သင့်ကလေးအရိုးကျိုးလာပြီဆိုရင်သင့်အနေနဲ့ဒါဟာခွဲစိတ်ဖို့လိုမလိုစဉ်းစားမိမှာအမှန်ပါပဲ။ တကယ်တမ်းလိုအပ်လာရင်တော့ဆရာဝန်တွေကခွဲစိတ်မှုတွေလုပ်မှာပါ။ ဒါပေမယ့်သင့်အနေနဲ့ဘာလို့ခွဲစိတ်ရတယ်ဆိုတဲ့အခြေခံအချက်လေးတွေတချို့ကိုတော့သိသင့်ပါတယ်။ ဒါမှသာဆရာဝန်နဲ့အသေအချာဆွေးနွေးမေးမြန်းနိုင်မှာပါ။
သင့်ကလေးအရိုးကျိုးပြီဆိုကြပါစို့
အရိုးကျိုးသွားပြီဆိုရင်ကုသမှုမပေးဘဲနဲ့သူ့အလိုလိုအကောင်းအတိုင်း ပြန်မဖြစ်နိုင်ပါဖူး။ ဒါကြောင့်အရိုးကျိုးပြီဆိုတာ ပြတဲ့လက္ခဏာလေးတွေကိုသင့်အနေနဲ့သိထားရပါမယ်။ ဒါမှသာကလေးကိုအမြန်ဆုံးကုသပေးနိုင်မှာပါ။
အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကိုမှတ်သားထားပါ။
- ဖြစ်တဲ့နေရာမှာအရိုးကျိုးသွားတဲ့အသံကိုကြားရပါမယ်။
- သွေးခြေဥလာမယ်။
- ကျိုးတဲ့နေရာကိုဖိကြည့်ရင်တင်းနေမယ်။ နာနေမယ်။
- ကလေးကအရမ်းကိုနာမယ်။ ကျိုးတဲ့နေရာကိုလှုပ်မိရင်ပိုနာမယ်။
- ဖြစ်တဲ့နေရာကမာတောင့်နေမယ်။
ဒါဆိုရင်သင့်ကလေးကိုဆေးရုံအမြန်ဆုံးသာခေါ်သွားပါ။ ဆရာဝန်ကလိုအပ်သလိုဆက်လက်ကုသပေးပါလိမ့်မယ်။
ဘယ်အခြေအနေမှာခွဲစိတ်ဖို့လိုသလဲ။
ကလေးအများစုဟာကျိုးပြီပဲ့ပြီဆိုရင်ကျောက်ပတ်တီးစည်းတာလောက်နဲ့အဆင်ပြေသွားလေ့ရှိတာများပါတယ်။ ဒါပေမယ့်တချို့ကလေးတွေမှာတော့ကျိုးသွားတဲ့အရိုးပုံမှန်အတိုင်း ပြန်ဆက်ဖို့အတွက်ခွဲစိတ်မှုလုပ်ဖို့လိုတတ်ပါတယ်။ ကျိုးသွားတဲ့အရိုးတွေနေသားတကျဖြစ်အောင်မူလီလေးတွေနဲ့ထိန်းပေးဖို့လိုတဲ့အရိုးကျိုးပုံကျိုးနည်းတွေလည်းရှိပါသေးတယ်။ ဒါကြောင့်သင့်ကလေးဟာအရိုးကျိုးတာကို ပြန်ဆက်ဖို့တချို့အခြေအနေတွေမှာခွဲစိတ်မှုလုပ်ရပါမယ်။
- အရိုးကအစိတ်စိတ်အမြွှာမြွှာကျိုးတာ။ ဒီလိုအနေအထားမျိုးမှာကျိုးသွားတဲ့အရိုးပိုင်းတွေသူ့နေရာမှာပဲသူရှိနေဖို့အတွက်ခွဲစိတ်မှု ပြုလုပ်ဖို့ဆရာဝန်တွေကအကြံပြုပါလိမ့်မယ်။ မူလီတွေ၊စတီးချောင်းတွေ၊ပင်တွေကိုအသုံးပြုပြီးကျိုးနေတဲ့အရိုးတွေကိုနေရာတကျရှိစေပါတယ်။ တနှစ်လောက်ကြာပြီးတဲ့အခါဒီမူလီတွေ၊စတီးချောင်းတွေနဲ့ပင်တွေကို ပြန်ထုတ်ဖို့ခွဲစိတ်မှုတခုထပ်လုပ်ရပါမယ်။
- အဆစ်နေရာမှာကျိုးရင်။ ဒီလိုအခြေအနေမျိုးမှာကျိုးတာကအဆစ်ကိုပါ ဖြတ်ပြီးကျိုးသွားတာမို့ခွဲစိတ်မှုလုပ်ပြီးအဆစ်ကိုကာကွယ်ရပါမယ်။
- ကျိုးနေတဲ့အရိုးကအပြင်ကိုငေါထွက်လာရင်။ ဒီလိုဒါဏ်ရာမျိုးကို open fracture (အပြင်ကိုထိုးဖောက်ပြီးအရိုးကျိုးခြင်း)လို့ခေါ်ပြီးအဲ့ဒီနေရာမှာရှိတဲ့ကြွက်သားတွေနဲ့အရွတ်ကြောတွေကိုပါထိခိုက်စေပါတယ်။ ဒီလိုအခြေအနေမျိုးမှာအရိုးကို ပြန်ဆက်ဖို့နဲ့ဒါဏ်ရာကို ပြန်ပိတ်ဖို့အတွက်ခွဲစိတ်မှုပြုလုပ်ဖို့လိုကိုလိုအပ်ပါတယ်။
- တံတောင်ဆစ်နားကျိုးရင်။ ဒီလိုနေရာမှာကျိုးရင် displaced fracture (အဆစ်ပါလွဲသွားသောအရိုးကျိုးခြင်း)လို့ခေါ်ပြီးဒါကိုလည်းခွဲစိတ်ကုသရပါမယ်။
- ကျိုးနေတဲ့အရိုးကိုနေရာတကျ ပြန်တည့်ဖို့လိုရင်။ ဘယ်လို ပြန်တည့်ရမလဲသိနိုင်ဖို့အတွက်ဓါတ်မှန်ရိုက်ဖို့သင့်ဆရာဝန်ကပြောပါလိမ့်မယ်။ ဒါဏ်ရာရပြီးတစ်ရက်နှစ်ရက်လောက်အကြာအရောင်ကျသွားပြီဆိုရင်ခွဲစိတ်မှုကို ပြုလုပ်ပါလိမ့်မယ်။
သင့်ဆုံးဖြတ်ချက်ကအဓိကပါ။
သင့်ဆရာဝန်ကခွဲဖို့မခွဲဖို့ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ်သူ့အနေနဲ့လူနာအတွက်အကောင်းဆုံးလို့ထင်တာကိုလုပ်တာဖြစ်ပါတယ်။ သင့်အနေနဲ့လည်းခွဲစိတ်ဖို့ကို ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်။ မခွဲရင်လည်းအရိုးဟာ ပြန်ဆက်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်ကောင်းကောင်းမွန်မွန်ပုံမှန်အတိုင်းတော့ ပြန်ဖြစ်မှာမဟုတ်ပါဖူး။ ကျိုးတဲ့နေရာက ပြန်ကောင်းသွားရင်လည်းလှုပ်ရှားရတာအရင်လိုပုံမှန်မဟုတ်နိုင်တော့ပါဖူး။ ဒီအချက်တွေကိုတော့သိထားရပါမယ်။
တကယ်လို့သင့်အနေနဲ့ကလေးကိုခွဲစိတ်မှုခံယူဖို့သဘောတူလိုက်ပြီဆိုရင်အရည်အချင်းပြည့်ဝပြီးကလေအရိုးကျိုးတာကိုခွဲစိတ်တဲ့အတွေ့အကြုံတွေအများကြီးရှိပြီးသားခွဲစိတ်ဆရာဝန်ကိုရွေးချယ်အပ်နှံဖို့တော့လိုပါလိမ့်မယ်။ အရိုးကျိုးတိုင်းခွဲရမယ်ရယ်တော့မဟုတ်ပါဖူး။ တကယ်လို့ခွဲရမယ်စိတ်ရမယ်ဟေ့ဆိုရင်လည်းဘာမှမစိုးရိမ်ပါနဲ့။ ဆရာဝန်နဲ့စနစ်တကျခွဲစိတ်မှာဖြစ်တဲ့အတွက်သင့်ကလေးအနေနဲ့လည်းပိုပြီးမြန်မြန်ဆန်ဆန် ပြန်ကောင်းလာမှာပဲ ဖြစ်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-vaccination-tool]