backup og meta

ကိုယ့်ကလေးကို အဆိပ်အတောက်တွေ ကျွေးမိနေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ကလေးကို အဆိပ်အတောက်တွေ ကျွေးမိနေပြီလား

    လောကမှာ ကိုယ်အချစ်ရဆုံးသော လူသားလေးတွေဖြစ်တဲ့ ကိုယ့်ရဲ့ရင်သွေးရတနာတွေကို အကောင်းဆုံးတွေပဲ ပေးချင်တာ၊ အကောင်းဆုံးပဲဖြစ်လာစေချင်တာ မိဘတိုင်းရဲ့မေတ္တာပါ။ ဒါပေမယ့် စားစေချင်လို့ ကျွေးနေတဲ့အရာတွေ၊ အာဟာရဖြစ်မယ်ထင်လို့ စီစဉ်ပေးတာတွေက ဘေးဖြစ်စေမယ်ဆိုရင် ရင်နာစရာပေါ့။ ဒါ့ကြောင့် ကိုယ့်ကလေးရဲ့ အစားအသောက်တွေထဲမှာ အဆိပ်အတောက်ဖြစ်စေမယ့်အရာတွေ ပါဝင်နေသလားဆိုတာ အရင်ဆုံးပြန်ဆန်းစစ်ကြရအောင်။

    ဟော့ဒေါ့

    အကင်ဆိုင်လေးတွေ ဟိုမှာ ဒီမှာ တွေ့ရတတ်တော့ ဝယ်စားရလွယ်ကူတဲ့ သရေစာတစ်မျိုးပါပဲ။ ဟော့ဒေါ့ချောင်းလေးတွေကို အချဉ်လေး၊ အမှုန့်လေးသုတ်ပြီး စားရတာ ပူပူနွေးနွေးလေးပေါ့။ ဒါပေမယ့် ပူနွေးပေမယ့် ရောဂါပိုးတွေမကင်းနိုင်တာ ဒီအစားအသောက်တွေပါပဲ။ ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့ ကလေးရဲ့အစာခြေစနစ်ထဲကို တာရှည်ခံပစ္စည်းတွေအပြည့်ပါတဲ့ ဒီအရာတွေဝင်ရောက်သွားမယ်ဆို တွေးကြည့်ပါ။

    ဟော့ဒေါ့အပါအဝင် ဝက်အူချောင်း၊ကြက်အူချောင်းကင်၊ အသားပြားကင် တို့လို ယိုးဒယားကင်ဆိုတဲ့သရေစာတွေ ဟာ ပြုပြင်စီမံထားတဲ့ အစားအစာတွေချည်းပါပဲ။ ဒီအမျိုးအစားတွေက ကင်ဆာဖြစ်စေနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပြီးသားဖြစ်ပါတယ်။

    ဆိုးဆေး

    အရောင်လှလှ သရေစာမုန့်တွေ၊ အရည်အသွေးမကောင်းတဲ့ အချိုရည်ဘူးတွေမှာ ပါနေတဲ့ ဆိုးဆေးတွေဟာ ကလေးတို့အတွက် အဆိပ်အတောက်တွေသက်သက်ပါပဲ။ အရောင်ဆိုးဆေးတွေကြောင့် ကလေးတွေမှာ အာရုံစူးစိုက်မှုနဲ့ပတ်သက်တဲ့ ပြဿနာတွေ၊ ဓာတ်မတည့်မှုတွေအပြင် ကင်ဆာဖြစ်နိုင်ခြေပါရှိနိုင်ပါတယ်နော်။

    အရည်အသွေးညံ့တဲ့ သရေစာမုန့်

    ကိုယ်ကဆိုအကောင်းဝယ်ကျွေးပေမယ့်လည်း မုန့်ဖို့းပေးပြီး ကိုယ်တိုင်ဝယ်စားခွင့်ပေးထားတဲ့ကလေးတွေမှာ ဒီပြဿနာကို စိတ်ပူဖို့လိုပါတယ်။ ကလေးကြိုက်တာဝယ်စားပါစေ ဆိုပြီး ဒီအတိုင်းလွှတ်မထားသင့်ပါဘူး။ ဘယ်လိုအရည်အသွေးနဲ့အစားအသောက်တွေကို ဝယ်စားနေမလဲဆိုတာ တချက်စစ်ဆေးသင့်ပါတယ်။ ခုနကပြောခဲ့သလို ဆိုးဆေးတွေ၊ သကြားအတုတွေပါတဲ့ အချဉ်ထုပ်တွေ၊ နယ်စပ်ကတင်သွင်းလာတဲ့ တရားမဝင် သရေစာမုန့်တွေကိုများ ဝယ်စားနေမလား စိုးရိမ်ကြပါ။

    ကဖင်း

    ကော်ဖီ၊ လက်ဖက်ရည်လောက်ပဲ ကလေးကိုမတိုက်ရုံနဲ့ ကဖင်းကင်းစင်ပြီထင်နေတာလား။ လန်းဆန်းတက်ကြွစေတယ်ဆိုတဲ့ အားဖြည့်အချိုရည်တွေမှာလည်း ကဖင်းဓာတ်များများစားစား ပါနေတတ်တာ သတိပြုပါ။ ကဖင်းကြောင့် ကလေးမှာ နှလုံးခုန်မြန်တာ၊ ကတုန်ကယင်ဖြစ်တာ၊ သွေးဖိအားမြင့်တာ၊ ကောင်းကောင်းအိပ်မပျော်တာတွေ ဖြစ်လာစေနိုင်တယ်။

    အချိုကဲတဲ့ အစားအသောက်

    ခရင်မ်ကိတ်မုန့်၊ သကြားလုံး၊ ဂျယ်လီ၊ အချိုရည်၊ ယို စတာတွေက ကလေးကြိုက်အချိုမုန့်တွေ၊ သရေစာတွေပါပဲ။ သူတို့မှာ ကယ်လိုရီပါဝင်မှုများလေ့ရှိပေမယ့် ကလေးတို့အတွက် မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေတော့ နည်းနည်းပဲပါတာပါ။ အချိုကဲတဲ့ အစားအသောက်တွေ မကြာခဏစားတဲ့အခါ အဝလွန်ခြင်းနဲ့ သွားပျက်စီးခြင်းတွေ ဖြစ်လာနိုင်သလို အဝလွန်ရာကနေ ဆီးချိုသွေးချိုရောဂါ အန္တရာယ်နဲ့ နီးစပ်သွားနိုင်တာ ကြောက်စရာပါ။ အချိုရည်တင်မကဘဲ အသင့်သောက်အာဟာရရည်တွေ၊ နို့တွေ၊ဒိန်ချဉ်တွေ(အချိုပါပြီးသား) ကိုလည်း နေ့တိုင်းအတိုင်းအတာနဲ့ အမြဲမတိုက်သင့်ပါဘူး။

    အငန်များတဲ့အစားအစာ

    အငန်ဓာတ်များတဲ့အစားအစာတွေလို့ပြောရင် ငါးပိ၊ငါးခြောက်ကို ပြေးမြင်ကြမယ်၊ ဆားလျှော့ထည့်ဖို့ စဉ်းစားမယ်။ တကယ်တော့ နောက်ကွယ်မှာ ဆိုဒီယမ်များနေတဲ့ အစားအသောက်တွေကို ကျွေးမိနေတာ သတိမထားမိတာ ကိုယ့်အပြစ်ပါပဲ။ ဥပမာ ပြုပြင်စီမံထားတဲ့အစားအစာတွေ(အကင်ချောင်းတွေ၊ အသင့်စားတွေ)၊ ဆိုင်ကြီးတွေမှာ လူကြီးစားတဲ့ အစားအစာတွေ (ဟော့ပေါ့၊ ဘာညာ)၊ ချိစ်များတဲ့အစားအစာ စတာတွေက ကလေးတွေစားသင့်တဲ့ အငန်ပမာဏထက် ကျော်လွန်စေပါတယ်။ ဆိုဒီယမ်များတာ စားလွန်းရင် ကလေးတွေမှာလည်း သွေးတိုးဖြစ်စေနိုင်ပါတယ်။ အဲဒီကနေ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းအထိ ဖြစ်နိုင်ခြေပိုများ စေနိုင်ပါတယ်။

    ဒါဆို ဘာသွားကျွေးရတော့မှာလဲ လို့ မေမေတို့ စိတ်ညစ်နေဖို့မလိုပါဘူး။ ကလေးရဲ့အာဟာရအတွက် စနစ်တကျနဲ့ စီစဉ်ကျွေးလို့ရတဲ့ အရည်အသွေးပြည့်အာဟာရတွေ ရွေးချယ်လို့ရနေတာပဲလေ။ အရည်အသွေးကောင်းတဲ့မုန့်လေးတွေ ဝယ်ကျွေးမယ်၊ ဝယ်တဲ့အခါ ဘေးဖြစ်စေတာတွေပါမပါ ပါဝင်ပစ္စည်းနဲ့ ပမာဏကို သေချာစစ်ဆေးမယ်၊ ကိုယ်တိုင်လုပ်ကျွေးတဲ့အခါ ကျွေးမယ်၊ ကလေးတွေအတွက် သီးသန့်ထုတ်လုပ်တဲ့ ဖြည့်စွက်အာဟာရနို့မှုန့်တွေ တိုက်မယ်၊ ဘေးဖြစ်စေမယ့်အရာတွေကို မစားဖြစ်အောင် ထိန်းသိမ်းပေးမယ်ဆို လုံလောက်ပါပြီလို့…

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement