ကလေးနို့ဖြတ်ချိန်မှာ သတိထားသင့်တဲ့အချက်များ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ကလေးတစ်ယောက်ရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် အသက်တစ်နှစ်မပြည့်ခင်ကာလက အရေးကြီးဆုံးအချိန်ပါ။ မွေးစကနေခြောက်လအတွင်းတော့ မိခင်နို့ သို့မဟုတ် နို့မှုန့်နဲ့ အာဟာရဖြည့်တင်းလာခဲ့ပေမယ့်ခြောက်လကျော်၊ တစ်နှစ်ဝန်းကျင်လောက်ဖြစ်လာရင်ကြေညက်အောင်ချေထားတဲ့ထမင်း သို့မဟုတ်ဖြည့်စွက်အာဟာရတွေပါ တွဲကျွေးလို့ရပါပြီ။ နို့ဖြတ်သင့်တဲ့ အရွယ်ကိုလည်း ရောက်လာပါပြီ။
ဒါပေမယ့် နို့ချိုအာဟာရနဲ့ပဲ အမြဲအားဖြည့်လာခဲ့တဲ့ ကလေးကို နို့ဖြတ်ဖို့ ဆိုတာ လွယ်ပါ့မလား။ မိခင် အတော်များများက အတွေ့အကြုံရှိသူတွေအကြံပေးတဲ့အတိုင်း ရင်သားထိပ်မှာ ဆားခါး သုတ်ထားတာ၊ ခါးတဲ့အရာ တစ်ခုခု သုတ်လိမ်းထားတာ စတဲ့နည်းတွေကို သုံးတတ်ကြပါတယ်။နောက်ဆုံးတော့ နို့ပြတ်သွားတယ်ဆိုပေမယ့် ကလေးက နို့မစို့ရလို့ ငိုယို၊ လျှာမှာခါးသွားတဲ့အရသာကြောင့် ဒုက္ခရောက်နေရတာတွေကိုမြင်ရတဲ့အခါ အမေဖြစ်သူရင်ထဲမှာလည်း စိတ်မသက်မသာဖြစ်ရ၊ သနားရ နဲ့ ပင်ပန်းရပါတယ်။
ကလေးကိုဘယ်အချိန်မှာ နို့ဖြတ်မလဲ
နို့ဖြတ်သင့်တဲ့ အချိန်ကိုရောက်လာပြီဆိုရင် ရုတ်တရက် ချက်ချင်းဖြတ်တာထက် တဖြည်းဖြည်းချင်း နို့ဖြတ်တာ ပိုကောင်းပါတယ်။ ကလေးကိုယ်တိုင်က နို့မစို့ချင်တော့ဘဲ အစာအာဟာရဘက်ကို ဦးစားပေးလာအောင် ကျင့်ယူပေးရမှာဖြစ်ပါတယ်။ ဒီအနေအထားမှာ စိတ်မလောဘဲ ကလေးရဲ့ကျန်းမာစွာကြီးထွားဖွံ့ဖြိုးမှုကို အားပေးနိုင်တဲ့ အစာအာဟာရကိုဖြည့်တင်းပေးဖို့လိုပါတယ်။ ဒါ့ကြောင့် ကလေးနို့ဖြတ်တဲ့အခါမှာ နည်းလမ်းမှန်ကန်စေဖို့၊ အဆင်ပြေစေဖို့ သိထားသင့်၊ သတိထားသင့်တဲ့အချက်လေးတွေကိုဖော်ပြလိုက်ပါတယ်။
ကလေးနို့ဖြတ်ချိန်မှာ သတိထားသင့်တဲ့အချက်များ
ကလေးနို့ဖြတ်ချိန်မှာ သတိထားသင့်တဲ့အချက်များ ကတော့
- အစောကြီး နို့မဖြတ်ပါနဲ့
ကလေးကို သိပ်အစောကြီး နို့ဖြတ်ပြီး အစာစကျွေးဖို့ မကြိုးစားပါနဲ့။ ကလေးဆိုတာ ခြောက်လ မပြည့်မချင်း မိခင်နို့ သို့မဟုတ် နို့မှုန့် အာဟာရသောက်သုံးဖို့ လိုအပ်ပါတယ်။ စောစောစီးစီး နို့ဖြတ်ခြင်းက တကယ်တော့ မကောင်းတဲ့ အကျိုးရလဒ်တွေ ရှိစေနိုင်ပါတယ်။ ဥပမာ -ကလေးအသက် ၃လ – ၅လ အတွင်းမှာ နို့ဖြတ်လိုက်တယ်ဆိုရင် အဲဒီကလေးက ဓါတ်မတည့်မှုနဲ့ ရောဂါပိုး ဝင်နိုင်ခြေ ပိုများတာကြောင့် မကြာခဏ နာမကျန်းဖြစ်လွယ်တတ်ပါတယ်။
- နေ့ချင်းညချင်း နို့ပြတ်သွားဖို့ စိတ်မလောပါနဲ့
မိခင်နို့ရည်ဟာ ကလေးကစို့လေ ပိုထွက်လေဖြစ်တာကြောင့် နို့ဖြတ်ဖို့စဉ်းစားတဲ့အခါ ချက်ချင်းကြီးအဆင်ပြေသွားဖို့မကြိုးစားပါနဲ့။ ချက်ချင်းကြီးနို့ဖြတ်လိုက်ရင် နို့ကြောင်းပိတ်တာ၊နာကျင်ရတာ၊ရောဂါပိုးဝင်တာ၊ နို့နာ ဖြစ်တာတွေ လည်း ခံစားရနိုင်ခြေများပါတယ်။ ဒါ့ကြောင့် နို့ရည်အစား အစားထိုးအာဟာရကို တွဲဖက်ကျွေးပေးရင်း ကလေးရဲ့စားသောက်ပုံကို ဖြည်းဖြည်းချင်းပြောင်းလဲပေးသင့်ပါတယ်။
[embed-health-tool-vaccination-tool]