လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်စော်ကားခံရတာ(ဝါ)မုဒိန်းကျင့်ခံရတယ်ဆိုတာဟာအလိုမတူဘဲအတင်းအကျပ်လိင်ဆက်ဆံခံရတာကိုရည်ညွှန်းပါတယ်။ ဒီလိုမျိုးအဖြစ်အပျက်အခြေအနေဟာကျားမမရွေး၊အသက်အရွယ်မရွေးကြုံတွေ့ရနိုင်ပါတယ်။ ဒါဟာ ပြစ်မှုတခုပါ။ စော်ကားခံရသူဟာကျန်းမာရေးစောင့်ရှောက်မှု၊နှစ်သိမ့်အားပေးမှု၊နားလည်ပေးမှုနဲ့စာနာထောက်ပံ့မှုစတာတွေကိုလိုအပ်ပါတယ်။
ကိုယ့်ကလေးမုဒိမ်းကျင့်ခံရမှန်းဘယ်လိုသိနိုင်မလဲ။
ကလေးအများစုဟာလိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့အကြောင်းမိဘတွေကိုပြောပြလေ့မရှိပေမယ့်သူတို့လေးတွေနာကျင်ခံစားနေရပြီးအကူအညီလိုအပ်နေကြောင်းကိုအောက်ပါအချက်လေးတွေကိုကြည့်ပြီးသိနိုင်ပါတယ်။
- စိတ်တိုစိတ်ဆတ်မယ်၊ဒေါသတကြီးဖြစ်နေမယ်၊ကြောက်နေမယ်။
- စိတ်ဓါတ်ကျမယ်၊စိုးရိမ်ပူပန်၊ဂဏှာမငြိမ် ဖြစ်နေမယ်။
- လူတွေနဲ့ဝေးရာမှာတယောက်ထဲနေနေမယ်။
- အိပ်မပျော်ဖူး။
- အရင်ကကြိုက်တဲ့စားနေကျအစားအစာတွေကိုမစားတော့ဖူး။
- အာရုံစိုက်နိုင်စွမ်းလျော့နည်းသွားမယ်။
ဒီလက္ခဏာတွေဟာ post-traumatic stress disorder(တခါတလေလည်း rape trauma syndromeလို့ရည်ညွှန်းလေ့ရှိတယ်) လို့ခေါ်တဲ့ (မတော်တဆမှု၊အကြမ်းဖက်ခံရမှု၊လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုတို့နောက်မှာကပ်ပါလာတဲ့) စိတ်ဒါဏ်ရာအစုအဝေးရဲ့လက္ခဏာတွေ ဖြစ်တယ်။ တကယ်လို့ဒီလက္ခဏာတွေကိုသင့်ကလေးမှာသတိထားမိတယ်ဆိုရင်ကလေးကို(သမီးလေးပဲ ဖြစ်ဖြစ်၊သားလေးပဲဖြစ်ဖြစ်) နှစ်သိမ့်အားပေးပါ။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်နေပါစေသူတို့လေးတွေရဲ့ဘေးမှာမိဘဖြစ်တဲ့သင်ဟာမားမားမတ်မတ်ရပ်တည်ပေးနေမယ်၊ရှိနေမယ်ဆိုတာသူတို့သိထားပါစေ။ လုံခြုံမှုခံစားရပါစေ။ တကယ်လို့သင့်ကလေးအနေနဲ့သင့်ကို ဖြစ်ကြောင်းကုန်စင်ပြောပြဖို့ ငြင်းဆန်နေဦးမယ်ဆိုရင်နားလည်တတ်ကျွမ်းတဲ့ပညာရှင်တွေဆီခေါ်သွားပြီးဆွေးနွေးတိုင်ပင်ပါ။
ဆေးဝါးကုသမှုခံယူပါ။
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု (မုဒိမ်းကျင့်ခံရတာ) ကိုအကြမ်းဖျဉ်းအခြေအနေနှစ်မျိုးခွဲခြားနိုင်ပါတယ်။
ပထမတမျိုးက၇၂နာရီအတွင်း ဖြစ်ပွားထားတဲ့ကိစ္စမျိုးပါ။ ကလေးကိုဆေးရုံခေါ်သွားရမှာ ဖြစ်သလိုရဲစခန်းကိုလည်းအကြောင်းကြားရပါမယ်။ ဆေးရုံရောက်တဲ့အခါသင့်ကလေးမှာလိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေရှိမရှိနဲ့အတွင်းပိုင်းဒါဏ်ရာတွေရှိမရှိကိုစစ်ဆေးပါလိမ့်မယ်။ ဒီနေရာမှာအရေးကြီးတာကဆေးဝါးကုသမှုကိုအချိန်မီခံယူနိုင်ဖို့နဲ့မှန်ကန်လုံလောက်တဲ့သက်သေအထောက်အထားတွေရယူနိုင်ဖို့အတွက်ကလေးကိုရေချိုးမသန့်စင်ပေးမီဆေးရုံကိုခေါ်သွားသင့်တယ်ဆိုတာပဲ ဖြစ်ပါတယ်။
နောက်တမျိုးကလွန်ခဲ့တဲ့၇၂နာရီအကျော်အချိန်တခုခုမှာ ဖြစ်ပွားထားတဲ့ကိစ္စမျိုးတွေပဲ ဖြစ်တယ်။ ဒီလိုအနေအထားမျိုးမှာလည်းရဲကိုအကြောင်းကြားဖို့လိုသလိုကလေးကိုဆေးရုံခေါ်သွားဖို့လည်းလိုအပ်ပါတယ်။
ကလေးကိုဘယ်လိုမျိုးစမ်းသပ်စစ်ဆေးမှာလဲ။
မစမ်းသပ်ခင်မှာဆရာဝန်ဒါမှမဟုတ်လူမှုရေးအကူအညီပေးတဲ့ဝန်ထမ်းတယောက်ကသင့်ကလေးဘာဖြစ်ခဲ့တယ်ဆိုတာကိုနားထောင်ပေးမှာ ဖြစ်ပါတယ်။ ဒီလိုနားထောင်ပေးခြင်းဟာနောက်ပိုင်းဆက်လက်ကုသမှုနဲ့စမ်းသပ်စစ်ဆေးမှုတွေလုပ်တဲ့အခါအထောက်အကူဖြစ်စေမှာပဲ ဖြစ်ပါတယ်။ ပြီးတဲ့အခါဆရာဝန်အနေနဲ့ခဏနေလို့စမ်းသပ်စစ်ဆေးမှုတွေလုပ်တဲ့အခါဘာတွေဘယ်လိုလုပ်မယ်ဆိုတာကိုပြောပြပြီးမိဘအုပ်ထိမ်းသူဆီကခွင့်ပြုချက်တောင်းခံမှာ ဖြစ်ပါတယ်။
လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေသင့်ကလေးမှာရှိနေမနေကိုစစ်ဆေးပါမယ်။ တကယ်လို့မိန်းကလေးဖြစ်မယ်ဆိုရင်မလိုလားအပ်တဲ့ကိုယ်ဝန်ရမလာအောင်သင့်တော်တဲ့ကုသမှုတွေ ပြုလုပ်ပေးပါလိမ့်မယ်။ ပြီးရင်အတွင်းပိုင်းအဂါၤတွေမှာမုဒိမ်းကျင့်ခံရတာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ဒါဏ်ရာအနာတရတွေရှိမရှိနဲ့သင့်ကလေးရဲ့အဝတ်အစားဒါမှမဟုတ်ခန္ဓါကိုယ်မှာမုဒိမ်းကျင့်သူရဲ့အမွှေးအမျှင်၊အရေပြား၊ခြေသည်းလက်သည်းတွေ၊ခန္ဓါကိုယ်ကထွက်တဲ့အရည်တွေရှိမရှိကိုဆက်လက်ရှာဖွေပါလိမ့်မယ်။ ကလေးကိုဆေးခပ်ပြီးလိင်ပိုင်းဆိုင်ရာစော်ကားတာလားသိရအောင်လည်းစစ်ဆေးမှုတွေလုပ်ပါလိမ့်မယ်။ ဒါဏ်ရာအနာတရတွေရှိခဲ့ရင်ဓါတ်ပုံရိုက်ပြီးအထောက်အထားမှတ်တမ်းအဖြစ်သိမ်းဆည်းထားမှာ ဖြစ်ပါတယ်။
နှစ်သိမ့်ဆွေးနွေးပါ။
မုဒိမ်းကျင့်ခံရသူတွေဟာကြုံတွေ့ခဲ့ရတဲ့အိပ်မက်ဆိုးကြီးကိုနောက်တခေါက်ပြန်မပြောချင်ပါဖူး။ ဒါပေမယ့်ရေရှည်ကိုမျှော်တွေးမယ်ဆိုရင်နားလည်တတ်ကျွမ်းပြီးအထူးလေ့ကျင့်ထားတဲ့ပညာရှင်ဆီကနှစ်သိမ့်ဆွေးနွေးမှုခံယူတာဟာအကောင်းဆုံးအဖြေဖြစ်ပါတယ်။ စိတ်ဓါတ်အကြီးအကျယ်ကျပြီးသတ်သေတာမျိုး၊မိမိကိုယ်ကိုအနာတရဖြစ်အောင်လုပ်တာမျိုးစတဲ့ဆိုးရွားအန္တရာယ်ရှိတဲ့အဖြစ်အပျက်မျိုးတွေ ဖြစ်မလာရလေအောင်ကူညီပေးဖို့တခုတည်းသောနည်းလမ်းကကြုံခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကြီးကိုနာကျင်စွာလက်ခံရင်းနှစ်သိမ့်ဆွေးနွေးမှုခံယူဖို့ပဲ ဖြစ်ပါကြောင်း။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-vaccination-tool]