backup og meta

နို့ချိုတိုက်ကျွေးခြင်း ရပ်တန့်ထားရာမှ ပြန်လည်တိုက်ကျွေးခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နို့ချိုတိုက်ကျွေးခြင်း ရပ်တန့်ထားရာမှ ပြန်လည်တိုက်ကျွေးခြင်း

    နို့တိုက်မိခင်တစ်ယောက်ဟာ အခြေအနေတစ်ခုခုကြောင့် ရက်ပေါင်းများစွာ၊ ရက်သတ္တပတ်၊ လနဲ့နှစ်တွေ အတော်ကြာ မိမိရဲ့ရင်သွေးကို နို့ချိုတိုက်ကျွေးခြင်းကို ရပ်တန့်ထားလိုက်ပါတယ်။ ဒီလို ရပ်ထားရာကနေ နို့ပြန်တိုက်ခြင်းကို ဆိုလိုတာပါ။

    ဘာကြောင့် ဒီလိုလုပ်ရသလဲ။ အောက်ပါအချက်တွေကြောင့်ပါ။

    • မိခင်ဖျားနာနေခြင်း
    • မိမိကလေးနဲ့ ဝေးကွာနေခြင်း
    • နို့ဖြတ်လိုက်ပြီးမှ စိတ်ပြောင်းကာ ပြန်တိုက်ချင်လာခြင်း
    • ကလေးတစ်ယောက်ကို မွေးစားလိုက်ပြီးတဲ့အချိန်မှာ နို့ထွက်အောင် ပြန်လည်ပြုလုပ်ပြီး နို့တိုက်ခြင်း (မိမိမှာ နို့စို့ကလေးရှိခဲ့ဖူးသူ) စတာတွေပဲ ဖြစ်ကြပါတယ်။

    နို့ချိုပြန်လည်တိုက်ကျွေးခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲ။

    နို့မှုန့်/နို့ဘူးတွေက မပေးနိုင်တဲ့ အကျိုးကျေးဇူးများစွာကို မိခင်နို့ရည်က ပေးနိုင်ပါတယ်။ ကလေးဟာ မိခင်နို့ရည်ကို သောက်သုံးခြင်းကြောင့် ကိုယ်ခံအားစနစ် ကောင်းစွာ ဖွံ့ဖြိုးပြီး ရောဂါပိုး အလွယ်တကူ ဝင်ရောက်ခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။ မိခင်နို့ရည်ကို အချိန်အတော်ကြာ ဖြတ်ထားရာမှ ပြန်လည်ကြိုးစား မတိုက်ကျွေးဘဲ နေရင်တော့ ဒီလိုအကျိုးကျေးဇူးတွေ ခံစားရမှာ မဟုတ်ပါဘူးနော်။

    နို့ချိုပြန်လည်တိုက်ကျွေးနေစဉ်မှာ မိမိကလေးနို့ဝ၊ မဝ ဘယ်လိုသိနိုင်မလဲ။

    အချိန်အတော်ကြာ နို့မတိုက်ဘဲ ပြန်တိုက်တဲ့အခါ နို့မထွက်တာမျိုးရှိနိုင်ပါတယ်။ ဒီအခါမှာ ရင်သားကို နို့ထွက်အောင် နည်းလမ်းကျကျ ညှစ်ယူတာမျိုး၊ လှုံဆော်မှုတစ်ခုခုပေးတာမျိုး ပြုလုပ်နိုင်ပါတယ်။ မိမိကလေးက နို့ကို စုပ်ယူတဲ့လှုံဆော်မှုမျိုးကလည်း နို့ပြန်ထွက်လာအောင် အကူအညီပေးပါတယ်။ ကလေးနို့စို့တဲ့အခါ နို့သီးခေါင်းထိပ်ကို သွားရောက်ထိမိတာကြောင့် ‘Prolaction”ဆိုတဲ့ ဟော်မုန်း ထွက်လာပါတယ်။ ‘Prolactin’ဟာ နို့ရည်တွေပြန်လည်ထွက်အောင် လှုံဆော်ပေးနိုင်ပါ တယ်။

    • ကလေးရဲ့ကိုယ်အလေးချိန်တက်လာသလား
    • နို့စို့တဲ့အခါ မျိုချတဲ့ပုံစံမျိုးရှိသလား
    • တစ်နေ့ကို လေးငါးခြောက်ကြိမ်လောက် ကလေးသေးခံစိုရွှဲသလား စတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး နို့ကို လုံလောက်စွာ ရရှိနေသလား အကဲခတ်နိုင်တဲ့အတွက် ကလေးနို့ဝ၊ မဝကို သိနိုင်ပါတယ်။

    ကလေးဟာ မိမိနို့ကို ပြန်မစို့ဘူးဆိုရင်တော့ ဒီလိုနည်းလမ်းတွေ ပြုလုပ်နိုင်ပါတယ်။

    • နို့တိုက်နေချိန်မဟုတ်တောင်မှ မိခင်နဲ့ကလေးနီးနီးကပ်ကပ် နွေးနွေးထွေးထွေးရှိနေပါစေ။
    • ကျောပိုးစလွယ်နဲ့ ပိုးထားတာမျိုး၊ ချီထားတာမျိုး ပြုလုပ်နိုင်ပါတယ်။
    • နို့ဘူးတိုက်နေချိန်မှာတောင် ကလေးကို မိမိရင်သားနဲ့ နီးကပ်စွာထားပါ။
    • သီချင်းလေးနဲ့ ချော့မြူသိပ်ပါ။

    အချိန်အတော်ကြာ နို့ဖြတ်ထားပြီး နို့ပြန်တိုက်တဲ့အခါ ကလေးဟာ နို့ကိုစုပ်ယူရကောင်း မသိတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါဆိုရင်တော့ မိခင်နို့ကို ညှစ်ယူတိုက်ကျွေးတာမျိုး ပြုလုပ်နိုင်ပါတယ်။

    (Expressing Breastfeeding) မိခင်ရဲ့ ရင်သားကနေ လိုအပ်သလောက် နို့ရည်ကိုညှစ်ယူပြီး စနစ် တကျသိမ်းဆည်းတာမျိုးပါ။ ညှစ်ယူတဲ့အခါ လက်နဲ့ညှစ်ယူတာမျိုး ပြုလုပ်နိုင်သလို လျှပ်စစ်သုံး နို့ညှစ်ကိရိယာ (Electric Pump)တွေနဲ့ ညှစ်ယူတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ ညှစ်ယူပြီးသား နို့ရည်တွေကို စနစ်တကျသိမ်းဆည်းတတ်ဖို့တော့ လိုပါလိမ့်မယ်။

    အခြားတိုက်နေကျနို့တွေကိုလည်း ဆက်ပြီးတိုက်နိုင်ပါတယ်။

    နို့ဖြတ်ထားချိန်မှာ ကလေးကို နို့ဘူး (Formula milk)၊ အာဟာရမှုန့်နဲ့ ဖြည့်စွက်စာတွေ ကျွေးခဲ့တာမျိုးရှိနိုင်ပါတယ်။ နို့ချိုကို ပြန်လည်တိုက်ကျွေးတဲ့အခါမှာတော့ ဒါတွေကို ဖြတ်ပစ်လိုက် စရာမလိုပါဘူး။ ၆လအထက် ကလေးတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ မိခင်နို့ကို ပြန်တိုက်ရင်းနဲ့ ဖြည့်စွက်စာနဲ့ Formula milk တွေလည်း တစ်ချိန်တည်း တိုက်ကျွေးနိုင်ပါတယ်။

    ကလေးကို အတင်းအကြပ်ကြီး နို့ပြန်တိုက်တာမျိုးတော့ မပြုလုပ်ပါနဲ့။ကလေးတွေဟာ ကာလ အတန်ကြာ မိခင်နို့နဲ့ ဝေးနေရာမှ မိခင်နို့ကို ပြန်လည်တိုက်ကျွေးတဲ့အခါ သူတို့အတွက် အထူးအဆန်း ပြန်ဖြစ်သွားတတ်ပါတယ်။ ဒီအခါ မိခင်နို့ရည်ကို မစို့ဘဲရှိတတ်ကြပါတယ်။ မိခင်ရဲ့ ရင်သားအောက်မှာ ကလေးပါးစပ်ကိုထားကာ နို့ရည်ကိုညှစ်တဲ့အခါ မိခင်နို့ရည်စက်ရဲ့ အရသာကို ပြန်လည်ခံစားမိစေပြီး တစ်ဖန်ပြန်လည်နို့စို့ လာနိုင်ပါတယ်။

    ကာလကြာရှည် နို့ဘူးပဲ စို့တဲ့ကလေးကိုတော့ မိခင်နို့သီးခေါင်းပေါ်မှ နို့ဘူး နို့သီးခေါင်း သဏ္ဍာန်အကာအရံ (nipple shield)တပ်ကာ တိုက်ကျွေးတာမျိုးပြုလုပ်နိုင်ပါတယ်။ တတ်ကျွမ်း နားလည်တဲ့ဆရာဝန်၊ သူနာပြုနဲ့ သားဖွားဆရာမတွေထံမှ အကူအညီယူနိုင်ပါတယ်။

    ဘာတွေကို သတိထားသင့်သလဲ

    နို့ချို ပြန်လည်တိုက်ကျွေးခြင်းဟာ သင့်ရဲ့ ရာသီစက်ဝန်းအပေါ်မှာလည်း အကျိုးသက်ရောက်မှု ရှိတာကို သတိချပ်စေချင်ပါတယ်။ သင့်ရဲ့ရင်သားရဲ့ ပုံပန်းသဏ္ဍာန်လည်း ပြောင်းလဲသွားနိုင်တယ်။ စိတ်ခံစားမှုအပေါ်မှာလည်း သက်ရောက်မှုရှိနိုင်ပါသေးတယ်။ အခက်အခဲတွေ ကျော်လွန်အောင်မြင်သွားရင်တော့ သင်နဲ့ သင့်ရင်သွေးအတွက် တန်ဖိုးရှိတဲ့အခိုက်အတန့်လေးကို ပိုင်ဆိုင်ရမှာပါ။ မိမိ ကိုယ်ကို ယုံကြည်ခြင်းဟာလည်း နို့ချိုပြန်လည်တျိုက်ကျွေးရာမှာ အောင်မြင်နိုင်စေမယ့် အထောက် အပံ့တစ်ခုပါပဲ။

    ရေးသားသူ-ဒေါက်တာမှူးခင်

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement