backup og meta

ရာသီအကူးအပြောင်းမှာ ကလေးတွေရဲ့ကိုယ်ခံအားကိုဘယ်လိုမြှင့်တင်ပေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 31/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီအကူးအပြောင်းမှာ ကလေးတွေရဲ့ကိုယ်ခံအားကိုဘယ်လိုမြှင့်တင်ပေးမလဲ

    အအေးမိခြင်းနဲ့တုပ်ကွေးတို့လို ကူးစက်နိုင်တဲ့ရောဂါတွေဟာ ကူးစက်ပြန့်ပွားနိုင်စွမ်းမြင့်မားပြီး ကြိုတင်ကာကွယ်တာက အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ဒီဝေဒနာတွေဖြစ်နေကျ ဖြစ်တဲ့ရာသီမှာ နာမကျန်းဖြစ်ခဲ့ရင်တောင် ရောဂါရဲ့ပြင်းထန်မှုအဆင့်နဲ့ တာရှည်မှုကာလတို့က ကိုယ်ခံအားစနစ်ရဲ့ကြံ့ခိုင်မှု၊ ဗိုင်းရပ်စ်ကိုခန္ဓာကိုယ်ရဲ့တိုက်ထုတ်နိုင်စွမ်းပေါ်မှာ အများကြီးမူတည်နေပါတယ်။

    အအေးမိ၊ တုပ်ကွေးဝေဒနာတွေဟာ ကလေးတွေရဲ့ဘဝမှာ ကြုံရနေကျဖြစ်ပေမယ့် နေမကောင်းဖြစ်ရတဲ့ရက်တွေ နည်းသွားအောင် မိဘတွေကကြိုးစားပေးနိုင်တဲ့ ကိစ္စလည်းဖြစ်ပါတယ်။

    ဒါဆို ကိုယ့်ကလေးကို သူနေ့စဉ်ထိတွေ့နေရတဲ့ရောဂါပိုးမွှားတွေ၊ ဗိုင်းရပ်စ်တွေရန်က ကာကွယ်ပေးနိုင်ဖို့ ဘာတွေလုပ်ရမလဲ။ ကလေးတွေဟာ ပိုးမွှားတွေ၊ ဗိုင်းရပ်စ်တွေနဲ့ တခြားပိုးတွေနဲ့ဆက်တိုက် ရင်ဆိုင်ရင်းနဲ့မှ ကိုယ်ခံအားကို တဖြည်းဖြည်းကျင့်ယူကြတာဖြစ်ပါတယ်။ (တစ်နှစ်မှာ အအေးမိရောဂါပိုး၊တုပ်ကွေးပိုး၊ ဒါမှမဟုတ် နားပိုးဝင်ခြင်း ၆ ကြိမ်မှ ၈ ကြိမ် ဖြစ်လေ့ရှိတာပုံမှန်ဖြစ်တယ်လို့ ကလေးအထူးကုဆရာဝန်တွေက ယူဆပါတယ်) ဒါပေမယ့် ကလေးရဲ့ကိုယ်ခံအားစနစ်ကို တိုးတက်စေမယ့် အချက်တချို့ကို အသုံးချနိုင်ပါတယ်။

    ရာသီအကူးအပြောင်းမှာ ကလေးတွေရဲ့ကိုယ်ခံအားကိုဘယ်လိုမြှင့်တင်ပေးမလဲ

    ရာသီအကူးအပြောင်းမှာ ကလေးတွေရဲ့ကိုယ်ခံအားကိုဘယ်လိုမြှင့်တင်ပေးမလဲ ဆိုတော့

    (၁) အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် များများကျွေးပါ- မုန်လာဥနီ၊ ဘိုစားပဲ၊လိမ္မော်သီး၊ စတော်ဘယ်ရီ တို့က ဗီတာမင် C နဲ့ ကာရိုတီးနွိုက်တို့လို ကိုယ်ခံအားမြှင့်တင်ပေးတဲ့ phytonutrients ဓာတ်တွေပါဝင်ပါတယ်။ phytonutrients တွေဟာ ခန္ဓာကိုယ်ရဲ့ ရောဂါတိုက်ဖျက်နိုင်တဲ့သွေးဖြူဥတွေနဲ့ ပဋိပစ္စည်းတွေထွက်ရှိမှုကို တိုးစေနိုင်ပါတယ်။ စားပေးသင့်တဲ့တခြားအစားအစာတွေကတော့ မှို၊ ဗီတာမင် D နဲ့ ဒိန်ချဉ်တို့ ဖြစ်ပါတယ်။

    (၂) ကလေးတွေရဲ့အိပ်ချိန်ကို တိုးပါ – အိပ်ရေးပျက်ခြင်းက အဏုဇီဝပိုးမွှားတွေနဲ့ ကင်ဆာဆဲလ်တွေကို တိုက်ထုတ်နိုင်တဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝခုခံမှုဆဲလ်တွေ၊ ကိုယ်ခံအားတုံ့ပြန်နိုင်စွမ်းတွေ ကျဆင်းစေပြီး နာမကျန်းဖြစ်လွယ်စေပါတယ်။  မူကြိုအရွယ်ကလေးတွေက တစ်နေ့ကို ၁၀ နာရီလောက် အိပ်ချိန်ရှိဖို့လိုပါတယ်။ ကလေးက နေ့ဘက် တရေးအိပ်တာနည်းတယ်ဆိုရင် ညကျ စောစောသိပ်သင့်ပါတယ်။

    (၃) မိသားစုလိုက် လေ့ကျင့်ခန်းလုပ်ပါ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပေးတာက သဘာဝခုခံအား ဆဲလ်တွေရဲ့အရေအတွက်ကိုတိုးစေတယ်လို့ သုတေသနတွေက ဖော်ပြပါတယ်။ ကလေးကို တစ်သက်တာ ကျန်းမာကြံ့ခိုင်စေတဲ့ အမူအကျင့်ရရှိစေဖို့ မိဘက ရှေ့ဆောင်လမ်းပြကောင်း ဖြစ်နေရပါမယ်။ ကလေးတွေကို အပြင်ထွက်ကစားခိုင်းတာထက် သူတို့နဲ့အတူလှုပ်ရှားပေးပါ။ စက်ဘီးစီးတာ၊ အပျော်ခြေလျင်ခရီးထွက်တာ၊ ဘက်စကတ်ဘောနဲ့ တင်းနစ်ကစားတာတွေအပါအဝင် မိသားစုလိုက်ကစားနည်းတွေ၊ လှုပ်ရှားမှုတွေ ဖန်တီးပေးပါ။

    (၄) ရောဂါပိုးမွှားတွေ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ပေးပါ- ရောဂါပိုးမွှားတွေကို ရှင်းလင်းဖယ်ရှားပေးတာက ကိုယ်ခံအားကို မတိုးမြှင့်နိုင်ပေမယ့် ကလေးရဲ့ကိုယ်ခံစွမ်းအားအပေါ် ဖိစီးမှုကိုလျှော့ချပေးတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ကလေးရဲ့လက်ကို (ဆပ်ပြာနဲ့) မကြာခဏဆေးကြောစေပါ ။ ကလေးတွေအပြင်ထွက်ကစားပြီး၊ အိမ်မွေးတိရစ္ဆာန်တွေကို ကိုင်တွယ်ထိတွေ့ပြီး၊ နှပ်ချေးညှစ်ပြီး၊ သန့်စင်ခန်းသွားပြီး၊ ကျောင်းကနေ အိမ်ပြန်လာပြီးနောက်ပိုင်း အစာမစားမီနဲ့ အစာစားပြီးချိန် သူတို့ရဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ပေးသင့်ပါတယ်။ ကလေးတွေကို အိမ်မှာလက်ဆေးတဲ့အကျင့်ရရှိစေဖို့ အရောင်တောက် လှပတဲ့လက်သုတ်ပဝါတွေ၊ ပုံစံစုံ၊ အရောင်စုံအနံ့စုံနဲ့ ဆပ်ပြာလေးတွေထားရှိပေးပြီး ရွေးသုံးစေတာမျိုးနဲ့ဆွဲဆောင်နိုင်ပါတယ်။

    (၅) ကလေးအနားမှာ ဆေးလိပ်မသောက်ပါနဲ့ – အဖေ သို့မဟုတ် အမေက ဆေးလိပ်သောက်တတ်တယ် ဆိုရင် ဆေးလိပ်ဖြတ်လိုက်ပါ။ စီးကရက်မှာ အဆိပ်ဓာတ် ၄၀၀၀ ကျော်ပါဝင်ပြီး အများစုက ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ထိခိုက်စေ၊ သေစေနိုင်ပါတယ်။ ကလေးတွေဟာ အသက်ရှူနှုန်းပိုမြန်ပြီး အဆိပ်အတောက်ဖယ်ရှားသန့်စင်မှုစနစ်က သိပ်မဖွံ့ဖြိုးသေးတာကြောင့် လူကြီးတွေထက် ပိုပြီး ထိခိုက်လွယ်ပါတယ်။ ဆေးလိပ်ငွေ့ရှူရှိုက်ရခြင်းက ကလေးမှာ ရုတ်တရက်သေဆုံးမှု SIDS အန္တရာယ်၊ လေပြွန်ရောင်ရမ်းခြင်း၊ နားပိုးဝင်ခြင်း၊ ပန်းနာရင်ကြပ် တို့ဖြစ်နိုင်ခြေပိုများစေပါတယ်။ တကယ်လို့ ဆေးလိပ်မဖြတ်နိုင်သေးရင်လည်း ကလေးမှာအန္တရာယ်မဖြစ်ရအောင် အိမ်ပြင်ထွက်သောက်တာမျိုးကို ကြိုးစားကြည့်သင့်ပါတယ်။

    (၆) အာဟာရနဲ့ အားဖြည့်အစာ – ကိုယ်ခံအားကို ကျန်းမာအားကောင်းစေဖို့အတွက် အာဟာရပြည့်ဝဖို့ လိုပါတယ်။ အရေးပါတဲ့အာဟာရဓာတ်တွေမရှိတဲ့အခါ ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်တွေ ခြေကုပ်ရယူဖို့ ပိုလွယ်စေတာကြောင့် နာတာရှည်ကိုယ်ခံအားပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။

    ရာသီ အကူးအပြောင်းမှာ ကိုယ်ခံအားကောင်းနေစေဖို့အတွက်ဆိုရင် ခန္ဓာကိုယ်က အာဟာရပြည့်ဝဖို့လိုပါမယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူနိုင်ဖို့ဆိုရင် အစာခြေစနစ်ကျန်းမာဖို့လိုအပ်ပါတယ်။ အစာခြေစနစ်ကျန်းမာစေဖို့အတွက် ကလေးစားသောက်မယ့် အစားအစာတွေထဲမှာအစာခြေစနစ်ကို ကျန်းမာစေတဲ့ အာဟာရဓာတ်တွေ ပါဝင်အောင်ပြင်ဆင်ပေးဖို့မေ့မထားပါနဲ့။ လိုအပ်တဲ့ဓာတ်တွေပြည့်စုံနေမယ်ဆိုရင် ကလေးက ကိုယ်ခံအားကောင်းမွန်နေပြီး ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဖျားနာမှုတွေကို တိုက်ထုတ်နိုင်မှာသေချာပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 31/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement