backup og meta

ကာကွယ်ဆေးထိုး ပြီး ကလေး အငိုမတိတ်တော့ဘူးလား။ ဒါလေးတွေ လုပ်ပေးကြည့်ပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကာကွယ်ဆေးထိုး ပြီး ကလေး အငိုမတိတ်တော့ဘူးလား။ ဒါလေးတွေ လုပ်ပေးကြည့်ပါ။

    ကာကွယ်ဆေးထိုး တယ်ဆိုတာ ကလေးတွေရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် အရေးကြီးတဲ့ လုပ်ငန်းစဉ်ကြီးတစ်ခုပါ။ ရောဂါကို ကြိုတင်ကာကွယ်ဖို့ အတွက် ကာကွယ်ဆေး တွေပေါ်လာရ ကာကွယ်ဆေးတွေထိုးကြဆိုပေမယ့် ကိုယ့်အသားကို အပ်နဲ့ထိုးတာလောက် နာကျင်တဲ့အရာ မရှိပါဘူး။ လူကြီးတွေတောင်မှ ဆေးထိုးရမှာ ကြောက်နေတာ၊ နာလိုက်တာလို့ မပြောတတ်သေးတဲ့ ကလေးတွေ မှာဆို ပိုဆိုးတာပေါ့။ ကာကွယ်ဆေးလည်းထိုးပြီးရော နာတော့ ငို၊ ဂျီကျ ဘာကိုမှ အလိုမကျဖြစ်ပြီး ထိန်းရခက်တော့ မေမေတို့ အလုပ်စရှုပ်ပါလေရော။

    ကာကွယ်ဆေးထိုး ပြီးနောက်ပိုင်း ကလေးတွေကို ဘယ်လိုပြုစုရမလဲ။ 

    အဓိကကတော့ ဆေးထိုးထားတဲ့နေရာက နာကျင်တဲ့ဝေဒနာကို သက်သာအောင် လုပ်ပေးဖို့ပါ။

    ရေခဲကပ်ပါ

    ကာကွယ်ဆေးထိုးပြီးရင် မချေရဘူးဆိုတာတော့ မေမေတို့အားလုံးသိမှာပါ။ အသားကို အပ်နဲ့ထိုးလိုက်တာဆိုတော့ အသားနာမယ့်အပြင် ထိုးလိုက်တဲ့နေရာမှာ ရောင်နေတာလည်း ဖြစ်တတ်ပါတယ်။ ဒီလို ကာကွယ်ဆေးထိုးပြီးပြီးချင်း ရောင်ရမ်းနာကျင်မှုကို သက်သာစေချင်တယ်ဆိုရင်တော့ ရေခဲကပ်ပေးလို့ရပါတယ်။

    နာတဲ့နေရာကို ရေခဲတုံးချက်ချင်းကပ်လိုက်ရင် ရုတ်တရက် သွေးကြောတွေကျုံ့သွားတာကြောင့် ပိုနာသွားတတ်တာရော၊ အေးတဲ့အထိအတွေ့ကြောင့်ရော ကလေးက ပိုငိုတတ်တဲ့အတွက် အရင်ဆုံး ကိုယ့်လက်နဲ့ရေခဲ့ကိုပွတ်ပြီး အေးတဲ့လက်နဲ့ကလေးနာနေတဲ့နေရာကို ပုတ်ပုတ်ပေးပါ။ ကလေးက အအေးကို ယဉ်သွားပြီဆိုမှ ရေခဲတုံးကို အဝတ်စနဲ့ပတ်ပြီး ဆေးထိုးထားတဲ့ နေရာမှာ ကပ်ပေးပါ။ ရေခဲတုံးက ရောင်ရမ်းတာကိုရော နာကျင်တဲ့ဝေဒနာကိုရော သက်သာစေမှာပါ။ တစ်နေ့ကို နှစ်ကြိမ် သုံးကြိမ်လောက် ကပ်ပေးလို့ရပါတယ်။

    ကာကွယ်ဆေးထိုး ပြီး ဖျားတတ်ပါတယ်။ အရမ်းကြီးလန့်မသွားပါနဲ့။

    ကာကွယ်ဆေးထိုးပြီးပြီးချင်း ကလေး ကိုယ်ပူတတ်တာ ပုံမှန်ဖြစ်ပြီး ၂ ရက် ၃ ရက်လောက်ဆိုပြန်ပျောက်သွားမှာပါ။ ဖျားနေတဲ့ အချိန်တွင်းမှာတော့ အဖျားကျအောင် ဆရာဝန်နဲ့တိုင်ပင်ပြီး ကလေးကို ဆေးတွေ တိုက်ပေးလို့ရပါတယ်။ ကာကွယ်ဆေးထိုးပြီးတိုင်းဖျားတယ်ဆိုတော့ မဖျားရင် ကာကွယ်ဆေးအာနိသင်မရှိလို့လား ဆိုပြီး မေးစရာရှိပါတယ်။ မဟုတ်ပါဘူး။ ဆေးထိုးပြီးပြီဆိုတာနဲ့ ဆေးအာနိသင်က ကလေးကိုယ်တွင်းမှာ ရှိပါတယ်။

    ကာကွယ်ဆေးထိုး ပြီး ကလေး အငိုမတိတ်တော့ဘူးလား။ ဒါလေးတွေ လုပ်ပေးကြည့်ပါ။

    ပါရာစီတမော အစက်ချဆေးရည်လေး ပြောင်းတိုက်လိုက်ပါ။

    တကယ်လို့ ဆေးထိုးထားတဲ့ နေရာက အရမ်းရောင်နေပြီး ကလေးက လုံးဝကို အထိမခံ တစ်ချိန်လုံးလည်း ငိုနေတယ်ဆိုရင်တော့ ကလေးတွေအတွက် ထုတ်ထားတဲ့ အကိုက်အခဲပျောက်ဆေးနဲ့ အရောင်ကျဆေးတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီး တိုက်ပေးလို့ရပါတယ်။ အရေးအကြီးဆုံး အချက်က ကိုယ့်သဘောနဲ့ကိုယ် ဝယ်မတိုက်ဘဲ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသာ တိုက်ဖို့ပါ။

    ကလေးကို ပိုပြီးကြင်နာပါ။ 

    ကလေးတိုင်းက တော့ မိဘတွေရဲ့ ကြင်နာယုယမှု ဂရုစိုက်ခံရမှုကို လိုချင်တဲ့သူချည်းပါပဲ ။ ဒီလို ကာကွယ်ဆေးထိုး ပြီးလို့ နာကျင်နေတဲ့ အချိန်ဆိုပိုဆိုးတာပေါ့။ ဒါကြောင့် အရင်ကထက် ကလေးကို ပိုအချိန်ပေးပါ။ နွေးနွေးထွေးထွေးဆက်ဆံပေးပါ။

    အရည်များများတိုက်ပါ။

    ကာကွယ်ဆေးထိုးပြီး နာနေတဲ့ အရှိန်ကြောင့် ကလေးရဲ့ စားချင်သောက်ချင်စိတ်တွေ ပျောက်ဆုံးနေပါလိမ့်မယ်။ ဒါ့အပြင် ကိုယ်ပူနေတဲ့ အရှိန်ကြောင့် ရေဓာတ်ခမ်းခြောက်တာမျိုးလည်း ဖြစ်နိုင်တဲ့အတွက် ကာကွယ်ဆေးထိုးပြီး နောက်ပိုင်း ကလေးကို အရည်များများတိုက်ဖို့ လိုပါလိမ့်မယ်။ ကလေးဂျီကျနေသည့်တိုင် ချော့ပြီး ဆက်တိုက်ပါ။

    ကာကွယ်ဆေးထိုး ပြီး ကလေး အငိုမတိတ်တော့ဘူးလား။ ဒါလေးတွေ လုပ်ပေးကြည့်ပါ။

    ကလေးကို အတင်းလမ်းမလျှောက်ခိုင်းပါနဲ့။

    လက်မောင်းမှာထိုးကိုထိုးရတဲ့ တီဘီကာကွယ်ဆေးကလွဲလို့ လက်မောင်းအစား အခြား ပေါင်မှာထိုးပေးလို့ရတဲ့ ကာကွယ်ဆေးတွေရှိပါတယ်။ လက်မောင်းမှာလိုပဲ ထိုးထားတဲ့ ပေါင်နေရာမှာလည်း နာနေတတ်တာကြောင့် ကလေးက လမ်းလျှောက်ဖို့ ငြင်းဆန်နေပါလိမ့်မယ်။ ဒါကို အတင်းကြီး လမ်းလျှောက်ခိုင်းတဲ့အခါ ကလေးကို ခြေထောက် ထိခိုက်သွားစေတာကြောင့် ကလေး အခြေအနေကို အရင်ဆုံး အကဲခတ်တတ်ဖို့တော့ လိုပါလိမ့်မယ်။

    ကာကွယ်ဆေးထိုး တာ ကလေးကိုနာကျင်စေတယ် ၊ ထိခိုက်စေတယ်ဆိုပြီး ကာကွယ်ဆေး မထိုးဘဲလည်း မနေပါနဲ့။ ။

    တချို့တွေရှိပါတယ်။ ကာကွယ်ဆေးမထိုးခင်က အကောင်း ထိုးပြီးမှ ကလေးက ဂျီကျတယ်၊ အီတယ်၊ ကိုယ်ပူတယ်၊ လက်တွေလည်း ရောင်ကိုင်းနေတာပဲ ဆိုပြီး နောက်ဆို ဘာကာကွယ်ဆေးမှ မထိုးတော့ဘူးဆိုတဲ့ မေမေတချို့ရှိပါတယ်။ မေမေတို့ စဉ်းစားရမှာက ခဏတာ နာကျင်တဲ့ ကာကွယ်ဆေးကို ပစ်ပြီး ကလေးကိုအကြီးကြီး ဒုက္ခပေးနိုင်တဲ့ ရောဂါတွေကို ရွေးမလားဆိုတာပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement