backup og meta

ကလေးငယ်ငယ် ဘယ်အရွယ်မှာ ဘယ်လိုအသားအရေဂရုစိုက်ကြမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးငယ်ငယ် ဘယ်အရွယ်မှာ ဘယ်လိုအသားအရေဂရုစိုက်ကြမလဲ

    ကလေးငယ်တွေရဲ့အသားအရေက ဘယ်လောက်နုနယ်ပြီး ထိခိုက်လွယ်တယ်ဆိုတာ မေမေတို့အသိဆုံး။ အသားအရေနုတာမှ အတွေ့အကြုံမရှိတဲ့ဖေဖေမေမေတွေဆို မချီရဲ၊ မကိုင်ရဲလောက်တဲ့အထိပါ။ မွေးကင်းစဘေဘီလေးတစ်ယောက်ရဲ့အရေပြားမှာ အကာအကွယ်အလွှာပါးလေးတစ်ခုပါလာတတ်ပြီး ၁ ပတ်၊ ၂ ပတ်လောက်အတွင်းမှာ အလိုလိုကွာသွားတတ်ပါတယ်။ မွေးကာစ နီတာရဲလေးကို ဒီလိုအရေပြားအဖတ်လန်တာလေးတွေ ပွတ်ခွာဖယ်ရှားဖို့၊ အသားအရေလှအောင် အလောတကြီး လုပ်ဖို့မလိုပါဘူးနော်။

    အသက်အရွယ်ကိုမူတည်ပြီး ကလေးအသားအရေအတွက် မေမေတို့လုပ်ပေးသင့်တဲ့ အချက်လေးတွေရှိပါတယ်။ ဒီအချက်လေးတွေအတိုင်းပုံမှန် ဂရုစိုက်စောင့်ရှောက်ပေးရုံနဲ့ လုံလောက်ပါတယ်နော်။

    မွေးစကနေ ခြောက်လအထိ

    (၁) ဘေဘီလေးတွေကို ရေချိုးဖို့မလောပါနဲ့။

    လူကြီးတွေရဲ့အရေပြားထက် အဆပေါင်းများစွာပိုနုတဲ့အပြင် သူတို့လေးတွေရဲ့ အသားအရေခြောက်သွေ့သွားရင် ဓာတ်မတည့်မှုတွေ၊ အရေပြားပြဿနာတွေလို အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ ရေချိုးတဲ့ ကလေးအရေပြားမှာရှိနေတဲ့ သဘာဝအဆီလေးတွေ အကုန်ပါသွားနိုင်လို့ပေါ့။ ဒါ့ကြောင့်‌နေ့တိုင်းရေမချိုးပေးပါနဲ့။ တစ်ပတ်သုံးကြိမ်လောက်ပဲချိုးပေးပါ။

    (၂) ဘေဘီလေးကို သန့်စင်ပေးတဲ့အခါ ဂရုစိုက်ပါ။

    တစ်လဝန်းကျင်ဘေဘီလေးကို တစ်ပတ်နှစ်ကြိမ်၊ သုံးကြိမ် အပျော့စားဆပ်ပြာရည်လေးသုံးပြီး ရေမြှုပ်လေးနဲ့ ရေချိုးပေးလို့လည်း ရပါတယ်။ ဒီကြားထဲမှာ ကလေးရဲ့ပါးစပ်တဝိုက်၊ လက်နဲ့ခြေထောက်အကွေးအဆန့်ကြားလေးတွေ၊ လည်ပင်းအရစ်လေးတွေ၊ ပေါင်ကြားလေးတွေကို ဂွမ်းလုံးနုနုလေးတွေနဲ့ သန့်စင်ပေးနိုင်ပါတယ်။

    (၃) ကလေးသုံးပစ္စည်းကို ရွေးချယ်ဝယ်ယူပါ။

    ဘေဘီတို့အတွက် သီးသန့်ထုတ်တဲ့ ရေချိုးဆပ်ပြာ၊ အစိုဓာတ်ထိန်းခရင်မ်၊ ခေါင်းလျှော်ရည် စတဲ့အသုံးအဆောင်တွေကိုပဲသုံးပါ။ အဲဒီထဲမှာလည်း အမွှေးနံ့ပြင်းတာ၊ အရောင်တွေပါတာ၊ ဓာတုပစ္စည်းပါတာတွေကို မရွေးမိဖို့ ဂရုစိုက်ပါ။

    ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ အပျော့စားဆပ်ပြာရည်လေးနဲ့ ချိုးပေးလို့ရပါပြီ။ ရေချိုးတဲ့အခါမှာလည်း တစ်ပတ်ကို ၃ ကြိမ်လောက်နဲ့ အချိန် ၃ မိနစ်ကနေ ၅ မိနစ်လောက်အထိပဲ ချိုးပေးတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ကလေးအတွက် ဆပ်ပြာရည်ဝယ်ယူတဲ့အခါ သေသေချာချာစစ်ဆေးဖို့ လိုအပ်သလို တတ်သိနားလည်တဲ့သူနဲ့တိုင်ပင်သင့်ပါတယ်။

    (၄) အစိုဓာတ်ထိန်းခရင်မ်လူးပေးပါ။

    ရေချိုးပြီးတဲ့အခါ အသားအရေခြောက်သွေ့တာမျိုးမဖြစ်စေဖို့အတွက် ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ အစိုဓာတ်ထိန်းခရင်မ်တစ်ခုခုလူးပေးရပါမယ်။

    (၅) ကလေးအဝတ်အစားတွေလျှော်တဲ့အခါ အပြင်းစားဆပ်ပြာမှုန့်တွေမသုံးပါနဲ့

    တချို့ဆပ်ပြာမှုန့်တွေက ချေးနဲ့ အစွန်းအထင်းတွေကျွတ်စေတယ်ဆိုပေမယ့် ဓာတုပစ္စည်းတွေအများအပြားပါဝင်နေတတ်ပါတယ်။ ဒီလိုမျိုး ဆပ်ပြာမှုန့်တွေနဲ့ ကလေးအဝတ်တွေကို စိမ်ပြီးလျှော်မယ်ဆိုရင် ကလေးအရေပြားမှာ ဓာတ်မတည့်တာ၊ ခြောက်သွေ့ယားယံတာမျိုး ဖြစ်နိုင်ပါတယ်။ အဝတ်တွေတင်မဟုတ်ဘဲ ကလေးရဲ့စောင်တွေ၊ရေသုတ်တဘက်တွေနဲ့ အခြားအသုံးအဆောင်တွေလျှော်တဲ့အခါလည်း ဆပ်ပြာအပြင်းစားတွေမသုံးသင့်ပါဘူး။

    (၆) အညစ်အကြေးစွန့်ပြီးတိုင်း သန့်ရှင်းရေးလုပ်ပေးပါ

    ကလေးကိုအဝတ်လဲပေးတဲ့အခါတိုင်း အနည်းဆုံးတော့ ဂွမ်းစနုနုလေးနဲ့ ရေကိုသုံးပြီး ဆီးတွေနဲ့အညစ်အကြေးတွေကို သန့်စင်ဖယ်ရှားပေးပါ။ အရေပြားကို ပုံမှန် pH ပမာဏရရှိအောင်ထိန်းညှိပေးပါ။ ကလေးကိုအနှီး၊ ဘောင်းဘီ ဒါမှမဟုတ် သေးခံအသစ်လဲပေးဖို့အတွက် သန့်ရှင်းရေးလုပ်ပေးပြီးတိုင်းမှာ ခြောက်သွေ့အောင်သုတ်ပေးဖို့ကိုလည်း မေ့မထားသင့်ပါဘူး။ ဒီလိုမှမဟုတ်ရင် သေးခံလောင်တဲ့ပြဿနာ ခံစားရနိုင်ပါတယ်။

    ခြောက်လနောက်ပိုင်း

    ခြောက်လနောက်ပိုင်းအရွယ်ကစပြီး ကလေးရဲ့အသားအရေက အရင်ကထက်တော့ ပုံမှန်ဖွံ့ဖြိုးလာပါပြီ။ ပြင်ပပတ်ဝန်းကျင်ဆီက သက်ရောက်မှုတွေကို ကာကွယ်နိုင်စွမ်းအတန်အသင့်ရှိနေပြီမို့ နည်းနည်းစိတ်အေးလို့ရပါပြီ။ ဒါပေမယ့် ကလေးကအရွယ်လေးကြီးလာလေ ပြင်ပဝန်းကျင်နဲ့အရာဝတ္ထုတွေ ထိတွေ့မှုပိုများလာလေဆိုတော့ ဆက်ပြီးစောင့်ရှောက်ရဦးမှာပါပဲ။

    ဒါ့ကြောင့် ကလေးကို အစိုဓာတ်ထိန်းခရင်မ်ပုံမှန်လိမ်းပေးဖို့မမေ့ပါနဲ့။ အပြင်ခေါ်သွားမယ်ဆို နေလောင်ကာခရင်မ်လူးပေးပါ။ ကလေးငယ်ရဲ့အသားအရေက အရမ်းကိုထိခိုက်လွယ်တာကြောင့် နေရောင်နဲ့တိုက်ရိုက်မထိတွေ့စေတာ က ပိုကောင်းပါတယ်။ ကလေးကို အပြင်ခေါ်သွားမယ်ဆိုရင် ဦးထုပ်ဆောင်းပေးပါ၊ ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သားအင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပေးတာမျိုးတွေလုပ်ပေးဖို့လိုပါလိမ့်မယ်။

    ပိတ်လှောင်ပြီး ပူအိုက်တဲ့အခါ မိတ်တွေထွက်နိုင်သလို ချွေးထွက်များပြီး ဘက်တီးရီးယားကပ်တဲ့အခါ အဖုလေးတွေ၊ ဓာတ်မတည့်တာတွေလို အရေပြားပြဿနာတွေဖြစ်လာနိုင်လို့ အဝတ်အစားကို ချောင်ချောင်ချိချိဝတ်ပေးသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement