backup og meta

ပိုးမွှားကိုက်ခံရတဲ့ကလေးမှာဖြစ်တဲ့ အရေပြားပြဿနာ ဘယ်လိုဖြေရှင်းမလဲ

ပိုးမွှားကိုက်ခံရတဲ့ကလေးမှာဖြစ်တဲ့ အရေပြားပြဿနာ ဘယ်လိုဖြေရှင်းမလဲ

ကလေးတွေဟာ ပုရွက်ဆိတ်၊ ခြင်၊ ကြမ်းပိုး၊ နကျယ်၊ ပျား၊ ကင်းနဲ့ ပင့်ကူတို့လို အင်းဆက်အမျိုးမျိုးအကိုက်ခံရတတ်ပါတယ်။ ပျားတုပ်တာ၊ ပိုးမွှားကိုက်တာတွေက ခံရခက်ပြီး နာကျင်ရပေမယ့် အန္တရာယ်ဖြစ်ခဲပါတယ်။ နာကျင်မှုက နောက်တစ်နေ့မှာ လျော့ပါးသွားတတ်ပြီး လုံးဝပျောက်သွားတာလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့်  တချို့တွေမှာ အကိုက်ခံရလို့ပြင်းထန်တဲ့ဓာတ်မတည့်မှုဖြစ်လာရင် ချက်ချင်းကုသမှုခံယူသင့်ပါတယ်။

ကလေးတွေဟာ အင်းဆက်၊ ပိုးမွှားတွေရဲ့၊ အထူးသဖြင့်ခြင်တွေရဲ့ ပစ်မှတ်ထားခံရတာများပါတယ်။ အကောင်ကိုက်မခံရအောင် ဘယ်လိုကာကွယ်မလဲ၊ ပိုးမွှားကိုက်ခံရတဲ့ကလေးမှာဖြစ်တဲ့ အရေပြားပြဿနာ ဘယ်လိုဖြေရှင်းမလဲ ဆိုတာကို မိဘတွေအနေနဲ့ ကြိုတင်လေ့လာထားသင့်ပါတယ်။

ကလေးမှာ အဖြစ်များတဲ့ အကောင်ကိုက်ခံရခြင်းများ

ခြင်ကိုက်ခံရရင်

ခြင်ကိုက်ခံရတဲ့အခါ ခြင်ဖုတွေက နီရဲပြီးယားလာပါတယ်။ ခြင်ကိုက်ဖုက အရေးမကြီးပေမယ့် ခြင်တွေက ငှက်ဖျား ၊သွေးလွန်တုပ်ကွေးဦးနှောက်ရောင်ရောဂါyellow feverရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ (meningitis )တို့လို ပြင်းထန်တဲ့ရောဂါတွေလည်းဖြစ်စေနိုင်ပါတယ်။

သန်းကိုက်ခံရရင်

ကြောင်သန်း၊ ခွေးသန်းတွေကိုက်ခံရရင် ယားယံတဲ့အဖုလေးတွေ။ တခါတရံ နာကျင်တဲ့အဖုတွေ ဖြစ်လာစေပါတယ်။ ဒီအဖုတွေက စုပြီး အပိန့်လိုထွက်လေ့ရှိပြီး နာရီအနည်းငယ်ကနေ တစ်ရက်လောက်အထိ မပျောက်ဘဲရှိနိုင်ပါတယ်။

ကြမ်းပိုးကိုက်ခံရရင်

ကြမ်းပိုးကိုက်ခံရတဲ့လက္ခဏာက ခြင်ကိုက်ခံရတဲ့ဝေဒနာနဲ့ ဆင်တူပါတယ်။ ကလေးမှာ နီရဲပြီးဖောင်းလာတဲ့ ယားယံတဲ့အဖုလေးတွေဖြစ်လာတတ်ပြီး အများစုက အဖုတွေက စီတန်းဖြစ်ပေါ်နေ ဒါမှမဟုတ် အစုလိုက်ဖြစ်ပေါ်လေ့ရှိတတ်ပါတယ်။

ပျားတုပ်ခံရရင်

ပျား၊ နကျယ်ကောင်နဲ့ အဆိပ်ပြင်းတဲ့ fire ants ပုရွက်ဆိတ်တွေ ကိုက်ခံရရင် အကိုက်ခံရတဲ့နေရာမှာ နာကျင်၊ရောင်ရမ်းပြီး နီရဲလာပါတယ်။ ဒီလက္ခဏာတွေက နာရီအနည်းငယ်ကနေ တစ်ရက်အထိ ကြာနိုင်ပါတယ်။ အဆိပ်ဆူးက အနာမှာရှိနေတုန်းပဲဆိုရင်တော့ လက်သည်းနဲ့ သို့မဟုတ် ဇာဂနာနဲ့အသာလေးဆွဲထုတ်ပါ။

ပျားတုပ်ခံရတဲ့နေရာများရင် ကလေးက ဓာတ်မတည့်မှုမဖြစ်တတ်ရင်တောင်မှ အန္တရာယ်ရှိနိုင်ပါတယ်။ ဒဏ်ရာတွေဆီက ပျားဆိပ်ကြောင့် အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ခေါင်းကိုက်ခြင်း၊ အဖျားတက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ကလေးကို ပျားတုပ်ခံရတာများတယ်ဆိုရင် ဆရာဝန် ချက်ချင်းပြပါ။

ပျားတုပ်ခံရတာတစ်ချက်ပဲဖြစ်ပြီး ပြင်းထန်တဲ့လက္ခဏာမတွေ့ရရင်တောင်မှ ကလေးကို မျက်ခြေမပြတ်စောင့်ကြည့်ပါ။နောက်နှစ်ရက်ကြာတဲ့အထိ အနာက ဆက်ရောင်ရမ်းနေသေးတယ်ဆိုရင် ဒါမှမဟုတ် ပျားတုပ်ခံရတဲ့နေရာတွေကနေ တခြားအစိတ်အပိုင်းတွေအထိ ဆက်လက်ရောင်ရမ်းလာတယ်ဆိုရင် ဆရာဝန်ပြပါ။

မွှားကိုက်ခံရရင်

မွှားက အရေပြားပေါ်မှာရှိမနေတော့ဘူးဆိုရင် မွှားကိုက်ခံရတာမှန်းသိ ဖို့ခဲယဉ်းပါတယ်။ မွှားကိုက်ခံရတဲ့လက္ခဏာကတော့ အနီစက်၊ အနီကွက်တွေ ဖြစ်လာတတ်ပါတယ်။

ပင့်ကူကိုက်ခံရရင်

ပင့်ကူကိုက်ခံရတဲ့အခါ လူ့အရေပြားကို  မပေါက်တာများပါတယ်။ ဒါ့ကြောင့် သိပ်မပြင်းထန်တဲ့လက္ခဏာတွေပဲ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် black widow နဲ့ brown recluse အမျိုးအစား ပင့်ကူတွေကတော့ အဆိပ်ပြင်းတာကြောင့် လက္ခဏာပြင်းထန်ပြီး ချက်ချင်းဂရုစိုက် ကုသမှုခံယူဖို့လိုအပ်ပါတယ်။

ကလေးမှာ အကောင်ကိုက်ခံရတဲ့လက္ခဏာတွေဘယ်လိုသိနိုင်မလဲ

အင်းဆက်အကိုက်ခံရတဲ့ လက္ခဏာတွေဟာ သင့်ကလေးက အဲဒီအင်းဆက်နဲ့ ဘယ်လောက်အတိုင်းအတာအထိ ဓာတ်မတည့်မှုရှိသလဲဆိုတဲ့အပေါ် မူတည်ပြီး ကွဲပြားမှုရှိပါတယ်။

  • အကိုက်ခံရတဲ့နေရာမှာ ယားယံပြီး နာကျင်တဲ့အနာလေးဖြစ်ပြီး အရေပြားမှာ သိသာမှုအနည်းငယ်ရှိလာခြင်း၊
  • တချို့ကလေးတွေမှာ အကောင်ကိုက်ခံရတဲ့ နီရဲရောင်ရမ်းမှုက ပိုသိသာပြီး အနာပိုကြီးတတ်ပါတယ်။
  • ကလေးငယ်(နှင့်လူကြီး) တချို့မှာanaphylaxisလို့ခေါ်တဲ့ ပြင်းထန်တဲ့ဓာတ်မတည့်မှုရောဂါ ဖြစ်လာတတ်ပါတယ်။ Anaphylaxis ရဲ့လက္ခဏာတွေကတော့ အဖုအပိန့်ထွက်ခြင်း၊ ယားယံခြင်း၊ ဗိုက်အောင့်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူသံ တရွှီရွှီမြည်ခြင်း၊ အသက်ရှူရခက်ခြင်း၊ မျိုချရခက်ခြင်း၊ မွန်းကျပ်ခြင်း၊ သတိလစ်ခြင်းတို့ ပါဝင်ပါတယ်။

ပိုးမွှားကိုက်ခံရတဲ့ကလေးမှာဖြစ်တဲ့ အရေပြားပြဿနာ ဘယ်လိုဖြေရှင်းမလဲ

  • ကလေးကို ထပ်ပြီးအကိုက်မခံရစေဖို့ စိတ်ချရတဲ့နေရာကိုရွှေ့ထားပါ။
  • ပျားတုပ်ခံရရင် အဆိပ်ဆူးကျန်နေသေးတဲ့အခါ ဇာဂနာနဲ့ အသာအယာညှပ်ထုတ်ပေးပါ။
  • အကိုက်ခံရ၊ အတုပ်ခံရတဲ့နေရာကို ဆပ်ပြာနဲ့ သေချာဆေးကြောပြီး ဆေးထည့်ပါ။
  • နာကျင်မှုနဲ့ ရောင်ရမ်းမှုလျော့ကျစေဖို့ အနာကိုရေခဲကပ်ပါ။ ရေခဲကို အရေပြားပေါ် အဝတ်နဲ့ ထုပ်ပြီး တိုက်ရိုက်ကပ်ပါ။ အနာနေရာကို မပွတ်ပါနဲ့၊ မနှိပ်ပါနဲ့။
  • အကိုက်ခံရတဲ့နေရာကို ဆေးကြောသန့်စင်ပေးပါ။
  • ယားယံမှုကို လျော့ကျစေဖို့ Calamine လိမ်းဆေးကို လိမ်းပေးပါ။
  • လက် သို့မဟုတ် ခြေထောက်ကို အကိုက်ခံရတာဆိုရင် ကလေးကို သိပ်တဲ့အခါ အောက်ပိုင်းမြှင့်ပေးပါ။
  • ကလေးက ယားလို့ ဆက်ပြီးကုတ်နေတုန်းပဲဆိုရင် စတ်းရွိုက်လိမ်းဆေးတွေ လိမ်းနိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးတွေဟာ ဆရာဝန်ဆေးညွှန်းနဲ့သာ ဝယ်ယူနိုင်တာဖြစ်ပါတယ်။
  • ကလေးက ပျားတုပ်ခံရတာဆိုရင် ဆူးကို သေချာထုတ်ပါ။ အလွယ်ညှစ်မထုတ်သင့်သလို ဆိတ်ဆွတာတွေ မလုပ်သင့်ပါဘူး။ အဆိပ်တွေက ပိုပျံ့စေနိုင်ပါတယ်။

ကလေးက

  • နှုတ်ခမ်း၊ လျှာ၊ ပါးစပ် သို့မဟုတ် လည်ပင်းတို့မှာရောင်ရမ်းလာရင်
  • အသက်ရှူရခက်ခဲလာရင်၊
  • နာရီအတော်ကြာတဲ့အထိ ဝေဒနာမလျော့ဘဲ ကလေးကအရမ်းနာကျင်နေရတုန်းပဲဆိုရင်
  • ၂၄ နာရီအတွင်းရောင်ရမ်းမှုနဲ့ ယားယံမှုက ပိုဆိုးလာရင်
  • ရောဂါပိုးဝင်လာရင်ဆေးကုသမှုချက်ချင်းခံယူပါ။

ကြိုတင်ကာကွယ်ဖို့ ဘာတွေလုပ်နိုင်သလဲ

ကလေးတစ်ယောက်ကို ဘာကောင်မှမကိုက်အောင် လုံးဝတားဆီးဖို့တော့ မဖြစ်နိုင်သလောက်ရှိပါတယ်။ ဒါပေမယ့် သင့်ကလေး ပျားတုပ်ခံရ၊ အကောင်ကိုက်ခံရနိုင်ခြေလျော့နည်းအောင်တော့ အောက်ပါအချက်တွေကို လိုက်နာလုပ်ဆောင်နိုင်ပါတယ်။

  • ကလေးကို နကျယ်အိမ်တွေ၊ ပျားအုံတွေ၊ အင်းဆက်တွေကို ဆွဲဆောင်နိုင်တဲ့ စားစရာအကြွင်းအကျန်တွေရှိတဲ့အမှိုက်ပုံး စတဲ့နေရာတွေနဲ့ ဝေးဝေးမှာထားပါ။ ခြင်ပေါတဲ့ စိုစွတ်တဲ့နေရာတွေကို ရှောင်ပါ။
  • ကလေးငယ်ကို မြက်ခင်းပေါ် ခြေဗလာနဲ့ ပေးမဆင်းပါနဲ့။
  • ကလေးငယ်ကို ပေါ့ပါးတဲ့အဝတ်အစား၊ နေကာဦးထုပ်လေး ဝတ်ဆင်ပေးပါ။
  • ပြတင်းပေါက်တွေ၊ တံခါးတွေကို စစ်ဆေးပါ။ သေချာကြည့်ရှုပြီး အပေါက်တွေရှိမရှိစစ်ဆေး၊ ပုံမှန်ပြုပြင်ပါ။
  • အခန်းထဲမှာဖြစ်ဖြစ်၊ အပြင်မှာဖြစ်ဖြစ် ကလေးကို သိပ်တဲ့အခါ ခြင်ထောင်နဲ့သိပ်ပါ။
  • ကလေးရဲ့ အသက်အရွယ်ကို လိုက်ပြီး ခြင်ဆေးလိမ်းဖို့ ရွေးချယ်သုံးပါ။ DEET လို့ခေါ်တဲ့ diethyltoluamide ပါဝင်တဲ့ ခြင်ဆေးတွေက အထိရောက်ဆုံးဖြစ်ပြီး DEET ၁၀%အောက်ပါဝင်တဲ့ ခြင်ဆေးတွေက အသက် ၆ လအထက်ကလေးတွေမှာ သုံးဖို့ဘေးကင်းတယ်လို့ယူဆကြပါတယ်။
  • ကလေးကို ခြင်ရှိနိုင်တဲ့နေရာတွေကို ခေါ်သွားတော့မယ်ဆိုရင် (ချည်သားဖြစ်ဖြစ်)အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ပေးပါ။
  • အိမ်မှာ၊ ခြံဝင်းထဲမှာရှိနေတဲ့ ရေဝပ်နိုင်တဲ့နေရာတွေ၊ အဖုံးမပါတဲ့ရေတွေကို ခြင်မပေါက်ဖွားစေဖို့ ရှင်းလင်း၊ ဖုံးအုပ်ပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

Treatment for Insect Stings and Bites

http://www.parents.com/baby/injuries/bug-bites/insect-bites/

Treating Mosquito Bites in Children

https://www.whattoexpect.com/toddler/childhood-injuries/mosquito-bites-in-children.aspx

Treating Insect Bites in Children

https://www.care.com/c/stories/4161/treating-insect-bites-in-children/

Insect bites and stings

https://www.rch.org.au/kidsinfo/fact_sheets/Insect_bites_and_stings/

 

ယခုပုံစံ

02/11/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးငယ်လေးတွေအတွက် အုန်းဆီရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

ကလေးအသားအရေထိန်းသိမ်းနည်းများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 02/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement