ကလေးကို အဝမလွန်စေဖို့ မိဘတွေ ဒီလိုဂရုစိုက်ပေးဖို့ လိုမယ်နော် ……
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
ကလေးကို အဝမလွန်စေဖို့ မိဘတွေ ဒီလိုဂရုစိုက်ပေးဖို့ လိုမယ်နော် ……
လူကြီးတွေကတော့ ကလေးဝရင် ကျန်းမာတယ်ပဲ မြင်တတ်ကြတာပါပဲ။ တကယ်တော့ အသက်အရွယ်တိုင်းမှာ သူ့ဟာနဲ့ သူ သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်စံနှုန်းတွေဆိုတာ ရှိပါတယ်။ ဒီစံနှုန်းထက် နည်းလွန်းတဲ့ ကလေးတွေကျတော့လည်း ကြီးထွားဖွံ့ဖြိုးမှုနှေးတယ်၊ တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ပိန်ကပ်ပြီး သေးညှက်နေတယ်၊ စံနှုန်းထက် ကျော်ပြီး အရမ်းဝနေတဲ့ ကလေးကျတော့လည်း ရေရှည်မှာ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တယ်။ သူ့ရဲ့ ကိုယ်ခန္ဓါကြောင့် အတန်းထဲမှာ တခြားကလေးတွေရဲ့ စတာနောက်တာ ခံရနိုင်တယ်။ ဒါကြောင့် ဒီနေ့ဆောင်းပါးမှာ ကိုယ်သိပ်ချစ်ရတဲ့ ကိုယ့်ရဲ့ကလေးကို အဝမလွန်စေဖို့ ဘယ်လိုပြုမူနေထိုင်သင့်လဲ၊ ဘာတွေများများကျွေးသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။
၁။ ကလေးကြိုက်ရင်ပြီးတာပဲဆိုပြီး ကျွေးလိုက်တဲ့ အဆီတွေ၊ အကြော်အလှော်တွေ၊ အသင့်စား ရယ်ဒီမိတ် အစားအစာတွေ၊ အချိုများတဲ့ မုန့်တွေပဲ အမြဲလိုလို ကျွေးတဲ့အကျင့်က ကလေးကို အဝလွန်အောင် လုပ်နေတဲ့ အဓိကတရားခံပါပဲ။
၂။ စာက အရေးကြီးတယ်၊ စာပဲလုပ်ရမယ်ဆိုပြီး ကလေးကို အိမ်ထဲမှာ လှောင်ပိတ်ထားလိုက်တာပါ။ ကလေးအရွယ်ဆိုတာ စာကျက်ချိန် စာကျက်၊ ကစားချိန် ကစား သူ့ဟာနဲ့ သူ အချိန်သတ်မှတ်ပေးထားဖို့လိုပါတယ်။ ထိုင်ခုံကနေ ဘယ်မှမသွား ဘာမှမလုပ်ဘဲ စာပဲထိုင်ကျက်နေတဲ့ကလေးတစ်ယောက်က စာကိုလည်း ဘယ်လိုမှစိတ်ပါဝင်စားနေမှာမဟုတ်သလို တဖြည်းဖြည်းနဲ့ အဆီတက်ပြီး အဝလွန်လာတော့မှာပါ။
၃။ ကလေးတွေမှာလည်း စိတ်ဖိစီးမှုတွေရှိနေနိုင်ပါတယ်။ အထူးသဖြင့် မိဘတွေက စာနဲ့ပတ်သက်ပြီး အရမ်းဖြစ်ထွန်းစေချင်တယ်၊ ကိုယ်က အတန်းထဲမှာ အဆင့် ၁ လေး တစ်ခါလောက်မရလိုက်တာနဲ့ စိတ်တွေ ညစ်ပြီး အစာလုံးဝမစားတော့တာ၊ ဒါမှမဟုတ် ပုံမှန်ထက် အလွန်အကျွံအစာစားတာမျိုးတွေ ရှိပါတယ်။ အဲ့လိုမဟုတ်ဘဲ မိဘတွေရဲ့ ရန်ပွဲကို အမြဲကြည့်နေရတဲ့ကလေးတွေ၊ စိတ်ဒဏ်ရာကျန်နေခဲ့တဲ့ ကလေးတွေ၊ နှိပ်စက်ညှင်းပန်ခံရတဲ့ ကလေးတွေမှာဆိုရင်လည်း ဒီစိတ်ကို အေးချမ်းစေဖို့ အစာအများကြီးစားတတ်တဲ့ အကျင့်တွေ ဖြစ်လာတတ်ပါတယ်။
၄။ မိဘတွေမှာ အဝလွန်တဲ့ မျိုးရိုးရှိရင် ကလေးက နည်းနည်းလေး အစားမှား၊ အနေအထိုင်မှားလိုက်တာနဲ့ ကိုယ်အလေးချိန် အလွယ်တကူ တက်လာနိုင်ပါတယ်။
ကျန်းမာရေးပြဿနာတွေအနေနဲ့
ကလေးကို အဝမလွန်စေဖို့ မိဘတွေ ဒီလိုဂရုစိုက်ပေးဖို့ လိုမယ်နော် ……..
၁။ ကလေးတစ်နေ့တစ်နေ့ ဘာတွေစားလဲ၊ ဘာတွေကြိုက်တတ်လဲဆိုတာ သေချာ စောင့်ကြည့်ပါ
၂။ အဆီ၊ အချိုများတဲ့ အစားအစာတွေကို လျှော့ပါ။ အထူးသဖြင့် ကလေးတွေကြိုက်တဲ့ အားဖြည့်အချိုရည်လိုမျိုး သကြားအများကြီးပါတဲ့ အအေးတွေ၊ ကြက်ကြော်၊ အာလူးကြော်၊ ဝက်အူချောင်းကြော်တွေကို တတ်နိုင်သလောက် မကျွေးပါနဲ့။
၃။ ဟင်းသီးဟင်းရွက် များများကျွေးပါ။ ကိုယ့်ကလေးက ဟင်းသီးဟင်းရွက် သိပ်မစားဘူးဆိုရင် အသားနဲ့ ရောချက်တာ၊ ဟင်းခတ်မှုန့်၊ ပါဝင်ပစ္စည်းတွေမှာ အသား၊ ငါး၊ ပင်လယ်စာအရသာရှိတာလေးတွေ ထည့်ပြီး ချက်ပေးပါ။
၄။ မုန့်ပဲသရေစာ ကြိုက်တတ်တယ်ဆိုရင် အသီးအနှံမျိုးစုံကို သေချာလှီးစိတ်ပြီး ပြင်ဆင်ပေးပါ။ စားချင်တာစားဆိုပြီး လွှတ်မထားပါနဲ့။
၅။ အပြင်မှာ ထွက်စားတာကို အကျင့်မလုပ်ပါနဲ့။ အိမ်မှာပဲ ကိုယ်တိုင် ချက်ပြုတ်ပြီး ကျွေးပေးပါ။
၆။ ကလေးကို အိမ်ထဲမှာလှောင်ပိတ်ထားပြီး စာပဲ အတင်းမလုပ်ခိုင်းပါနဲ့။ အားကစားလုပ်ခိုင်းတာ၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်တာ၊ ကစားတာမျိုးကို အချိန်တစ်ခုသတ်မှတ်ပြီး လုပ်ခွင့်ပေးလိုက်ပါ။
၇။ အိမ်မှာ ငြိမ်ငြိမ်လေးထိုင်ပြီး တီဗီကြည့်တာ၊ ဖုန်းသုံးနေတာတွေ့ရင် မလုပ်ဖို့ ပြောပါ။ အားလပ်ရက်တွေမှာ မိသားစုလိုက် ပျော်ပျော်ပါးပါး ကစားတာ၊ လျှောက်သွားတာ၊ အိမ်အလုပ်တွေ ဝိုင်းလုပ်တာမျိုး လုပ်လို့ရပါတယ်။
၈။ အိပ်ချိန်ကိုလည်း မှန်အောင်ဂရုစိုက်ပေးပါ။ အိပ်တာ နောက်မကျပါစေနဲ့။ အိပ်ချိန်ကိုလည်း အနည်းဆုံး ၇နာရီထက် မနည်းပါစေနဲ့။
ဒီလို နေထိုင်စားသောက်မှုပုံစံတွေကို ပြင်ဆင်ပေးပြီး တစ်နှစ်တစ်ကြိမ်လောက် တစ်မိသားစုလုံး ကျန်းမာရေးစစ်ဆေးတာမျိုး ပြုလုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဝတာကပြဿနာမဟုတ်ပေမဲ့ အဝလွန်တာကိုတော့ ကာကွယ်ထားနိုင်ရင် ရေရှည်မှာ ကျန်းမာရေးထိခိုက်လာနိုင်မယ့် ပြဿနာတွေက တော်တော်လေးနည်းသွားမှာနော်။ ဒါကြောင့် တစ်မိသားစုလုံး ကျန်းမာပျော်ရွှင်ဖို့ မိဘတွေကိုယ်တိုင်က သားသမီးအတွက် ဒီလိုပုံစံလေး ပြင်ဆင်ဖို့ ခုကတည်းက စလိုက်ကြစို့နော်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။