ကလေးငယ်ကို ရေချိုးပေးတဲ့အခါ ပထမဆုံး လိုက်နာရမယ့် အချက်က ကလေးကို ဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ရေချိုးနေစဉ် တစ်ယောက်တည်း ထားခဲ့တာမျိုး မလုပ်ပါနဲ့။ တစ်မိနစ်လောက်တောင် မထားခဲ့ပါနဲ့။ ကလေးက ငယ်လွန်းတာကြောင့် ရေတစ်လက်မလောက်မှာတောင် ရေနစ်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။
ကလေးငယ်ကို ရေမချိုးပေးခင်ကတည်းက လိုအပ်မယ့်အရာတွေဖြစ်တဲ့ တဘက်၊ခေါင်းလျှော်ရည်၊အစိုဓါတ်ထိန်းခရင်မ်တွေကို တစ်ခါတည်းယူထားပါ။ လိုအပ်တဲ့ အရာအားလုံးကို အသင့်ယူထားရပါမယ်။
ကလေးကိုရေချိုးပေးနေချိန်မှာ လက်နှစ်ဖက်လုံးနဲ့ ထိန်းထားဖို့မဖြစ်နိုင်ရင်တောင်မှာ ကလေးကို လက်တစ်ဖက်နဲ့ အမြဲထိန်းပေးထားရပါမယ်။ ရေချိုးပေးနေချိန်မှာ တံခါးဘဲလ်မြည်တာ၊ ဖုန်းမြည်လာတာမျိုးရှိမယ်ဆိုရင် ပြန်ဖြေဖို့လိုပါမယ်။ ဒီလိုဆိုရင် ကလေးကိုရေချိုးပေးနေတာကိုရပ်ပြီး တဘက်နဲ့ထွေးပြီး တစ်ပါတည်းခေါ်သွားပေးပါ။
ကလေးက လူကြီးတွေနဲ့ ကိုယ်အပူချိန်မတူတာကို မေ့မထားပါနဲ့။ ဒါကြောင့် ကလေးကိုရေချိုးပေးတဲ့အခါ ရေအရမ်းပူတာ၊ အရမ်းအေးတာမျိုးတွေကို မသုံးပါနဲ့။ ရေကျက်သီးနွေးက ကလေးငယ်တွေအတွက် သက်သောင့်သက်သာဖြစ်စေပါလိမ့်မယ်။ ကလေးက အလွယ်တကူ အအေးမိနိုင်တယ် ဆိုတာကိုလည်း အမြဲသတိထားပေးပါ။ ဒါကြောင့် ရေချိုးပေးတဲ့အခါ မြန်မြန်လေးချိုးပေးပါ။
ရေဖွင့်ထားတုန်း ကလေးကို ရေချိုးဇလုံထဲမှာ ထည့်ထားတာမျိုး မလုပ်ပါနဲ့။ ရေအပူချိန်ကို လက်၊ လက်ကောက်ဝတ်၊ တံတောင်ဆစ်တို့နဲ့ ထိပြီး စမ်းသပ်ကြည့်ပါ။ ရေက ကလေးငယ်အတွက် သင့်တော်တဲ့ အပူချိန် ရှိနေတာ သေချာစေဖို့ပါ။ ကလေးငယ်လေးတွေနဲ့ လမ်းလျှောက်တတ်စ သားသားမီးမီးလေးတွေကရေအေးအေးတွေကို ပိုကြိုက်တတ်ကြပါတယ်။
မွေးကင်းစနဲ့ လသားကလေးတွေအတွက်ကတော့ ရေကို အများဆုံး ၂ လက်မ ကနေ ၄လက်မလောက်ပဲထည့်ပါ။ ရေချိုးတဲ့ဂျယ်လ်က ချော်လဲတာမျိုး ဖြစ်စေနိုင်တာကြောင့် ကလေးကိုရေချိုးနေတုန်း မတ်တတ်ထရပ်တာမျိုးမလုပ်ဖို့ သင်ပေးထားပါ။
ဆပ်ပြာရည်တွေက ကလေးငယ်ရဲ့ ဆီးလမ်းကြောင်းကို ကျိန်းစပ်စပ်ဖြစ်စေနိုင်တာကြောင့် ကလေးငယ်ကို ဆပ်ပြာရည်ထဲမှာစိမ်ပြီးရေချိုးပေးတာမျိုးမလုပ်ပါနဲ့။ ကလေးငယ်မှာ ဆီးလမ်းကြောင်းပိုးဝင်တာမျိုး ဖြစ်နိုင်ခြေ များနိုင်တာကြောင့်ပါ။
နောက်တစ်ခုကတော့ ကလေးကိုရေချိုးပေးတဲ့အနီးအနားမှာ ဆံပင်အခြောက်ခံစက်၊ ဆံပင်လိပ်စက်၊ မုတ်ဆိတ်ရိတ်စက်တွေလိုမျိုး လျှပ်စစ်ပစ္စည်းတွေကိုမထားမိဖို့ သတိထားရပါမယ်။
ဘေဘီလေးအတွက် အာဟာရ ကျွေးမယ်။
ဘေဘီလေးကို အသက် ၆ လအထိ မိခင်နို့ တစ်မျိုးတည်း တိုက်ပေးလို့ ရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မေမေနို့တိုက်ဖို့ အဆင်မပြေဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဖော်မြူလာနို့ တိုက်ပေးလို့ ရပါတယ်။ ဘေဘီလေးကို ၂ နာရီ ၃ နာရီခြား တစ်ခါ နို့တိုက်ပေးဖို့ လိုပါမယ်။ တစ်ခါတိုက်ရင် ၁၀ မိနစ် ကနေ ၁၅ မိနစ်ကြာလောက် နို့တိုက်ပေးပါ။
အသက် ၆ လပြည့်ပြီဆိုရင်တော့ ထမမ်း ခပ်ပျော့ပျော့ကို ကြေနေအောင် ကြိတ်ထားတာ၊ ပဲနီလေး၊ မုန်လာဥနီ အနှစ်တိုက်ထားတာတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ကျွေးပေးလို့ ရပါပြီ။ မိခင်နို့ကိုလည်း ဆက်တိုက်နေရပါမယ်။ ရေနည်းနည်း စတိုက်လို့ရပါပြီ။
လေထုတ်ပေးမယ်
ဘေဘီလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ခု ရှိပါတယ်။ ဒါကတော့ လေနာတာပါ။ ဒါကြောင့် လေနာ ပြဿနာ ကင်းစေဖို့ဆိုရင် ဘေဘီလေးကို တစ်ခုခု စားပြီးတိုင်းမှာ ပေါက်ပေါ်မှာ မှောက်ရက်လေးထားပြီး ကျောရိုးလေးတစ်လျှောက်ကို ခပ်ဖွဖွလေး နှိပ်ပေးပြီး လေထုတ်ပေးမယ်။ ပုခုံးပေါ်မှာ မတ်မတ်လေး မှောက်ရက်သား အနေအထားနဲ့ထားပြီး လေထုတ်ပေးပါ။
အစားစားပြီးပြီးချင်း လေထုတ်တာမျိုး မလုပ်ပါနဲ့။ ၁၀ မိနစ် – ၁၅ မိနစ်လောက်နေမှ လေထုတ်ပေးပါ။ တစ်ခုခု ကျွေးပြီးတိုင်း ကလေးကို မတ်မတ်လေး ထားပေးပါ။ ဒါမှ ပြန်အန်တာမျိုး မရှိမှာပါ။
ဘေဘီလေးရဲ့ အိပ်စက်မှု အကြောင်း
မွေးကင်းစ ဘေဘီလေး တစ်ယောက်က အချိန်တိုင်းလိုလို အိပ်နေတာက သူတို့လေးတွေ သူတို့ တာဝန် သူတို့ ထမ်းဆောင်နေတာပါ။ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်လို့ မစိုးရိမ်ပါနဲ့နော်။ မွေးစ ကလေးလေးတစ်ယောက်က တစ်နေ့ကို ၁၁ နာရီ ကနေ ၁၇ နာရီလောက်အထိ အိပ်စက်လေ့ ရှိကြပါတယ်။ တစ်နေ့တာရဲ့ ၃ ပုံ နှစ်ပုံလောက်ကို အိပ်ကြတာပါ။ ဒီလို အိပ်စက်ရတာကလည်း သူတို့ရဲ့ ခန္ဓာကိုယ်ပိစိလေး ကြီးထွားလာစေဖို့ အတွက်ပါ။
ဒါမှလည်း ဘေဘီလေးက ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ ဦးနှောက် ဖွံ့ဖြိုးမှုနဲ့ အာရုံကြောစနစ် ဖွံ့ဖြိုးမှုတွေ အကောင်းဆုံး ရရှိမှာဖြစ်ပြီး ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်ထက်မြက်သူလေး အဖြစ် ကြီးပြင်းအရွယ်ရောက်လာမှာပါ။
ဘေဘီလေးတွေဟာ တစ်နေ့တာမှာ ၂ နာရီကနေ ၃နာရီလောက်အထိပဲ နို့ချိုကို သောက်သုံးလေ့ရှိပါတယ်။ ဒါကလည်း ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ နို့ဘူးသောက်တဲ့ဘေဘီလေးတွေကတော့ တစ်နေ့မှာ နို့သောက်ဖို့ ၃ နာရီ ကနေ ၄ နာရီလောက် နိုးနေတတ်ကြပါတယ်။ ဒါပေမယ့် ဒီလောက် အိပ်နေတာတောင် ကလေးက ဝိတ်တက် မလာဘူးနော်လို့ မေးစရာရှိပါတယ်။ ကလေးက တစ်နေ့လုံးနီပါး အိပ်ပေမယ့်မွေးပြီးစ ပထမ ၃ ပတ်ကနေ ၄ ပတ်လောက် အထိတော့ ကိုယ်အလေးချိန် တိုးလာဦးမှာ မဟုတ်သေးပါဘူး။ ဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ အချက်တစ်ခုဆိုတာကို မေမေဖေဖေတို့ အနေနဲ့ လက်ခံထားဖို့ လိုပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။