backup og meta

အစားကြေးများတဲ့ ကလေး ဘယ်လိုချော့ကျွေးကြမလဲ

အစားကြေးများတဲ့ ကလေး ဘယ်လိုချော့ကျွေးကြမလဲ

ကလေးကို ထမင်းစကျွေးပြီဆိုတာနဲ့ မိဘတွေတိုင်ပတ်တဲ့ဇာတ်လမ်းကစလာပါပြီ။ အရာရာသူ့ဘာသာလုပ်မယ်တကဲကဲနဲ့ ဖွံ့ဖြိုးလာတဲ့ ကလေးကြောင့်ပါ။ ဘာကျွေးကျွေး ခုကြိုက်လိုက်၊တော်ကြာထွေးထုတ်လိုက်၊ သူ့လက်နဲ့ပြန်ကောက်စားလိုက် လုပ်ရင်လုပ်တတ်သေးတယ်။ ဘယ်အစားအစာကိုကြိုက်မလဲ မှန်းဆရလည်းတော်တော်ခက်တဲ့အရွယ်ပါ။ အစားတစ်မျိုးကို ခဏပဲကြိုက်တာကိုး။

ဆော့ရင်းကစားရင်း လိုက်ခွံ့ရတာ၊ ထမင်းပန်းကန်ကိုင်ပြီး ကလေးနဲ့စိန်ပြေးလိုက်တမ်းကစားရတာလည်း အမော။ ဒီလိုကာလတွေမှာအတော်ပင်ပန်းရပေမယ့် ဒါဟာ ကလေးတွေရဲ့ပုံမှန်ဖွံ့ဖြိုးမှုအဆင့်တစ်ခုဖြစ်နေပြန်ပါတယ်။ သိပ်စိတ်ပူနေဖို့တော့ မလိုပါဘူး။ မေမေတို့အနေနဲ့ ဉာဏ်ရှိရှိနဲ့ဖြတ်သန်းနိုင်မယ်ဆိုရင် ကလေးလည်းအာဟာရမလျော့ဘဲ အချိန်နဲ့အမျှ အဆင်ပြေလာမှာပါ။

ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ

ကလေးအများစုက တစ်ခါတရံ စားစရာကိုငြင်းဆန်နေရင်တောင်မှ မိဘတွေရဲ့ ကြိုးပမ်းမှု(ဉာဏ်ကစားမှု)ကြောင့် စားသင့်သလောက် စားဝင်ကြပါတယ်။ တစ်ခုသတိထားရမှာက ကလေးရဲ့အစာအိမ်ကသေးသေးလေးရယ်။ ဒီလောက်ဝင်မှဖြစ်မယ်ဆိုပြီး တစ်ကြိမ်တည်းမှာ ပုံတိုက်သတ်မှတ်ပြီး အတင်းမကျွေးမိဖို့ပါ။ ထိုက်သင့်သလောက်စားဝင်ပြီးမှ ကလေးက ဆက်မစားချင်တော့ရင် အတင်းအကျပ်ဆက်မကျွေးသင့်ပါဘူး။

ကဲ ဘယ်လိုနည်းလမ်းတွေသုံးပြီး ဇီဇာကြောင်တဲ့ကလေးကို အစားချော့ကျွေးနိုင်မလဲ ကြည့်ရအောင်။

ကိုယ်နဲ့အတူကျွေးကြည့်ပါ

လူကြီးတွေစားတဲ့ထမင်းဝိုင်းနားမှာဖြစ်ဖြစ်၊ တစ်ဝိုင်းတည်းထိုင်ခိုင်းတာဖြစ်ဖြစ် တတ်နိုင်သလောက် တူတူထမင်းစားကြည့်ပါ။ အချိန်မရတဲ့သူတွေအတွက် နည်းနည်းတော့ခက်ခဲနိုင်ပေမယ့် ကလေးတစ်ယောက်တည်းကိုထမင်းခွံ့ရင်း အချိန်ကြာရ၊ပင်ပန်းရတာနဲ့စာရင် ပိုအဆင်ပြေနိုင်ပါတယ်။

လူကြီးတွေ စားတာကြည့်ရင်း ကလေးက စားချင်စိတ်ပိုများလာနိုင်သလို၊ အစားအစာအသစ်အဆန်းတွေကိုလည်းမြည်းကြည့်ချင်စိတ်ဖြစ်လာစေနိုင်ပါတယ်။ သူတို့လက်ထဲ ပန်းကန်တစ်ချပ်ပေးထားပြီး စားစရာနည်းနည်းထည့်ပေးထားရင် သူ့ဘာသာစားတဲ့အလေ့အကျင့်ဖြစ်စေမယ်၊ငြိမ်ဆေးကျွေးသလိုဖြစ်စေမယ်ပေါ့။

ကိုယ့်ဘာသာစားတတ်အောင်လေ့ကျင့်ပေးပါ

ကျန်းမာရေးနဲ့ညီတဲ့ စားစရာတွေကို ကိုယ်တိုင်စားနိုင်အောင်ပြင်ဆင်ပေးပြီး လွတ်လွတ်လပ်လပ်စားခွင့်ပေးလိုက်ပါ။(တစ်ဆို့စေမယ့်၊အစာနင်စေမယ့် အစားအစာမျိုးမဖြစ်အောင် သတိထားပြင်ဆင်ရပါမယ်) ကိုယ်တိုင်လုပ်ခွင့်ရမှကျေနပ်တဲ့အရွယ်မို့ သူ့ဘာသာအလုပ်ရှုပ်နေတာနဲ့တင် ထမင်းစားချိန် လျှောက်ပြေးမဆော့အားတော့ပါဘူး။

ထမင်းစားချိန်တွေကို ပျော်စရာကောင်းအောင်ဖန်တီးပေးပါ

ပျော်အောင်လုပ်ပေးရမယ်ဆိုတာနဲ့ တီဗီဖွင့်၊ ကာတွန်းကား၊ သီချင်းမြူးမြူးတွေဖွင့်ပေးထားဖို့မဟုတ်ဘူးနော်။ အဲဒါတွေက အာရုံပြောင်းထားတာဖြစ်ပေမယ့် ကလေးက တီဗီကိုအာရုံစိုက်နေတုန်း ထမင်းထိုးခွံ့ရတာ နည်းလမ်းကောင်းမဟုတ်ပါဘူး။ အာရုံသေချာမရှိဘဲ မျိုချနေတဲ့အတွက် အစာခြေစနစ်အတွက်မကောင်းသလို ဘယ်အစားအစာကိုစားမိမှန်း၊ ဘာကိုကြိုက်မှန်းမကြိုက်မှန်းမသိတော့တဲ့အတွက် အစာစားခြင်းနဲ့ပတ်သက်တဲ့ ကလေးရဲ့လေ့လာဖွံ့ဖြိုးမှုအပိုင်းမှာ အကျိုးမရှိဖြစ်စေပါလိမ့်မယ်။

အိုးပုတ်လေးတွေ၊ စားစရာအသီးအနှံအတုတွေ၊ အရုပ်လေးတွေနဲ့ပေးကစားထားတာမျိုးမှ အစားအသောက်ကို အာရုံပိုရှိစေနိုင်တယ်။ စားချင်စိတ်ပိုဖြစ်စေနိုင်ပါတယ်။ အစားအသောက်အကြောင်း၊ အခုစားနေတဲ့ဟင်းရဲ့ပါဝင်ပစ္စည်းတွေအကြောင်းရှင်းပြတာတွေ နဲ့ကလေးရဲ့အာရုံကို ဖမ်းဆုပ်နိုင်ပါတယ်။(ဥပမာ- ထမင်းခွံ့နေရင်း….သားရေ..ငါးငါး စားကြည့်ပါဦး၊ ဟောဟိုရှေ့ကရေကန်ထဲက ငါးတွေသိတယ်မလား၊ ငါးလေးတွေရေဘယ်လိုကူးလဲသိလား၊ စသည်ဖြင့် ဆက်စပ်ပြီး ကလေးနဲ့စကားပြောကြည့်လို့ရပါတယ်)

ကလေးက စားချင်စိတ်ရှိမရှိ ကိုသတိပြုကြည့်ပါ

ကလေးက မဆာဘူးဆိုရင် အတင်းမကျွေးပါနဲ့။ ဒါလေးကုန်အောင်စားနော်၊ အကုန်စားရင်ရေခဲမုန့်ကျွေးမယ်တို့ ဘာတို့ တခြားစားစရာတခုခုနဲ့ မက်လုံးမပေးသင့်ပါဘူး။ ဆုချခံရမယ့် စားစရာအတွက် စိတ်လောပြီး လက်ရှိ ဆာလောင်တာတွေ ပြည့်အောင်မစားတော့တာ၊ ဗိုက်ပြည့်တာလည်း မသိတော့တာတွေ ဖြစ်လာနိုင်ပါတယ်။

ပုံမှန်အချိန်ဇယား သတ်မှတ်ထားပါ

ဒီနေ့ ဒီအချိန်ကျွေးရင်နောက်နေ့လည်း ဒီအချိန်ပဲကျွေးပါ။ ထမင်းကျွေးချိန်ကို သတ်သတ်မှတ်မှတ်ထားပါ။ ထမင်းစားနည်းတဲ့နေ့ဆိုရင် အာဟာပြည့်တဲ့သရေစာတစ်ခုခုလုပ်ကျွေးပါ။ ဥပမာ ကြက်ဥပူတင်း ကိုယ်တိုင်လုပ်ကျွေးတာမျိုး။ အတတ်နိုင်ဆုံး အပြင်စာ မုန့်တွေမကျွေးတာကောင်းပါတယ်။ အချိုရည်တွေ၊ အသင့်စားသရေစာမုန့်တွေ ခဏခဏ မကျွေးပါနဲ့။ ထမင်းစားချင်စိတ်လျော့သွားနိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.mayoclinic.org/healthy-lifestyle/childrens-health/in-depth/childrens-health/art-20044948

Accessed July 3, 2018.

https://www.betterhealth.vic.gov.au/health/healthyliving/toddlers-and-fussy-eating

Accessed July 3, 2018.

https://www.babycentre.co.uk/a1008600/how-to-cope-with-feeding-a-fussy-toddler

Accessed July 3, 2018.

ယခုပုံစံ

25/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆယ်တန်းစာမေးပွဲကြီးနီးလာပြီနော်။ ကိုယ့်ကလေးကို ဘာတွေကျွေးပြီး ဘယ်လိုပြုစုရမလဲ ။ ။

အားဖြည့်အချိုရည်ဆိုရင် နိုးပါ လို့ မေမေတို့တွေးသင့်တဲ့အကြောင်းရင်း



Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement