backup og meta

ကျောင်းနေအရွယ် သားသားမီးမီးတို့ကို သင်ကြားပေးထားသင့်တဲ့ ကိုယ်ခံအားဖြည့်အလေ့အထများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 04/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောင်းနေအရွယ် သားသားမီးမီးတို့ကို သင်ကြားပေးထားသင့်တဲ့ ကိုယ်ခံအားဖြည့်အလေ့အထများ

    ကျောင်းဆိုတဲ့နေရာက ကလေးတွေကို အမှီအခိုကင်းတဲ့ လူကြီးလေးတစ်ယောက်အဖြစ် ရှင်သန်ကြီးပြင်းလာစေဖို့ လေ့လာစရာတွေကို သင်ကြားပေးပြီး လူမှုဆက်ဆံရေးပညာရပ်တွေနဲ့ သိမြင်မှုစွမ်းရည်တွေ တိုးတက်အောင် သင်ကြားပေးတဲ့နေရာပါ။ ကျောင်းနေအရွယ် ရောက်လာပြီဆိုရင် ကလေးတွေရဲ့ အချိန်တော်တော်များများက စာသင်ခန်းတွေထဲမှာ ကုန်ဆုံးကြတာပါ။

    စာသင်ခန်း ဆိုတဲ့နေရာမှာ ကလေးတွေ အများအပြားရှိသလို ရောဂါပိုးတွေလည်း မနည်းပါဘူး။ ကလေးတစ်ယောက်ကနေ တစ်ယောက်ကို ရောဂါပိုးတွေ ကူးစက်နိုင်ခြေကလည်း တော်တော်လေး များပါတယ်။ ဒီပြဿနာတွေက ရှောင်လွှဲလို့ မရဘူးလားဆိုတော့ မဟုတ်ပါဘူး။ သားသားမီးမီးတို့ကို သင်ကြားပေးထားသင့်တဲ့ ကိုယ်ခံအားဖြည့်အလေ့အထများ ကို လေ့လာထားမယ်ဆိုရင် ကလေးကို ရောဂါပိုးတွေကနေ ကာကွယ်ထားနိုင်မှာပါ။

    ကျောင်းနေအရွယ် သားသားမီးမီးတို့ကို သင်ကြားပေးထားသင့်တဲ့ ကိုယ်ခံအားဖြည့်အလေ့အထများ

    ကျောင်းနေအရွယ် သားသားမီးမီးတို့ကို သင်ကြားပေးထားသင့်တဲ့ ကိုယ်ခံအားဖြည့်အလေ့အထများ

    ကျောင်းနေတဲ့အရွယ်ရောက်လာပြီဆိုပေမယ့် သားသားမီးမီးတွေက အသက် ၇ နှစ် ကျော် ၈ နှစ် မရောက်သေးခင်အထိ သူတို့လေးတွေရဲ့ ကိုယ်ခံအားက ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးပါဘူး။ ဒီတော့ ဖျားနာမှုတွေ အလွယ်တကူဖြစ်နိုင်ပါသေးတယ်။ ဒီတော့ ကျောင်းမှာ ကလေးအချင်းချင်း ရောဂါပိုးတွေ ကူးစက်တာမျိုးမဖြစ်အောင် မေမေတို့အနေနဲ့ သားသားမီးမီးတွေကို ဒီအချက်လေးတွေ ဂရုစိုက် သင်ကြားပေးဖို့ လိုပါမယ်။ သားသားမီးမီးတို့ကို သင်ကြားပေးထားသင့်တဲ့ ကိုယ်ခံအားဖြည့်အလေ့အထများ ကတော့

    လက်ဆေးတတ်အောင် သင်ပေးပါ

    လက်ဆေးတတ်အောင် သင်ပေးပါဆိုတဲ့ နေရာမှာ လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး စက္ကန့်၂၀ ကြာ သေသေချာချာ ဆေးကြောလို့ ရောဂါပိုးတွေကို ကာကွယ်တတ်အောင် သင်ပေးစေချင်တာပါ။ လက်ကို သေချာစွာ ဆေးကြောတတ်တာက အအေးမိတာ၊ တုပ်ကွေး၊ ကိုဗစ်၊ ဝမ်းပျက်ဝမ်းလျှောတာနဲ့ အစာခြေစနစ်ရောဂါတွေ မဖြစ်အောင် ကာကွယ်ရာ ရောက်ပါတယ်။

    ပိုးမွှားတွေ ပေကျံနေတဲ့ လက်နဲ့ မျက်နှာတွေ နှာခေါင်းတွေကို မကိုင်တွယ်မိတော့ရင် ကိုယ်ခံအား ထိခိုက်မှု မဖြစ်တော့ဘူးပေါ့။

    ကာကွယ်ဆေး ထိုးပါ

    ရောဂါပိုး တော်တော်များများကို ကာကွယ်ဆေး ထိုးပြီး ကာကွယ်တာကလည်း ထိရောက်တဲ့ နည်းလမ်းပါ။ ကလေးအသက်အလိုက် လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးဖို့လိုသလို ရာသီအလိုက် လိုနိုင်တဲ့ ကာကွယ်ဆေးတွေလည်း ထိုးဖို့ လိုပါတယ်။ ဥပမာ တုပ်ကွေး ကာကွယ်ဆေးလိုပေါ့။ တစ်နှစ်တစ်ကြိမ် ထိုးနှံပေးရုံနဲ့ တုပ်ကွေးကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးပါတယ်။ အသက်အလိုက် ကာကွယ်ဆေးတွေ၊ ထပ်ဆောင်းကာကွယ်ဆေးတွေကိုလည်း ပြည့်စုံအောင် ထိုးထားသင့်ပါတယ်။

    ကျန်းမာပြီး အာဟာရပြည့်ဝစွာ စားတတ်အောင် သင်ပေးပါ

    ကလေးကို ကိုယ်ခံအားကောင်းစေဖို့ အစာခြေစနစ် ကျန်းမာစေဖို့ မဖြစ်မနေ သင်ကြားပေးရမယ့် အလေ့အထ တစ်ရပ်က ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရ ပြည့်ဝအောင် စားတတ်စေဖို့ပါ။ ကျောင်းနေအရွယ်ကလေးတစ်ယောက်ကို ကိုယ်ခံအား ပြည့်ဝပြီး အစာခြေစနစ် ကျန်းမာစေဖို့ ဆိုရင် မေမေတို့အနေနဲ့  သားသားမီးမီးတို့ကို အခုလိုလေးတွေ ပြင်ဆင်ပေးဖို့ လိုပါမယ်။

    • ကိုယ်ခံအား ကောင်းစေပြီး ‌အရိုးနဲ့ ကြွက်သားတွေ သန်မာစေဖို့ ပရိုတင်း – အနီရောင်အသား (အဆီမပါ)၊ ကြက်သား (အရေခွံမပါ)၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ငါး (မာကျူရီ/ ပြဒါး မပါ)
    • အရိုး နဲ့ သွားတွေ သန်မာစေဖို့ ကယ်လ်ဆီယမ် – နွားနို့၊  ချိစ်၊ ဒိန်ချဉ်
    • အမြင်အာရုံ ကျန်းမာစေဖို့ ဗီတာမင် A – မုန်လာဥနီ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ ဥအမျိုးမျိုး
    • အသားအရေ ကျန်းမာစေပြီး ကိုယ်ခံအားကောင်းစေဖို့ ဗီတာမင် C – လိမ္မော်သီး၊ ဂရိတ်ဖရုစ်၊ ဘယ်ရီသီးတွေ၊ စပျစ်သီး
    • အစာခြေစနစ် ကျန်းမာစေဖို့ အမျှင်ဓာတ် – ဟင်းသီးဟင်းရွက်တွေ၊ ဒိန်ချဉ်၊ သစ်သီးတွေ၊ ဂျုံကြမ်းပေါင်မုန့်၊ ဆန်လုံးညို
    • သွေးအားနည်းတာ မဖြစ်စေဖို့ သံဓာတ် – ဟင်းနုနွယ်၊ ပဲအမျိုးမျိုး၊ အခွံမာသီး၊ အနီရောင်အသား (အဆီမပါ)၊ ကြက်သား (အရေခွံမပါ) စတာတွေ ကျွေးပေးဖို့ လိုပါမယ်။

    အိပ်ရေးဝအောင် ဂရုစိုက်ပါ

    သားသားမီးမီးတို့ ကိုယ်ခံအား ကောင်းစေဖို့ ဂရုစိုက်ပေးရမယ့် နောက်ထပ် အချက်တစ်ခုက အိပ်ရေးဝအောင် အိပ်စက်ဖို့ပါ။ ကလေးတစ်ယောက်ဟာ အသက်အရွယ်အလိုက် ရှိသင့်တဲ့ အိပ်စက်ချိန် ရှိမှ ကိုယ်ခံအား ကောင်းပြီး ကျန်းမာမှာပါ။ ဒီတော့ ကလေးက

    • မွေးစကနေ ၃ လအတွင်း အိပ်ချိန် ၁၄ နာရီ ကနေ ၁၇ နာရီ
    • အသက် ၄ လကနေ ၁၂  လအတွင်း အိပ်ချိန် ၁၂ နာရီ ကနေ ၁၆ နာရီ
    • အသက် ၃ နှစ် ကနေ ၅ နှစ်အတွင်း အိပ်ချိန် ၁၀ နာရီ ကနေ ၁၃ နာရီ
    • အသက် ၆ နှစ် ကနေ ၁၂ နှစ်အတွင်း အိပ်ချိန် ၉ နာရီ ကနေ ၁၂ နာရီ
    • အသက် ၁၃ နှစ်ကနေ ၁၈ နှစ်အတွင်း အိပ်ချိန် ၈ နာရီ ကနေ ၁၀ နာရီ ရှိဖို့ လိုပါမယ်။ ပြည့်ဝတဲ့ အိပ်စက်ချိန် မရှိတာက ကိုယ်ခံအား ကျစေပြီး ကြီးထွားမှုနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။

    ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ အားပေးပါ

    သားသားမီးမီးတို့ကို သင်ကြားပေးထားသင့်တဲ့ ကိုယ်ခံအားဖြည့်အလေ့အထများထဲမှာ မေ့ထားလို့ မဖြစ်တဲ့ အချက်တစ်ခုက ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်တာကိုလည်း ချန်ထားခဲ့လို့ မဖြစ်ပါဘူး။ တစ်နေ့တာကို အနည်းဆုံး ၁နာရီလောက် လှုပ်လှုပ်ရှားရှား လုပ်ပေးတာက ကလေးကို ကိုယ်ခံအား ကောင်းစေသလို အသက်အရွယ်အလိုက် ရှိသင့်တဲ့ ကိုယ်အလေးချိန် နဲ့ အရပ်အမြင့် ရစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    ဒါကြောင့် ကလေးကို သူတို့ စိတ်ပါဝင်စားတဲ့ လေ့ကျင့်ခန်းလေးတွေကို လုပ်ဆောင်ခိုင်းပါ။

    အခုပြောခဲ့တဲ့ ကိုယ်ခံအားဖြည့်အလေ့အထလေးတွေကို သင်ကြားပေးပြီး သားသားမီးမီးတို့ကို ကျန်းမာပျော်ရွှင်စွာနဲ့ အရွယ်ရောက် ကြီးပြင်းလာအောင် ပျိုးထောင်လိုက်ပါ မေမေတို့ရေ …………..

    သတင်းစကား

    ကလေးကို ကိုယ်ခံအား ကောင်းစေဖို့ လုပ်ဆောင်ပေးတဲ့အခါ ဒီအလေ့အထတွေအပြင် အပြင်စာကို တတ်နိုင်သမျှ လျှော့စားဖြစ်အောင် သင်ပေးတာ၊ မနက်စာကို အာဟာရ ပြည့်ပြည့်ဝဝ စားတတ်အောင် သင်ပေးတာ၊ အဆာပြေစာတွေကိုလည်း ကျန်းမာပြီး အာဟာရ ပြည့်ဝတာတွေကိုပဲ ရွေးချယ် စားသုံးတတ်အောင် သင်ကြားပေးဖို့လည်း လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 04/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement