backup og meta

သင့်ကလေးကို စာကြည့်စားပွဲမှာ တစ်ချိန်လုံးထိုင်ကာ စာကြည့်ခိုင်းတော့မှာလား။ အန္တရာယ်များလှပါတယ်နော်


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးကို စာကြည့်စားပွဲမှာ တစ်ချိန်လုံးထိုင်ကာ စာကြည့်ခိုင်းတော့မှာလား။ အန္တရာယ်များလှပါတယ်နော်

    ကျောင်းက စာသင်ခန်းတွေမှာ ဆရာ ဆရာမတွေက ကလေးတွေကို ငြိမ်ငြိမ်လေး ထိုင်ခိုင်းထားပြီး စာသင်ပြနေကြတာဟာ သာမန်လုပ်ရိုးလုပ်စဉ် တစ်ခုပါ။ ကျောင်းသားတစ်ယောက်ဟာ ထိုင်ခုံမှာ ငြိမ်ငြိမ် လေးထိုင်ပြီး စာကြည့်နေခြင်းဖြင့် သေသေချာချာ အာရုံစူးစိုက်နိုင်လိမ့်မယ်လို့ ထင်နေကြပါတယ်။ အရွယ် ရောက်ပြီးသူ ကျောင်းသား ကျောင်းသူတွေ (ဥပမာ၊ တက္ကသိုလ် ကျောင်းသားတွေ)ကတော့ စာလေ့လာရာမှာ အချိန်အကြာကြီးနဲ့ တစ်ဆက်တည်း မလေ့လာကြတော့ပါဘူး။ ခဏအနားယူတာမျိုး၊ မတ်တပ်ရပ် စာကျက်တာမျိုး စတာတွေလုပ်တတ်ကြပါတယ်။ ဒါပေမဲ့လည်း မူလတန်းနဲ့ အလယ်တန်း ကလေးတွေအနေနဲ့ကျတော့ လူကြီးတွေ၊ ဆရာဆရာမတွေရဲ့ ထားရာနေ၊ စေရာသွားပါတယ်။ စာလေ့လာရာမှာ သူတို့အတွက် သက်တောင့်သက်သာဖြစ်စေမယ့် နည်းလမ်းတွေကို မရှာဖွေတတ်ကြသေးပါဘူး။

    အောက်ဖော်ပြပါ အချက်တွေက တစ်နေကုန်ထိုင်ပြီး စာသင်နေရာက ရလာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးတွေပါပဲ။

    ()     အချိန်တော်တော်ကြာ ထိုင်လျက် စာကျက်နေမယ်ဆိုရင် အဝလွန်လာမှာပါ။ စာတစ်ခုတည်းကို အာရုံ စိုက်စေချင်ဇောနဲ့ ကိုယ်လက်လှုပ်ရှား အားကစားတွေကို မလုပ်ခိုင်းဘဲ စာကြည့်စားပွဲနဲ့ တစ်နေကုန် မျက်နှာအပ်ထားတဲ့ ကလေးတစ်ယောက်ဟာ  ခန္ဓာကိုယ်မှာ အဆီတွေတက်လာနိုင်ပါတယ်။  ဒီလို ကလေး မှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေဟာ အဝလွန်တဲ့လူကြီး တစ်ယောက်မှာရှိတဲ့ ပြဿနာတွေနဲ့ အတူတူပါပဲ။ ယနေ့ခေတ် ကလေးတော်တော်များများဟာ ဒီလို အန္တရာယ်တွေရှိနေပါတယ်။ ဒါကြောင့် မိမိကလေးကို ဒီလိုမဖြစ်စေချင်ရင်တော့ အားကစားလှုပ်ရှားမှုတွေမှာ ပါဝင်ခိုင်းပါ။ စာပဲ တစ်ချိန်လုံး မလုပ်ခိုင်းဘဲ ဘောလုံး၊ ဝူရှူး၊ ရေကူး စတဲ့ အားကစားတွေကို ပြုလုပ်ခိုင်းပါ။

    ()     စာတော်သင့်သလောက် မတော်ဘဲ ရှိနေမယ်။ ကိုယ်လက်လှုပ်ရှား အားကစားလုပ်တတ်တဲ့ ကလေးတွေဟာ အာရုံစူးစိုက်မှုအားနဲ့ မှတ်ဉာဏ် ပိုမိုကောင်းမွန်တာကို သတိထားမိနိုင်ပါတယ်။ ကလေးတွေမှာ စာတော်ခြင်း၊ မတော်ခြင်းဟာ အာရုံ စူးစိုက်နိုင်မှု အပေါ်မှာ များစွာမူတည်နေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကို တစ်နေ့မှာ မိနစ် (၃၀)သာ လုပ် ခြင်းအားဖြင့် မိမိကလေးဟာ လစဉ်ပညာရည် တိုးတက်မှုမှတ်တမ်းမှာ ထိပ်ရောက်နေမှာပါ။ ဒါကြောင့် စာသင်ကျောင်းတွေမှာ ကိုယ်လက်လှုပ်ရှားအားကစား အချိန်တွေကို စာသင်ချိန် အချိန်စာရင်းထဲ ထည့်သွင်းသင့်နေပါပြီနော်။

    ()     စာကြည့်စားပွဲမှာပဲထိုင်ပြီး စာကျက်နေတာဟာ စိတ်ဖိစီးမှုနဲ့ စိတ်အလိုမကျခြင်းတွေကို ဖြစ်လာစေနိုင်ပါတယ်။ စိတ်ဖိစီးလာခြင်းနဲ့ စိတ်ကျခြင်းတို့ဟာ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာ အဖြစ် များတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပါ။ ဒါကြောင့် တစ်နေရာတည်းမှာ စာထိုင်ကျက်နေခြင်းမျိုးကို ရှောင်ရှားပြီး ကိုယ်လက်လှုပ်ရှားအားကစား တွေကိုလည်း ပြုလုပ်ပေးပါ။

    ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဟာ ဦးနှောက်ဆဲလ်အသစ်တွေကို ဖန်တီးပေးနိုင်တာကြောင့် ဦးနှောက်ကို အကျိုးများစွာ ဖြစ်ထွန်းစေနိုင်ပါတယ်။ တစ်နေ့မှာ နာရီပေါင်းများစွာ စာလေ့ လာချင်သူ ကလေးတွေအတွက် ဦးနှောက်ဆဲလ်တွေ ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ ကိုလက် လှုပ်ရှား ခြင်းကြောင့် ဦးနှောက်ထဲကို သွေးစီးဆင်းမှုများတဲ့အခါ မှတ်ဉာဏ်ကောင်းစေမှာပါ။ ဒီလိုမှမဟုတ်ဘဲ စာပဲ ထိုင်ကျက်နေရင်တော့ အဝလွန်လာမှာ၊ မကျန်းမမာဖြစ်လာမှာပါ။

    အားကစားလုပ်လေ့လုပ်ထရှိတဲ့ အကျင့်ကောင်းတစ်ခုရဲ့ နောက်ဆက်တွဲကတော့ အခြားသော အလေ့အကျင့်ကောင်းတွေကိုပါ ယှဉ်တွဲရှိလာနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ရေပုံမှန်ချိုးခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းနေခြင်း နဲ့ အာဟာရရရှိပြီး ကျန်းမာတဲ့ အစားအသောက်တွေကို စားလာခြင်းစတဲ့ အကျင့်ကောင်းတွေကို ဆက်လက်ပြုလုပ်လာမှာပါ။ အားကစားလုပ်ခြင်းကြောင့် ရေကိုလည်း ပုံမှန်ထက်ပိုမိုသောက်သုံးလို့ ရေဓာတ်ပြည့်ဝလာမှာပါ။ တစ်နေကုန် ထိုင်ရာကမထဘဲ စာသင်နေရတဲ့ ကလေးကတော့ အိမ်ရောက်တဲ့အခါ အင်တာနက် (ဖေ့စ်ဘွတ်)ကို အမိအရ သုံးဖြစ်မှာပါ။ အကျင့်ဆိုးတစ်ခုရဲ့ နောက်ဆက်တွဲ မကောင်း တဲ့ အလေ့အကျင့်ပါပဲ။

    အချုပ်အားဖြင့်ဆိုရမယ်ဆိုရင်တော့ သင့်ကလေးကို အချိန်ပြည့် စာကြည့်စားပွဲပေါ်မှာ ထိုင်ခိုင်းတဲ့အခါ ကျန်းမာရေးဘေးထွက်ဆိုးကျိုး တွေဖြစ်လာမှာပါ။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားအားကစားလေးတွေ၊ ခေတ္တနားတဲ့ကြားအချိန်လေးတွေယူကာ သင်ကြားမှုစနစ်ကို ပြင်ဆင်လိုက်ပါနော်။

    ရေးသားသူ-ဒေါက်တာမှူးခင်

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement