backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 06/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။

အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။

အာဟာရ ချို့တဲ့ခြင်း

အာဟာရ ချို့တဲ့ခြင်း ဆိုတာက အာဟာရကို လုံလောက်ပြည့်မီအောင် မရရှိတာမျိုးဖြစ်နိုင်သလို အာဟာရကို မျှမျှတတ် မရရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အာဟာရ ချို့တဲ့မှု ဆိုတဲ့ စကားရပ်ထဲမှာ

  • အာဟာရ မပြည့်မီတာ [ကြီးထွားမှု တန့်နေတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေတာ]
  • ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ချို့တဲ့တာ၊ လွန်ကဲတာ
  • မကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်ကြတဲ့ နှလုံးရောဂါ၊ ဆီးချို၊ ကင်ဆာစတာတွေ ခံစားရတာ
  • ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ၊ အဝလွန်နေတာ ပါဝင်နေပါတယ်။

ကလေးတွေမှာ အာဟာရ ချို့တဲ့မှု ဖြစ်စေတဲ့ အကြောင်းအရင်း

ကလေးတွေမှာ အာဟာရ ချို့တဲ့မှု ဖြစ်စေတဲ့ အကြောင်းအရင်း တစ်ရပ်ကတော့ ဆင်းရဲမွဲနေမှုပါ။ အခြေခံ နဲ့ အလယ်အလတ် ဝင်ငွေ ရှိလူတန်းစား များတဲ့ နိုင်ငံအများစုမှာ ကလေးအရွယ်မှာ အာဟာရ မပြည့်ဝတာကြောင့် သေဆုံးနေနရတဲ့ ကလေးငယ်တွေ အများအပြားရှိနေပါတယ်။ အစားအစာတွေကို လုံလောက် ပြည့်​ဝအောင် မစားသုံးရတာကြောင့် အာဟာရချို့တဲ့တာပါ။

နောက်တစ်ချက်ကတော့ အစားအစာတွေက လုံခြုံဘေးကင်းမှု အားနည်းတာပါ။ ပိုးသတ်ဆေးတွေ၊  မှိုသတ်ဆေးတွေကြောင့် အစားအစာတွေရဲ့ အာဟာရတန်ဖိုးတွေ ပျက်စီးတာကလည်း အာဟာရ လုံလောက်စွာ ရရှိစေရေးမှာ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

အခြား အကြောင်းအရင်းတွေကတော့  သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိတာ၊ ထိရောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရရှိတာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရေဆိုးနုတ်စနစ် မရှိတာတွေကြောင့်လည်း ကလေးတွေမှာ အာဟာရ မပြည့်မီတာကို ခံစားကြရတာပါ။ ရာသီဥတု မမှန်တာ၊ မိုးခေါင်ရေရှားတာတွေကြောင့်လည်း အာဟာရချို့တဲ့မှုတွေကို ခံစားလာကြရပါတယ်။

နောက်ပြီး မိခင်တွေက ကလေးကို ကောင်းကောင်းမစောင့်ရှောက်နိုင်တာကြောင့်ပါ။ ဒါက ဆင်းရဲချမ်းသာနဲ့ မဆိုင်ဘဲ ကလေးကို စားချင်တာစားဆိုပြီး လွှတ်ထားတဲ့အတွက် ကလေးက အာဟာရမမျှတတာ၊ အဝလွန်တာတွေ ဖြစ်လာပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က အာဟာရ ပြည့်ပြည့်ဝဝ မရရှိတာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရရှိတာကလည်း ကလေးလေးတွေကို အာဟာရချို့တဲ့စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ ချို့တဲ့မှုက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ဘယ်လို ထိခိုက်စေနိုင်သလဲ

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်း လေ့လာကြည့်မယ်ဆိုရင် ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ကလေးတစ်ယောက်အတွက် ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အာဟာရကို ပြည့်ပြည့်ဝဝ ရရှိဖို့ လိုအပ်ပါမယ်။ ကလေးက အာဟာရကို ပြည့်ဝမျှစွာ ရရှိမှ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ နဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာမှာ အကောင်းဆုံး ဖွံ့ဖြိုးမှာ ဖြစ်ပါတယ်။

ကလေးအရွယ်မှာ အာဟာရ ပြည့်ဝမျှတအောင် မရရှိတာက ကိုယ်ခံအားကို ကျဆင်းစေပြီး ကလေးကို ရောဂါတွေ အလွယ်တကူ ခံစားရစေနိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ အာဟာရ မပြည့်ဝတာက ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်စေပြီး ဦးနှောက်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်တာကြောင့် စကားကောင်းကောင်း မပြောနိုင်တာ၊ မှတ်မိနိုင်စွမ်းနည်းတာ၊ သိမြင်မှုစွမ်းရည် နည်းပါးတာမျိုးကို ခံစားရစေနိုင်ပါတယ်။

အသက် ၅ နှစ်အောက် ကလေးလေးတွေမှာ အာဟာရ ချို့တဲ့တာက ကူးစက်ရောဂါတွေ ဝင်ရောက်နိုင်ခြေများစေပြီး ပြင်းထန်ဖျားနာမှုတွေကြောင့်လည်း အသက်ဆုံးရှုံးနိုင်ခြေ များစေပါတယ်။

ကလေးက အသက်အရွယ်အလိုက် ရှိသင့်တဲ့ အရပ်အမောင်း မရှိတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မရှိတာမျိုးတွေကို ခံစားရနိုင်သလို နာတာရှည် ကျန်းမာရေးပြဿနာတွေ ခံစားရတာ၊ ကာကွယ်ဆေးတွေကို တုံ့ပြန်နိုင်စွမ်း နည်းနေတာ၊ ကြီးထွားမှု တန့်နေတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ နောက်တစ်ချက်က ရောဂါတစ်ခုခုက နာလန်ထလာချိန် ပိုကြာမြင့်တာပါ။

ကလေးတွေ အာဟာရချို့တဲ့တဲ့ လက္ခဏာများ

ကလေးတွေ အာဟာရ ချို့တဲ့တဲ့အခါ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

  • အသက်အရွယ်အလိုက် ရှိသင့်တဲ့ အရပ်ထက် ပုနေမယ်
  • ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေမယ်
  • မကြာခဏ ဖျားနာမယ်
  • စိတ်ဖိစီးမှု များနေမယ်
  • အရေပြားက ဖျော့တော့ပြီး ခြောက်သွေ့နေမယ်
  • အရေပြားက ထိခိုက်လွယ်မယ်
  • အင်ပြင်တွေ ဖြစ်မယ်
  • အသားအရောင် ပြောင်းမယ်
  • ဆံပင်ကျဲပါးမယ်
  • ဆံပင်ကျွတ်လွယ်မယ်
  • အဆစ်တွေ နာတယ်
  • အရိုးကျိုးလွယ်မယ်
  • သွားဖုံးတွေက သွေးထွက်မယ်
  • လျှာတွေ ကွဲနေမယ်၊ ရောင်နေမယ်
  • အလင်းဒဏ်ကို မခံနိုင်ဘူး ဖြစ်မယ်
  • ပင်ပန်းလွယ်မယ်
  • ကိုယ်အလေးချိန်များနေပေမယ့်လည်း ကလေးက ခဏခဏ နေမကောင်းဖြစ်ပါမယ်

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 06/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement