backup og meta

ကလေးအတွက် အသားအရေထိန်းသိမ်းတဲ့ပစ္စည်းရွေးချယ်တဲ့အခါ သတိထားသင့်တဲ့ အချက် ၈ ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးအတွက် အသားအရေထိန်းသိမ်းတဲ့ပစ္စည်းရွေးချယ်တဲ့အခါ သတိထားသင့်တဲ့ အချက် ၈ ချက်

    ကလေးလေးတွေ အတွက် လိုအပ်မယ့် ပစ္စည်းလေးတွေရွေးချယ်တဲ့အခါ မိဘတွေအနေနဲ့ နူးညံ့လှတဲ့ကလေးငယ်လေးတွေအသားအရေအတွက်ဘေးကင်းစိတ်ချရတဲ့အရာတွေကိုပဲရွေးချယ်ပေးချင်မယ်ဆိုတာသေချာပါတယ်။ ဒါကြောင့် ဘေဘီလေးတွေ အတွက် အသားအရေထိန်းသိမ်းမှုပစ္စည်းတွေရွေးချယ်တဲ့အခါရွေးချယ်ရမခက်စေဖို့အတွက် အသုံးတည့်မယ့်နည်းလမ်းလေးတွေပြောပြပေးချင်ပါတယ်။

    ကလေးငယ်တွေက ဘာကြောင့် အထူးစီမံထုတ်လုပ်ထားတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေလိုအပ်တာလဲ

    လူတိုင်းအသုံးပြုလို့ရအောင်ထုတ်ထားတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေက နူးညံ့တဲ့ ကလေးငယ်ရဲ့ အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် လိုက်နာသင့်တဲ့အခြေခံစည်းမျဉ်းတစ်ခုက ကလေးတွေအတွက် အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေရွေးချယ်တဲ့အခါ ကလေးတွေအတွက် အထူးထုတ်ထားတဲ့ ပစ္စည်းမျိုးကိုရွေးချယ်ဖို့ပါ။

    ကလေးငယ်ရဲ့အသားအရေက အရွယ်ရောက်ပြီးသူတွေထက် ပိုပါးလွှာ၊ ပိုလည်းနူးညံ့တဲ့အပြင် အရေပြားခြောက်သွေ့နိုင်ခြေလည်း အရမ်းများပါတယ်။ ဒါကြောင့်ကလေးတွေအတွက် အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေရွေးချယ်တဲ့အခါ အရမ်းမပြင်းဘဲ ကလေးတွေရဲ့အရေပြားက အစိုဓါတ်ကိုထိန်းပေးနိုင်တဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းမျိုးကိုရွေးချယ်ရမှာဖြစ်ပါတယ်။

    ကလေးအတွက် အသားအရေထိန်းသိမ်းတဲ့ပစ္စည်းရွေးတဲ့အခါ ဒါလေးတွေသတိထားပေးပါ

    ၁) ဆိုးဆေးတွေ၊ အမွှေးနံ့တွေပါနေလား

    နေ့စဉ်အသုံးပြုနေတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေထဲမှာ အမွှေးနံ့တစ်ခုခုလောက်တော့ပါနေတာကို သတိထားမိမှာပါ။ အမွှေးနံ့က စိတ်ကိုကြည်နူးစေတယ်ဆိုပေမယ့် ကလေးအသားအရေကို ဓါတ်မတည့်တာတွေဖြစ်စေနိုင်သလို အသက်ရှုတဲ့အခါမှာလည်း ကသိကအောက်ဖြစ်စေနိုင်ပါတယ်။ရေရှည်ဖြစ်လာတဲ့အခါ ပန်းနာရင်ကျပ်ဝေဒနာလိုမျိုး အသက်ရှုလမ်းကြောင်းထိခိုက်တဲ့ဝေဒနာတွေခံစားရနိုင်ပါတယ်။ ဒါကြောင့်ကလေးငယ်တွေမှာ ကိုယ်ခံအားစနစ် အားနည်းချို့ယွင်းတာမျိုးမဖြစ်စေဖို့အတွက် အသားအရေထိန်းသိမ်းမှုပစ္စည်းတွေကိုရွေးချယ်တဲ့အခါအမွှေးနံ့နဲ့ ဆိုးဆေးတွေပါနေလားဆိုတာကို စစ်ဆေးပါ။

    ၂) အရေပြားကိုအားဖြည့်ပေးနိုင်မယ့် ကလေးအသားအရေထိန်းသိမ်းမှုပစ္စည်းတွေကိုရွေးချယ်ပေးပါ

    အပေါ်မှာပြောခဲ့သလိုမျိုးပဲ ကလေးငယ်ရဲ့အရေပြားက အရမ်းနုနယ်ပြီး အသစ်ဖွံ့ဖြိုးနေတာဖြစ်ပါတယ်။ပြောပြချင်တာက ကလေးငယ်ရဲ့ Skin barrierဖြစ်တဲ့ အရေပြားက ပိုပြီးတုံ့ပြန်လွယ်နေတယ်ဆိုတာပါ။ ကျန်းမာတဲ့အရေပြားအတွက်အထူးထုတ်ထားပြီး အရေပြားဓါတ်မတည့်မှုမဖြစ်အောင်ထုတ်ထားတဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေက အရေပြားရဲ့ သဘာဝ barrierတွေကို အားဖြည့်ပေးနိုင်ပါတယ်။ ဒီလိုမျိုး အသားအရေထိန်းသိမ်းမှုပစ္စည်းတွေက အသားအရေကို အစိုဓါတ်ထိန်းပေးပြီး အရေပြားခြောက်သွေ့တာနဲ့နှင်းခူ (eczema) ဖြစ်တာလိုမျိုး အရေပြားပြဿနာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

    ၃) ဆပ်ပြာမပါတဲ့ ကလေးအသားအရေထိန်းသိမ်းမှုပစ္စည်းတွေကိုရွေးချယ်ပေးပါ

    ဒီလိုပြောတဲ့အခါ ဆပ်ပြာမပါဘဲ ကလေးကိုဘယ်လိုသန့်စင်ပေးရမလဲလို့မေးစရာရှိလာပါလိမ့်မယ်။ ကလေးငယ်လေးတွေက ချွေးလည်းသိပ်ထွက်လေ့မရှိသလို လူကြီးတွေလိုလည်း လှုပ်ရှားနေတာမျိုးမဟုတ်တာကြောင့် ရေသန့်သန့်လေးနဲ့ ချိုးပေးမယ်ဆိုရင်တောင် လုံလောက်နေပါပြီ။ အယ်လ်ကာလိုင်းပါဝင်တဲ့ဆပ်ပြာက ကလေးအရေပြားကို ထိခိုက်ပျက်စီးတာတွေဖြစ်နိုင်ပါတယ်။ ဆပ်ပြာမပါတဲ့ အသားအရေသန့်ရှင်းရေးပစ္စည်းတွေက ဆပ်ပြာပါတဲ့ အသားအရေသန့်ရှင်းရေးပစ္စည်းတွေထက် အသားအရေအတွက်ပိုကောင်းပါတယ်။

    ၄) Paraben နဲ့ Phthalatesတွေပါနေလားဆိုတာသေချာကြည့်ပါ

    အသားအရေထိန်းသိမ်းမှုပစ္စည်းတွေမှာ တာရှည်ခံအောင်Parabens ကိုတော်တော်လေးအသုံးပြုကြပါတယ်။ phthalatesတွေကိုလည်း ပစ္စည်းတွေထုတ်ပိုးတဲ့နေရာမှာအသုံးပြုကြပါတယ်။ အချို့ lotionတွေမှာ အရေပြားကမြန်မြန်ဆန်ဆန်စုပ်ယူနိုင်စေဖို့အတွက် ဓါတုဗေဒပစ္စည်းအပြင်းစားတွေကို အသုံးပြုကြပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အဆိုပါဓါတုဗေဒ ပစ္စည်းတွေက ကင်ဆာရောဂါတွေနဲ့ အခြားရောဂါတွေကိုဖြစ်စေနိုင်တယ်လို့ ထုတ်ဖော်ပြောပြခဲ့ကြပါတယ်။ ကလေးငယ်လေးတွေရဲ့ အရေပြားက တုံ့ပြန်လွယ်လွန်းတာကြောင့် ကလေးအတွက် အသားအရေထိန်သိမ်းတဲ့ပစ္စည်းတွေရွေးချယ်တဲ့အခါparaben နဲ့ phthalate လိုမျိုးဓါတုပစ္စည်းတွေပါဝင်နေလားဆိုတာကို စစ်ဆေးပါ။

    ၅)antibacterial ဆိုတာမျိုးကိုရှောင်ကြဉ်ပါ

    ဒီလိုမျိုး ပစ္စည်းတွေကိုမရွေးချယ်ပါနဲ့။ ကလေးကအညစ်အကြေးတွေနဲ့ ညစ်ပေနေလို့သန့်ရှင်းပေးချင်တယ်ဆိုရင်တောင်မှantibacterial ဆိုတဲ့ပစ္စည်းတွေကိုမသုံးပေးပါနဲ့။ ကလေးတွေအတွက် ထုတ်ထားတဲ့ တစ်ရှုးအစိုကိုအသုံးပြုပြီး သန့်စင်ပေးလို့ရပါတယ်။ Antibacterial လိုမျိုးပါတဲ့ပစ္စည်းတွေက ကလေးအသားအရေကိုထိခိုက်စေနိုင်ပါတယ်။

    ၆)Hypoallergenic ဆိုတဲ့စာတန်းပါတာကိုရွေးချယ်ပေးပါ

    Hypoallergenic လို့ပြောထားတာကအရေပြားဓါတ်မတည့်မှုဖြစ်တာကို အနည်းဆုံးဖြစ်အောင်လျှော့ချထားတယ်လို့ ဆိုတာဖြစ်တဲ့အတွက် ကလေးတွေအတွက် အသားအရေထိန်းသိမ်းမှုပစ္စည်းရွေးချယ်တဲ့အခါ သတိထားကြည့်ရှု့ပါ။ ကလေးငယ်တွေရဲ့ အသားအရေက အရမ်းကို ထိခိုက်တုံ့ပြန်လွယ်လို့ Hypoallergenic စာတန်းပါတဲ့ပစ္စည်းတွေကိုရွေးချယ်ဝယ်ယူပါ။

    ၇) အယ်လ်ကိုဟောမပါတာကိုရွေးချယ်ပါ

    အယ်လ်ကိုဟောကခြောက်သွေ့မြန်စေတာကြောင့် လူကြီးတွေအတွက်ထုတ်ထားတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေထဲမှာ အသုံးများကြပါတယ်။ ကလေးတွေရဲ့ အရေပြားကခြောက်သွေ့လွယ်တယ်ဆိုတာကိုပြောခဲ့ပြီးပါပြီ။ ဒါကြောင့်ထိခိုက်ခြောက်သွေ့လွယ်တဲ့ ကလေးတွေရဲ့ အသားအရေကို ထိန်းသိမ်းပေးဖို့အတွက် အသားအရေထိန်းသိမ်းမှုပစ္စည်းရွေးချယ်တဲ့အခါ အယ်လ်ကိုဟောမပါတာကိုရွေးချယ်ပေးပါ။

    ၈) pH ပမာဏကိုစစ်ဆေးပါ

    pH ပမာဏကလည်းအရေပြားကျန်းမာစေဖို့အတွက်တော်တော်လေးအရေပါတဲ့အရာတစ်ခုပါ။ အရေပြားကျန်းမာစေဖို့ဆိုရင် pH 7 ပါဝင်တဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေကိုရွေးချယ်သင့်ပါတယ်။ pH ပမာဏ 4.5 နဲ့ 5.5 ကြားမှာဆိုရင် အက်ဆစ်ဖြစ်တဲ့အနေအထားမျိုးဖြစ်နေပြီး ကလေးတွေရဲ့အရေပြားကို ခြောက်သွေ့စေနိုင်ပါတယ်။ ဒါကြောင့် ကလေးငယ်အတွက် အသားအရေထိန်းသိမ်းတဲ့ပစ္စည်းရွေးချယ်တဲ့အခါ pH ပမဏကိုလည်းသေချာစစ်ဆေးဖို့လိုပါလိမ့်မယ်။

    အိမ်ရဲ့ဆည်းလည်း ဘေဘီလေးအတွက် အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေရွေးချယ်တဲ့အခါမှာ အခုပြောပြခဲ့တဲ့အချက်လေးတွေအတိုင်းရွေးချယ်ကြည့်လို့ အဆင်ပြေမယ်ထင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement