backup og meta

ကလေးတွေ အစာစားရင်း နင်တာ၊ သီးတာ ဖြစ်ရင် ဘယ်လိုလုပ်ပေးရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 24/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေ အစာစားရင်း နင်တာ၊ သီးတာ ဖြစ်ရင် ဘယ်လိုလုပ်ပေးရမလဲ

    ထမင်းခွံ့ရင်း ပဲဖြစ်ဖြစ် မုန့်စားနေရင်း ပဲဖြစ်ဖြစ် ရုတ်တရက် အစာသီးတာ၊ လေပြွန် ပိတ်ဆို့တာ၊ နင်တာ ဖြစ်လာရင် ကိုယ့်ကလေးကို ဘယ်လို အရေးပေါ် ပြုစုရမလဲ ဆိုတာ မိဘတွေ တင်မက၊ ကလေးရှိတဲ့ အိမ်က မိသားစုဝင်တိုင်း သိထားသင့်ပါတယ်။ ကလေး မပြောနဲ့ လူကြီးတောင် အခုလို ဖြစ်လာရင် အရေးပေါ် မကယ်ဆယ်နိုင်တာနဲ့ ချက်ချင်း အသက် ဆုံးရှုံးရနိုင် ပါတယ်။ အဓိကက အသက်ရှူလမ်းကြောင်း အမြန်ဆုံး ပွင့်စေဖို့ပါ။ ဒီတော့ ကလေးတွေ အစာစားရင်း နင်တာ၊ သီးတာ ဖြစ်ရင် ဘယ်လိုလုပ်ပေးရမလဲ ဆိုတာကို သိချင်နေပြီလား!

    ကလေးတွေ အစာစားရင်း နင်တာ၊ သီးတာ ဖြစ်ရင် ဘယ်လိုလုပ်ပေးရမလဲ

    ကလေးက နင်ပြီ သီးပြီဆိုရင်တော့ ခန္ဓာကိုယ်က တုံ့ပြန်မှုအနေနဲ့ ချောင်းဆိုးတတ်ပါတယ်။ ပေးဆိုးလိုက်ပါ။ ချောင်းဆိုးလိုက်ရင်လည်း သီးနေတာ ထွက်လာတတ်ပါတယ်။

    ကလေးက ၁နှစ်အောက်ဆိုရင်

    • ကိုယ်က ထိုင်ခုံမှာထိုင်ပြီး ကလေးကို မှောက်လျက်အနေအထား နဲ့ ပေါင်ပေါ်မှာ အရှည်လိုက်တင်ပါ။ ကလေးရဲ့ ဦးခေါင်းနဲ့ လည်ပင်းကို လက်နဲ့ထိန်းပေးထားပြီး ဦးခေါင်းကို နည်းနည်းနှိမ့်ထားပါ။
    • ကလေးရဲ့ ကျောလယ်ကို လက်ဖနောင့် သုံးပြီး (၅) ကြိမ်လောက် အသာအယာ ဆောင့်ဖိပေးပါ။ ကမ္ဘာ့မြေဆွဲအားနဲ့ ဆောင့်ဖိတဲ့အရှိန်ကြောင့် ပိတ်ဆို့နေတဲ့အရာက ပြန်ထွက်လာပါလိမ့်မယ်။
    • ဒါမှမရရင် ကလေးကို ပက်လက်လှန်ပြီး အောက်က အမာကြမ်းခင်းတစ်ခုပေါ်တင်၊ ရင်ညွှန့်ရိုးအလယ်မှာ လက်နှစ်ချောင်းထောက်ပြီး ငါးချက်မြန်မြန်ဖိဖိပေးပါ။ လူကြီးတွေမှာ လက်ဖနောင့်နဲ့ ဖိပြီး နှလုံး နှိုးသလိုပါပဲ။

    ကလေးက ၁နှစ်အထက်ဆိုရင် လူကြီးတွေမှာ လုပ်သလိုမျိုးပဲ လုပ်ပေးနိုင်ပါတယ်။

  • ကလေးရဲ့ အနောက်ဘက်ကို သွားပြီး ကျောဘက်ကနေ ဝမ်းဗိုက်အပေါ်နားလောက် (ချက်နဲ့ နံရိုးကြား) ကို အနောက်ကနေ ဖက်ပါ။ ကလေးက သေးနေရင် လူကြီးက ဒူးထောက်ပါ။
  • ဝမ်းဗိုက်နားမှာ ထားထားတဲ့ လက်ကို လက်သီးဆုပ်ပါ။ နောက်တစ်ဖက်က လက်သီးဆုပ်ကို အုပ်ကိုင်ပါ။
  • ပြီးရင် အားနဲ့ လက်ကို အပေါ်ကို ဆောင့်တင်ပါ။ ဆောင့်တဲ့အခါ လက်က နံရိုးကို မဖိဘဲ နံရိုးအောက်ကနေ အပေါ်ကို ပင့်တင်တဲ့ ပုံစံဖြစ်ရပါမယ်။
  • ၅ချက်လောက် လုပ်ပြီး ထွက်လာသလားဆိုတာကို ကြည့်ပါ။
  • ကလေးငယ်ပဲဖြစ်ဖြစ်၊ ကလေးကြီးပဲဖြစ်ဖြစ် အထက်ပါ နည်းလမ်းတွေကို တစ်ခေါက်လောက်လုပ်ပြီး ထွက်မလာရင် နီးစပ်ရာ ဆေးရုံကို အမြန်ခေါ်သွားပါ။ သွားနေတဲ့လမ်းမှာ အထက်ပါ နည်းလမ်းတွေကို ကလေးအသက်အလိုက် ဆက်လုပ်သွားပါ။

    တကယ်လို့ နင်နေတဲ့ပစ္စည်း ထွက်သွားရင်လည်း ဆေးရုံကို ခေါ်သွားပြဖို့ လိုပါတယ်။ အတွင်းထဲမှာ အပိုင်းအစတွေ ကျန်မကျန်၊ ကလေးမှာ ထိခိုက်မှု ရှိမရှိ ဆက်ပြီး စစ်ဆေးဖို့ လိုပါတယ်။

    လေပြွန်ပိတ်တာ၊ နင်တာ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ။

    လေပြွန်ပိတ်တာ၊ နင်တာ မဖြစ်စေဖို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ –

    • အစာ စကျွေးတဲ့အချိန်က မှန်ကန်ပါစေ

    ထိုက်သင့်တဲ့ အရွယ်မှာ စကျွေးမှ ကလေးရဲ့ လှုပ်ရှားနိုင်စွမ်း၊ မျိုချနိုင်စွမ်း အကျင့်ရစေပြီး တစ်ဆို့ခြင်း ကာကွယ်နိုင်ပါတယ်။ ကလေးတွေကို ၆လလောက်ပြည့်မှပဲ ဖြည့်စွက်စာ စကျွေးပါ။ ဒီ့မတိုင်ခင်ဆိုရင်တော့ ကလေးဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

    • တစ်ဆို့နိုင်ခြေများတဲ့ အစားအစာတွေကို မကျွေးပါနဲ့

    ကလေးတွေကို ဟော့ဒေါ့၊ အသား၊ အသီးတို့ကို လှီးဖြတ်ထားတဲ့ အတုံး၊ အစေ့အဆန် စတဲ့ အသက်ရှူလမ်းကြောင်း ပိတ်ဆို့စေနိုင်တဲ့ အစားအစာတွေ ကလေးကို မကျွေးပါနဲ့။ တစ်ဆို့မှု ဖြစ်နိုင်ခြေ နည်းစေမယ့် အနေအထားနဲ့ ဖန်တီးကျွေးပါ။

    • အစာစားချိန်မှာ ပစ်မထားပါနဲ့။

    ကလေးကို စားစရာတွေ ထည့်ပေးပြီး စားခိုင်းမယ်ဆိုရင် မိဘက ဘေးမှာ စောင့်ကြည့်နေဖို့ လိုပါတယ်။ တစ်ယောက်တည်း စားနေတာ၊ ကစားရင်း စားတာ၊ အိပ်ပြီး စားတာတွေ ခွင့်မပြုပါနဲ့။

    • ကလေးရဲ့ ကစားစရာတွေမှာ ပါးစပ်ထဲဝင်နိုင်လောက်တဲ့ အပိုင်းတွေပါရင် သတိထားပါ။

    ဘောလုံးသေးသေးလေးတွေ၊ အရုပ်သေးသေးလေးတွေ၊ အပိုင်းအစ အသေးလေးတွေ ပါတာတွေ ပေးမကစားပါနဲ့။ ပါးစပ်ထဲ ဖတ်ခနဲ ထည့်လိုက်နိုင်ပါတယ်။

  • တစ်ဆို့စေနိုင်တဲ့ အရာတွေ ကလေးနဲ့ဝေးဝေးထားပါ။
  • အကြွေစေ့၊ ဓာတ်ခဲ အသေးလေးတွေ၊ အံစာတုံးနဲ့ ဘောပင် အဖုံး စတာတွေကို ကလေး လက်ထဲ မရောက်ပါစေနဲ့။

    • ထမင်းခွံ့တဲ့အခါ တလုတ်စာကိုမများပါစေနဲ့

    ကလေးကို ခွံ့တာက များနေတာ၊ အတင်းအကျပ် ကျွေးတာ၊ ငိုနေတဲ့ ကလေးကို အတင်း ခွံ့တာတွေက အစာနင်တာ၊ တစ်ဆို့တာ ဖြစ်နိုင်ခြေ များစေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 24/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement