backup og meta

ဆေးထိုး ရမှာ သိပ်ကြောက်တဲ့ ကလေးတွေကို ဘယ်လိုချော့မလဲ

ကလေးဘဝကတော့ မွေးတည်းက ဆေးထိုးအပ်နဲ့ မကင်းပါဘူး။ အနှီးပတ်ထားရတဲ့အရွယ်တည်းက ကာကွယ်ဆေးပေါင်းစုံ ထိုးခဲ့ရတယ်မဟုတ်လား။ နို့စို့အရွယ်လေးတုန်းကတော့ ဒီတိုင်း ဆေးထိုး ပေး၊ ငိုရင် ချော့မြှူလိုက်နဲ့ အဆင်ပြေသွားပေမယ့် နည်းနည်းကြီးလာတဲ့အခါ မိဘတွေ အခက်ကြုံရပါတယ်။

ဆေးထိုး ရမှာ သိပ်ကြောက်တဲ့ ကလေးတွေကို ဘယ်လိုချော့မလဲ

လူကြီးတွေက သည်းခံနိုင်ပေမယ့် ကလေးတွေကတော့ ဆေးထိုး ရမယ်၊ နာကျင်ရမယ်ဆို ကြောက်လန့်တကြားငြင်းဆန်ကြတာပါပဲ။ အရင်တည်းကလည်း “အပ်ကြီးနဲ့ဆေးထိုးမှာနော်” ၊ “ဆရာဝန်ခေါ်ပြီး ဆေးထိုးလိုက်မှာနော်” ဆိုတဲ့စကားတွေနဲ့ ခြောက်တာ၊ စနောက်တာတွေလည်း ရှိထားရင် ပိုဆိုးနိုင်ပါတယ်။ ဒါနဲ့ပဲ ဆရာဝန် ဆို၊ ဆေးထိုးအပ် ဆို ကလေးက အရမ်းကြောက်နေပါရော။ ဒီလိုငယ်ငယ်တည်းက ဝင်လာတဲ့ကြောက်စိတ်က အရွယ်ရောက်တဲ့အထိ စွဲနေပြီး လူကြီးဖြစ်လည်း အပ်ကြောက်တဲ့သူတွေတောင် ရှိပါတယ်။

ဒီတော့ ကလေးတွေ အပ် မကြောက်အောင် ဖေဖေမေမေတို့ အားပေးချော့မြှူဖို့ အသုံးဝင်မယ့် နည်းလမ်းလေးတွေ အကြံပေးချင်ပါတယ်။ ဒီထဲကနေမှ ကိုယ်နဲ့ အဆင်ပြေတဲ့နည်းကို သုံးနိုင်ပါတယ်နော် –

အာရုံပြောင်းပါ၊ အာရုံလွှဲပါ။

ပူဖောင်းဖောက်လိုက်တာ၊ ကလေးကို အရုပ်နဲ့ ဆော့ခိုင်းထားတာလိုမျိုး အာရုံပြောင်းစေမယ့်အရာတွေ တတ်နိုင်သမျှအားလုံး လုပ်ကြည့်ပါ။ ဒါမှ ကလေးရဲ့စိတ်က ပူပန်တာ၊ ကြောက်တာတွေ လျော့သွားစေပါလိမ့်မယ်။ ဆေးမထိုးခင်တည်းက သီချင်းဆိုတာ၊ ကလေးနဲ့စကားတွေပြောတာ တွေလည်း အဆင်ပြေပါတယ်။

ပြောတဲ့စကား သတိထားပါ။

မိဘတွေက “ခဏလေးပါ” ၊ “သက်သာသွားမှာပါ” ၊ “သိပ်မနာပါဘူး” ၊ “ပုရွက်ဆိတ်ကိုက်သလောက်ပဲရှိမှာ” ဆိုတဲ့စကားတွေ ဘေးကနေ ပြောပေးတတ်ကြတယ်။ အရင်တည်းက ရှင်းပြထားတာကောင်းပေမယ့် ဆေးထိုးမယ့်အချိန်ကျမှ ခဏခဏပြောတာက ဆေးထိုးမယ့်နာကျင်မှုအကြောင်း ကလေးကို သတိပေးနေသလို ဖြစ်စေပါတယ်။ ဒီအချိန်မှာ နာကျင်မှုကို အာရုံမစိုက်မိစေဖို့က အဓိက မဟုတ်လား။

ဆုချပါ။

ဆေးထိုးပြီးရင် ကလေးကို သူတို့ကြိုက်တဲ့စားစရာလေး ဝယ်လာကျွေးတာ၊ ကစားကွင်းလိုက်ပို့တာ၊ လက်ဆောင်ဝယ်ပေးတာ လိုမျိုး တစ်ခုခုဆုချပေးပါ။

ချီးကျူးစကားပြောပါ။

ဆေးထိုးပြီးတဲ့အခါ သိပ်တော်တဲ့အကြောင်း ကလေးကို ချီးကျူးစကားပြောပေးပါ။ ကလေးက သတ္တိကောင်းလိုက်တာ၊ အရမ်းလိမ္မာတာပဲ၊ တော်လိုက်တာ လို့ပဲ အားပေးပါ။ ကြောက်ပြီးရုန်းကန် ငိုယိုတဲ့ကလေးကို မဆူပါနဲ့၊ မအော်ပါနဲ့၊ အပြစ်မတင်ပါနဲ့။ အတတ်နိုင်ဆုံးဆွဲဆောင်၊ ချော့မော့ရမှာ မိဘတာဝန်ပါ။

ကလေးရဲ့ ကြိုက်တတ်တဲ့အရာတွေ ယူလာခဲ့ပါ။

ကစားစရာဖြစ်ဖြစ်၊ အရုပ်ဖြစ်ဖြစ် ကိုယ့်ကလေးကြိုက်တတ်တဲ့အရာတွေ ယူလို့ရရင် ဆေးခန်းကို ယူလာပါ။ သူသဘောကျတဲ့ပစ္စည်းလေးတွေနဲ့ဆို ကလေးကို အာရုံပြောင်းလို့ပိုလွယ်ပါတယ်။

အရမ်းချုပ်မထားပါနဲ့။

ဆေးထိုးတဲ့အချိန် ကလေးကို ဘေးကထိန်းပေး၊ အားပေး၊ ချော့မြှူတာကလွဲပြီး ခြေ၊လက်တွေကို အတင်းဖိချုပ်တာမျိုး မလုပ်သင့်ပါဘူး။ ချုပ်လေရုန်းလေ၊ ပိုကြောက်လေ ဖြစ်လာပါလိမ့်မယ်။ လိုအပ်သလောက်လေးပဲ အသာလေးထိန်းပေးလိုက်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/children/vaccines/features/helping-child-who-is-afraid-of-vaccines#1

Accessed Jab 14, 2020.

https://kidshealth.org/en/teens/tips-shots.html

Accessed Jab 14, 2020.

https://www.healthline.com/health-news/5-ways-to-make-shots-painless-for-kids#The-need-for-needle-pain-intervention

Accessed Jab 14, 2020.

https://www.parents.com/toddlers-preschoolers/health/kids-overcome-fear-needle-shots/

Accessed Jab 14, 2020.

https://www.cdc.gov/vaccines/parents/visit/less-stressful.html

Accessed Jab 14, 2020.

 

ယခုပုံစံ

08/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအငိုတိတ်စေနိုင်မယ့် နည်းလမ်း ၁၈ သွယ်

ကာကွယ်ဆေးထိုး ပြီး ကလေး အငိုမတိတ်တော့ဘူးလား။ ဒါလေးတွေ လုပ်ပေးကြည့်ပါ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။