ဝစေဖို့ မျှတတဲ့ အစားအစာများနဲ့အတူ ဖော်မြူလာနို့တိုက်စို့

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 21/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement