ပိုလီယိုအကြောပျော့ရောဂါက ကုရာနတ္ထိဆေးမရှိတာကြောင့် ကာကွယ်ဆေးထိုးထားတာက အကောင်းဆုံးနည်းလမ်းပါပဲ။ ပိုလီယိုရောဂါ ကာကွယ်ဆေး မှာ အစက်ချဆေး (သောက်ဆေး)နဲ့ ထိုးဆေးဆိုပြီး ၂မျိုးရှိပြီး မြန်မာနိုင်ငံရဲ့ ကာကွယ်ဆေးထိုးအချိန်ဇယားမှာတော့ ၂မျိုးလုံးကို ထည့်သွင်းထားပါတယ်။
ပိုလီယိုရောဂါဆိုတာ
ပိုလီယိုရောဂါက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာဖြစ်ပြီး ၅နှစ်အောက် ကလေးတွေမှာ အဖြစ်များပါတယ်။ ဝမ်းနဲ့ နှာချေချောင်းဆိုးလို့ ထွက်တဲ့ အမှုန်အမွှားတွေမှာ ပါတတ်ပါတယ်။ ဥပမာ လူတစ်ယောက်က နှာချေပြီး၊ အိမ်သာဝင်ပြီး လက်မဆေးဘူးဆိုရင် ဗိုင်းရပ်စ်က ပြန့်နှံ့နိုင်ပါတယ်။ ဒါ့ပြင် ဝမ်းထဲမှာ ဗိုင်းရပ်စ်ပါပြီး ဒီဝမ်းပါတဲ့ရေကို သောက်ရေအဖြစ် အသုံးပြုမယ်ဆိုရင်လည်း ကူးတတ်ပါတယ်။ အရင်တုန်းက နယ်တွေမှာ အိမ်သာမရှိတဲ့အတွက် မြစ်၊ချောင်းတွေထဲကို စွန့်ပစ်ကြပြီး မြစ်၊ ချောင်းက ရေတွေကိုပဲ သောက်ရေအဖြစ် အသုံးပြုကြတဲ့အခါ ကူးစက်တတ်ပါတယ်။
ပိုလီယိုဗိုင်းရပ်စ်က ကူးစက်တဲ့အခါ များသောအားဖြင့် လက္ခဏာမပြတတ်ပါဘူး။ အနည်းစုကတော့ တုပ်ကွေးဆန်ဆန် လက္ခဏာတွေ ခံစားရတတ်ပါတယ်။ အဆိုးဆုံးကတော့ အကြောသေသွားတာပါ။ ကြွက်သားတွေ အားနည်းပြီး လှုပ်ရှားလို့မရတော့တာ၊ အစာစားရ၊ အသက်ရှူရခက်တာတွေထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ပဲ ပိုလီယိုအကြောပျော့ ဒါမှမဟုတ် ပိုလီယိုအကြောသေရောဂါလို့ ခေါ်တာပဲ ဖြစ်ပါတယ်။
ဒီလိုအခြေအနေရောက်သွားရင်တော့ ပြန်ကောင်းအောင် ကုသလို့ မရတော့သလို အခန့်မသင့်ရင် အသက်ဆုံးရှုံးသည်အထိ ဖြစ်သွားနိုင်ပါတယ်။
ပိုလီယိုရောဂါ ကာကွယ်ဆေး ဘယ်နှမျိုးရှိသလဲ
ပိုလီယိုရောဂါ ကာကွယ်ဆေးမှာ ထိုးဆေးနဲ့ အစက်ချဆေး (သောက်ဆေး) ဆိုပြီး ၂မျိုးရှိပါတယ်။
ထိုးဆေးအမျိုးအစားဖြစ်ပြီး ကလေး အသက် ၄လမှာ တစ်ကြိမ်ထိုးပေးပါတယ်။
-
Oral polio vaccine (OPV)
အစက်ချဆေး အမျိုးအစားဖြစ်ပြီး ကလေးအသက် ၂လ၊ ၄လ၊ ၆လမှာ တိုက်ပါတယ်။ ပိုလီယိုကင်းစင်သွားတဲ့ နိုင်ငံတွေမှာတော့ အစက်ချဆေးကို မတိုက်တော့ပါဘူး။
ပိုလီယိုရောဂါ ကာကွယ်ဆေး မထိုးခင် ဘာတွေသိသင့်သလဲ
ကာကွယ်ဆေးအကြိမ်ရေမပြည့်ဖူးဆိုရင် အာနိသင်ထိရောက်မှုရှိမှာ မဟုတ်တဲ့အတွက် သတ်မှတ်ထားတဲ့ အကြိမ်ရေအတိုင်း ကာကွယ်ဆေးထိုးဖို့၊ တိုက်ဖို့ မမေ့ပါနဲ့။ အနည်းငယ် အအေးမိတာမျိုးဖြစ်နေချိန်မှာလည်း ကာကွယ်ဆေးထိုးနိုင်တယ်ဆိုပေမယ့် အဖျားကြီးခြင်း ဒါမှမဟုတ် ကူးစက်ပိုးဝင်ခြင်း စတာတွေကို ခံစားနေရမယ်ဆိုရင်တော့ ရောဂါလက္ခဏာတွေ ပျောက်သွားတဲ့အချိန်မှသာ ကာကွယ်ဆေးထိုးသင့်ပါတယ်။
ပိုလီယိုရောဂါ ကာကွယ်ဆေးကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
ပိုလီယိုရောဂါ ကူးစက်ခံရခြင်းဟာ ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေထက် များစွာပိုမိုဆိုးရွားပါတယ်။ အခြားသော ဆေးဝါးများနည်းတူ ပိုလီယိုရောဂါ ကာကွယ်ဆေးဟာလည်း ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်တယ်ဆိုပေမယ့် ဆိုးရွားပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်တာတော့ အင်မတန်ရှားပါးပါတယ်။ အောက်ဖော်ပြပါ ဓာတ်မတည့်လက္ခဏာတွေ ပေါ်ပေါက်လာရင် အရေးပေါ်ဆေးဝါးကုသမှုကို အမြန်ဆုံး ခံယူရပါမယ်။
- အင်ပြင်များထွက်ခြင်း။
- အသက်ရှူရခက်ခြင်း။
- မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် လည်ချောင်းတို့ ဖောရောင်ခြင်း။
ကာကွယ်ဆေးထိုးအပြီး ၂၄နာရီအတွင်းမှာ ခံစားရနိုင်ဖွယ်ရှိတဲ့ နာကျင်ခြင်းနဲ့ အဖျားတက်ခြင်းတွေကို သက်သာစေဖို့အတွက် အက်စ်ပရင်မပါဝင်တဲ့ အကိုက်အခဲပျောက်ဆေးတွေ (ဥပမာ acetaminophen (Tylenol) သို့မဟုတ် ibuprofen (Motrin, Advil) တို့ကို သုံးစွဲဖို့ သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ သုံးစွဲရမယ့် ပမာဏနဲ့ ပတ်သက်ပြီး ဆေးညွှန်း ဒါမှမဟုတ် ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာရပါမယ်။
ကာကွယ်ဆေးထိုးဖို့ ရက်ကျော်သွားခဲ့ရင် ဘာလုပ်ရမလဲ။
ကာကွယ်ဆေးထိုးဖို့ ရက်ကျော်သွားရင် ဆရာဝန်ကို အသိပေးပါ။ သတိရရချင်းမှာ နောက်တကြိမ်အတွက် ထိုးပါ။ အစက ပြန်ထိုးစရာ မလိုပါဘူး။ သတ်မှတ်ထားတဲ့ အကြိမ်ရေအတိုင်း ကာကွယ်ဆေးကို ပြည့်အောင်ထိုးပါ။ အကြိမ်ရေမပြည့်ရင် ကာကွယ်ဆေးအာနိသင်ကို အပြည့်အဝ ရမှာ မဟုတ်ပါဘူး။
[embed-health-tool-vaccination-tool]