backup og meta

ဒီထမင်း ကုန်အောင်မစားရင် ရိုက်မယ်ဆိုတဲ့ မေမေ နည်းလမ်းမှန်ရဲ့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 28/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒီထမင်း ကုန်အောင်မစားရင် ရိုက်မယ်ဆိုတဲ့ မေမေ နည်းလမ်းမှန်ရဲ့လား

    ဟိုဟို ဒီဒီ မြည်းစမ်းစားဖူးလာတော့ အရသာတွေ သိနေပြီ ဆိုတဲ့ အရွယ်မှာ ကလေးထမင်းကျွေးချိန်တွေဟာ မေမေတို့အတွက် သိပ်ပင်ပန်းပါတယ်။ အဆော့မက်၊ သွားရေစာ မက်ပြီး ထမင်း ကောင်းကောင်း မစားချင်ကြတဲ့ အရွယ်ပေါ့။ အစားအသောက် တွေကို အခု ကြိုက်နေလည်း ခဏနေ မစားချင်တော့တာ၊ ချေးထူလာတာ၊ အစားသိပ်ရွေးတာ၊ နည်းနည်းစီပဲ စားတာ၊ အဆော့ပဲ မက်နေတာ စတဲ့ ပြဿနာတွေ ကြောင့် အမြဲ တိုင်ပတ်နေရမှာပါ။ ဒါကြောင့် ဒီထမင်း ကုန်အောင်မစားရင် ရိုက်မယ်ဆိုတဲ့ နည်းလမ်းတွေ သုံးရတော့တာပေါ့။

    ဒီထမင်း ကုန်အောင်မစားရင် ရိုက်မယ်ဆိုတဲ့ မေမေ နည်းလမ်းမှန်ရဲ့လား

    ထမင်းကျွေးချိန်မှာ တုတ်ကိုင်ပြီး ကလေးကို မခြိမ်းခြောက်ဖို့၊ အစားအသောက်နဲ့ ပတ်သက်ပြီး ဆုပေးဒဏ်ပေး မလုပ်ဖို့ အရေးကြီးပါတယ်။

    ကလေးကို အာဟာရပြည့်စေချင်လို့၊ ကောင်းစေချင်လို့ လုပ်တာ ဖြစ်ပေမယ့် ကလေးကို ထမင်းကျွေးချိန်တွေမှာ အတင်းအကျပ် ဖိအားမပေးဖို့ ပညာရှင်တွေက အကြံပြုထားပါတယ်။ ကလေးအတွက် ထမင်းစားချိန်တွေက ကြောက်စရာ၊ စိတ်ညစ်စရာ မဖြစ်ဖို့ အရေးကြီးပါတယ်။

    ဘာကြောင့် ကလေးတွေကို အတင်းအကျပ် ဖိအားမပေးသင့်တာလဲ 

    ဘာကြောင့် ဒီလို တားရသလဲဆိုတာ အောက်မှာ ဆက်ပြီး ဖတ်ကြည့်လိုက်ရင် မေမေ တို့ နားလည်သွားမှာပါ။ ကလေးကို အတင်းအကျပ် ထမင်းကျွေးတဲ့အခါ –

    • အမြဲ တုတ်ပြ၊ ခြိမ်းခြောက်၊ ဖိအားပေးခံရတဲ့ ကလေးက ထမင်းစားချိန်တိုင်း စိတ်မကြည်တော့ဘူး၊ ငိုမယ်၊ အတင်းအကျပ် ကျွေးမှ စားတော့တယ်။
    • မိဘနဲ့ ကလေး ကြားမှာ အားပြိုင်တာတွေ ဖြစ်လာနိုင်ပြီး တခြားကိစ္စတွေမှာတောင် ကလေးရဲ့ တုံ့ပြန်လက်ခံနိုင်စွမ်းက မကောင်းတော့ပါဘူး။
    • အရွယ်ရောက်လာတဲ့အခါ ကိုယ့်ဘာသာ စီစဉ်ဆုံးဖြတ်နိုင်စွမ်း နည်းလာမယ်။
    • သူတို့ရဲ့ အစာစားချင်စိတ်ကို နှောင့်ယှက်လိုက်သလို ဖြစ်စေပြီး ကြိုက်နှစ်သက်တဲ့ စားစရာ၊ မကြိုက်နှစ်သက်တဲ့ စားစရာ ခွဲခြားရွေးချယ်မှု သိပ်မရှိတော့ပါဘူး။
    • အတင်းအကျပ် စားခိုင်းတဲ့အခါ သူ့ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရပမာဏကို ကွက်တိ မရနိုင်တော့ပါဘူး။
    • မဆာလည်း စားရ၊ ဗိုက်ပြည့်လည်း ရပ်မရတဲ့အခါ အစာခြေစနစ်မှာလည်းပြဿနာရှိလာနိုင်ပါတယ်။
    • ဒီလိုစားရတဲ့ ထမင်းစားချိန်ကို ပတ်ရှောင်ပြေးဖို့ပဲ စဉ်းစားတော့မှာ ဖြစ်သလို ထမင်းစားချိန်ကို မုန်းလာတာတွေ ဖြစ်လာနိုင်တယ်။
    • ငိုယိုပြီး ထမင်းစားရတယ်၊ မဆာဘဲ စားရတယ် ဆိုတဲ့အခါ ဒေါသစိတ်နဲ့ မဝါးဘဲ မျိုချမိတာ၊ ကြောက်ပြီး အမြန်စားမိတာတွေကြောင့် ဗိုက်အောင့်တာ၊ မအီမသာဖြစ်တာတွေ ခံစားရနိုင်ပါတယ်။
    • ကလေးတွေမှာ အဝလွန်တာတွေ ဖြစ်လာနိုင်တယ်။
    • အစားအစာတွေရဲ့ အာဟာရတန်ဖိုးကို နားလည်အောင် မပြောပြဘဲနဲ့ ကလေးတွေက အစားအစာမှန်ကန်စွာရွေးချယ်လာနိုင်မှာ မဟုတ်ဘူး။
    • နောက်တစ်ချက်က အတင်းအကျပ်အစားစားခိုင်းတဲ့အခါ ကလေးကို အစာနင်စေ၊ သီးစေနိုင်တယ်၊ အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုဖြစ်လာစေနိုင်တယ်။
    • ထမင်းမစားရင် ရိုက်မယ်လို့ ခြိမ်းခြောက်၊ ရိုက်တဲ့ မိဘတွေမှာ ကလေးက ကြောက်ပြီး အတင်းစားလိုက်တဲ့ အခါ ဒါမှမဟုတ် ငိုရှိုက်ရင်း စားလိုက်တဲ့အခါ အစာတွေ တစ်ဆို့ပြီး ရုတ်တရက် အသက်ဆုံးရှုံးရနိုင်တယ်။ ဒီလိုဆို မေမေ တို့ ဘယ်လောက် ရင်နာရလေမလဲ။

    ဒါဆို နည်းလမ်းမှန် က ဘာလဲ

    ကလေးကို စားချင်စိတ် ဖြစ်လာအောင် ဆွဲဆောင်တာ၊ နားလည်အောင် ရှင်းပြတာ၊ အစားအသောက်တွေကို အာဟာရဓာတ် ပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီအောင် ပြင်ဆင်ပေးတာတွေက မေမေတို့အပေါ် မူတည်ပါတယ်။

    ကလေးကို အစားအသောက် ကျွေးတဲ့အခါ –

    • ကိုယ့်ကလေး နှစ်သက်တတ်တဲ့ အရာတွေကို မူတည်ပြီး စားချင်စဖွယ် ပြင်ဆင်ပါ။ ဥပမာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို သူကြိုက်တဲ့ ကာတွန်းဇာတ်ကောင် ပုံဖော်ပေးတာမျိုး၊ ထမင်းစားတဲ့ ပန်းကန်ခွက်ယောက် တွေမှာ အဲဒီပုံတွေပါတာ ရွေးထားပေးတာမျိုး။
    • ထမင်းစားချိန်ကို ပျော်စရာ ကောင်းအောင် ဖန်တီးပါ။ ပြောရရင် ငိုရတာ၊ ကြောက်လန့်ရတာ မရှိပါစေနဲ့။ ဒါမှ ကလေးက ထမင်းစားချိန်ဆို နောက်တွန့် မနေမှာပါ။
    • ကိုယ်နဲ့ အတူကျွေးကြည့်ပါ။ လူကြီးတွေ စားတဲ့ ထမင်းဝိုင်းနားမှာ ဖြစ်ဖြစ်၊ တစ်ဝိုင်းတည်း ထိုင်ခိုင်းတာ ဖြစ်ဖြစ် တတ်နိုင်သလောက် တူတူ ထမင်းစားကြည့်ပါ။

    အချိန်မရတဲ့သူတွေ အတွက် နည်းနည်းတော့ ခက်ခဲနိုင်ပေမယ့် ကလေးတစ်ယောက်တည်းကို ထမင်းခွံ့ရင်း အချိန်ကြာရ၊ ပင်ပန်းရတာနဲ့စာရင် ပိုအဆင်ပြေနိုင်ပါတယ်။

  • ကိုယ့်ဘာသာ စားတတ်လာအောင် အကျင့်လုပ်ပေးပါ။ ကျန်းမာရေးနဲ့ ညီတဲ့ စားစရာတွေကို ကိုယ်တိုင်စားနိုင်အောင် ပြင်ဆင်ပေးပြီး လွတ်လွတ်လပ်လပ် စားခွင့် ပေးလိုက်ပါ။
  • (တစ်ဆို့စေမယ့်၊အစာနင်စေမယ့် အစားအစာမျိုးမဖြစ်အောင် သတိထားပြင်ဆင်ရပါမယ်) ကိုယ်တိုင်လုပ်ခွင့်ရမှ ကျေနပ်တဲ့ အရွယ်မို့ သူ့ဘာသာ အလုပ်ရှုပ်နေတာနဲ့ တင် ထမင်းစားချိန် လျှောက်ပြေး မဆော့အားတော့ပါဘူး။

    • ထမင်းကျွေးချိန်ကို သတ်သတ်မှတ်မှတ်ထားပါ။ ဒီနေ့ ဒီအချိန်ကျွေးရင်နောက်နေ့လည်း ဒီအချိန်ပဲကျွေးပါ။ ထမင်းစားနည်းတဲ့ နေ့ဆိုရင် အာဟာပြည့်တဲ့ သရေစာ တစ်ခုခု လုပ်ကျွေးပါ။ ဥပမာ ကြက်ဥပူတင်း ကိုယ်တိုင် လုပ်ကျွေးတာမျိုးပေါ့။
    • သွားရေစာ မုန့်တွေကို အကန့်အသတ်နဲ့ စည်းကမ်းနဲ့ စားဖို့ အကျင့်လုပ်ထားပါ။ ဒါမှ ကလေးက အဓိက အာဟာရ အတွက် သရေစာတွေကို ဦးစားမပေးတော့မှာ ဖြစ်ပါတယ်။

    ကလေး ထမင်းကျွေးချိန်တွေမှာ အခက်တွေ့နေရတဲ့ မေမေ တွေ အတွက် ဒီဆောင်းပါးလေးက အထောက်အကူဖြစ်စေမယ် လို့ မျှော်လင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 28/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement