backup og meta

နို့ပါးစပ် ဖြစ်နေတဲ့ မေမေတွေ ကလေးနို့ ဘယ်လိုတိုက်ကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နို့ပါးစပ် ဖြစ်နေတဲ့ မေမေတွေ ကလေးနို့ ဘယ်လိုတိုက်ကြမလဲ။

    အမျိုးသမီးတွေအနေနဲ့ ရင်သားနဲ့ နို့သီးခေါင်းကို လုံးဝဂရုမစိုက်ဘူးဆိုရင်တောင် ကိုယ်ဝန်ဆောင်ရင်တော့ ဂရုစိုက်ရပါမယ်။ ရင်သားနဲ့ နို့သီးခေါင်းတွေ ကောင်းကောင်းဖွံ့ဖြိုးပြီး ပုံမှန်အတိုင်း ရှိနေမှ ကလေးလေး မွေးလာတဲ့အခါ နို့ကောင်းကောင်း တိုက်နိုင်မှာပါ။ ကိုယ်ဝန်ဆောင် မိခင်တွေ ရင်သားနဲ့ ပတ်သက်ပြီး ကြုံရတဲ့ပြဿနာက နို့ပါးစပ် ဖြစ်တာပါ။ နို့ပါးစပ်ဆိုတာ နို့သီးခေါင်းက အထဲကို ချိုင့်ဝင်နေတဲ့အတွက် ကလေးနို့စို့တဲ့အခါ အခက်အခဲ ဖြစ်နိုင်ပါတယ်။

    ဘာကြောင့် နို့ပါးစပ် ဖြစ်တာလဲ။

    အမျိုးသမီးတွေရဲ့ ၁၀ရာခိုင်နှုန်းလောက်က နို့ပါးစပ်ရှိပါတယ်။ ဒါက ပုံမှန်ပါပဲ။ အရင်က အပြင်ထွက်ပြီးသား နို့သီးခေါင်းက အတွင်းကို ပြန်ချိုင့်ဝင်သွားတယ်ဆိုရင်တော့ ရင်သားမှာ ရောဂါတစ်ခုခုရှိလို့ ဖြစ်နိုင်ပါတယ်။ ဒါကတော့ ပုံမှန်မဟုတ်ပါ။ နောက် အတွင်းကို ချိုင့်နေတာ မဟုတ်ဘဲ အပြားလိုက်ဖြစ်နေတဲ့ နို့သီးခေါင်းတွေလည်း ရှိတတ်ပါတယ်။

    နို့ပါးစပ်ဖြစ်တဲ့အခါ ဘာဖြစ်နိုင်သလဲ။

    နို့ပါးစပ်ဖြစ်တဲ့အခါ အဓိက ဖြစ်တဲ့ပြဿနာက ကလေး နို့စို့ရခက်တာပါ။ နို့တိုက်တဲ့အခါ ကလေး ပါးစပ်ကို ကျယ်ကျယ်ဟ ဘေးက အညိုရောင် နို့ကွင်းကို ငုံ၊ နို့သီးခေါင်းက အာခေါင်မှာ ထောက်ပြီး နို့စို့တာပါ။ ခုတော့ နို့သီးခေါင်းက အထဲဝင်နေတဲ့အတွက် ကလေးက ကောင်းကောင်းစို့လို့ မရပါဘူး။

    ဒီလို ကောင်းကောင်းစို့လို့ မရတဲ့အတွက် နို့ကမထွက်၊ မထွက်တော့ ကလေးကမစို့ (နို့က သဘာဝအရ စို့လေ ထွက်လေပါ။ မစို့ရင် တဖြည်းဖြည်း မထွက်တော့ပါဘူး။) ကလေးကဆာ၊ ငိုနဲ့ သံသရာလည်နေတတ်ပါတယ်။

    ဒါ့ပြင် ကလေးက အားစိုက်ပြီး စို့ရတဲ့အခါကျတော့ မေမေတို့ နို့သီးခေါင်းတွေ ကျိန်းစပ်ပြီး နာလာတတ်ပါတယ်။ နို့သီးခေါင်းလေးတွေ ကွဲပြီး နို့မတိုက်နိုင်တာ ဖြစ်တတ်ပါတယ်။

    နို့ပါးစပ်ရှိတဲ့ မိခင် နို့တိုက်မယ်ဆိုရင်

    • နို့ မတိုက်ခင်မှာ နို့သီးခေါင်းကို ဆွဲထုတ်ပါ။

    လက်ချောင်းတွေကို V ဒါမှမဟုတ် C ပုံစံလုပ်ပြီး နို့သီးခေါင်းကို ညင်ညင်သာသာ ဆွဲထုတ်ပါ။ ကလေးနို့စို့ခါနီးတိုင်း နို့သီးခေါင်း ဆွဲထုတ်ပြီးမှ တိုက်ပါ။

    • ရင်သား ညှစ်စက်သုံးပါ။

    ကလေးကို နို့မတိုက်ခင်မှာ ရင်သားညှစ်စက်လေး သုံးပြီး နို့သီးခေါင်းကို ဆွဲထုတ်ကြည့်ပါ။ ပြီးမှ နို့တိုက်ပါ။

    • လက်နဲ့ ညှစ်ပါ။

    တစ်ခါတလေ ရင်သားတွေ တင်းနေတဲ့အတွက် နို့သီးခေါင်းကို ကလေးက လှမ်းငုံလို့ မရတာမျိုး ရှိတတ်ပါတယ်။ ဒီလိုဆို ရင်သားကို ရေနွေးဝတ်လေးနဲ့ ကပ်ပြီး နို့နည်းနည်း ညှစ်ထုတ်လိုက်ပါ။ နို့တွေ ထွက်သွားတဲ့အခါ ရင်သားပျော့ပြီး ကလေးစို့ရလွယ်စေပါတယ်။

    • ရင်သားကို နောက်ကို ဆွဲပါ။

    နို့သီးခေါင်းကို အပြင်ဆွဲထုတ်လို့ မရဘူးဆိုရင် နောက်တစ်နည်းအနေနဲ့ ရင်သားကို ရင်ဘတ်ဘက် ပြန်ဆွဲပါ။ ဒါဆိုရင်လည်း မြုပ်နေတဲ့ နို့သီးခေါင်း ပြန်ပေါ်လာနိုင်ပါတယ်။

    • Nipple shield သုံးပါ။

    Nipple shield ဆိုတာ နို့သီးခေါင်းနဲ့ ပုံစံတူအောင် လုပ်ထားတဲ့ ပစ္စည်းလေးပါ။ ဒီလို နို့ပါးစပ်ဖြစ်တတ်တဲ့ မေမေတွေအတွက် ထုတ်ထားတာပါ။ နို့သီးခေါင်းထိပ်မှာ တပ်ထားလိုက်မယ်ဆိုရင် ကလေးက Nipple shieldကို စို့လိုက်တိုင်း အမေနို့ကို စို့ရသလို နောက်က နို့လိုက်လာမှာပါ။

    • ခဏခဏ တိုက်ပါ။

    နို့သီးခေါင်းအထဲဝင် နေလို့ ဆိုပြီး ကလေးကို နို့ဖြတ်စရာ မလိုပါဘူး။ နို့ပါးစပ်ဖြစ်နေပေမယ့် ကလေးကို ကြိုးစားပြီး တိုက်မယ်ဆိုရင် တခြားမေမေတွေလိုပဲ ပုံမှန်တိုက်နိုင်မှာပါ။ ခဏခဏ တိုက်ပေးမှ ကလေးက စို့တတ်လာမှာပါ။  တိုက်လို့ မရဘူးဆိုပြီး ထားလိုက်ရင် ကလေးက မစို့တဲ့အတွက် နို့ထွက်မှာ မဟုတ်တော့ပါဘူး။

    နို့ပါးစပ်ကြောင့် နို့သီးခေါင်းတွေ ကွဲနေရင်

    နို့ပါးစပ်ရှိတဲ့ မေမေတွေက တခြားမေမေတွေထက်စာရင် နို့သီးခေါင်း ပိုကွဲတတ်ပါတယ်။ နို့သီးခေါင်း ကွဲတာက နောက်ပိုင်း ကလေးနို့စို့ကျင့်သားရသွားရင် သက်သာသွားပါတယ်။ တစ်ပတ် နှစ်ပတ်လောက်တော့ ကြာတတ်ပါတယ်။ နို့သီးခေါင်းကွဲလည်း သိပ်မဆိုးဘူးဆို နို့ဆက်တိုက်လို့ရပါတယ်။ နို့မတိုက်ခင်နဲ့ တိုက်ပြီးမှာ နို့သီးခေါင်းကို ရေနွေးဝတ်နဲ့ သေချာဆေးကြောပါ။ ခြောက်အောင် သုတ်ပါ။ စိုစွတ်နေရင် ပိုးဝင်နိုင်လို့ပါ။ ရေနွေးဝတ်နဲ့ ဆေးပေးတာက နာကျင်တာတွေလည်း သက်သာစေပါတယ်။

    နို့ပါးစပ် မဖြစ်အောင် ကာကွယ်လို့ ရမလား။

    နို့သီးခေါင်းတွေ ပြားတာ၊ အတွင်းချိုင့်ဝင်တာ၊ အပြင်ထွက်တာ စတာတွေက အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ နို့သီးခေါင်း အပြင်ထွက်နေတာက ကလေးနို့တိုက်ရ လွယ်တာမှန်ပေမယ့် နို့ပါးစပ်ဖြစ်နေလို့ တိုက်လို့ မရတာတော့ မဟုတ်ပါဘူး။

    ကိုယ်ဝန်ဆောင်ချိန်မှာ နို့ပါးစပ်ကို အပြင်ထွက်အောင် လုပ်မလုပ် ဆိုတာနဲ့ ပတ်သက်လို့ အငြင်းပွားနေဆဲပါပဲ။ တချို့ကျတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း အပြောင်းအလဲဖြစ်ပြီး ရင်သားကြီးလာတာ၊ နို့သီးခေါင်း အပြင်ထွက်တာတွေက အလိုလို ဖြစ်လာပါတယ်။ တချို့ကျတော့လည်း ရင်သားကြီးလာပေမယ့် နို့သီးခေါင်း အပြင်ထွက်မလာပါဘူး။

    ဒါကြောင့် ကိုယ်ဝန်အပ်တဲ့အခါ ရင်သားနဲ့ နို့သီးခေါင်းကို စစ်ဆေးပေးပါတယ်။ အထူးသဖြင့် သားဦးကိုယ်ဝန်တွေမှာပါ။ နို့သီးခေါင်းအတွင်းဝင် နေတဲ့အခါ အမေကို လက်ချောင်းလေးတွေနဲ့ ဆွဲထုတ်ခိုင်းတာမျိုးတွေ ရှိပါတယ်။ ဒီတော့မှ နို့သီးခေါင်းလေးတွေ အပြင်ထွက်လာပါတယ်။ တချို့မေမေတွေကျတော့လည်း ဒီတိုင်းပါပဲ။ ဒီတော့ မွေးလာရင် ကြိုးစားတိုက်ကြည့်၊ မရရင် Nipple shieldတို့၊ ရင်သားညှစ်စက်တို့နဲ့ သုံးရပါတယ်။

    နို့ပါးစပ်ဖြစ်နေရုံနဲ့ ကလေးနို့တိုက်တာကို လက်မလျှော့ပါနဲ့။ ကြိုးစားပြီး တိုက်ကြည့်ပါ။ ဆရာဝန်တွေ၊ သူနာပြုတွေဆီကနေ နို့တိုက်နည်းကို စနစ်တကျသင်ယူပါ။ စိတ်ရှည်ရှည်နဲ့ နို့တိုက်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement