backup og meta

ကလေးနို့စို့တဲ့အခါ နို့သီးခေါင်း အကိုက်မခံရစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးနို့စို့တဲ့အခါ နို့သီးခေါင်း အကိုက်မခံရစေဖို့

    ကလေးနို့တိုက်တဲ့ မေမေအများစုက နို့သီးခေါင်း အကိုက်ခံရဖူးပါတယ်။ နာလည်းနာ ကလေးကိုလည်း ဘာမှလုပ်လို့မရဆိုတော့ မေမေတွေအတွက် အတော်အခက်တွေ့ပါတယ်။ နောက်ထပ်ပြဿနာက နို့သီးခေါင်း နာနေတဲ့အတွက် နို့မတိုက်နိုင်တာ၊ နောက်ထပ်နို့တိုက်ရမှာကို လန့်နေတာ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် သားဦးမေမေတွေမှာပါ။ ကလေးဆီကနေ နို့သီးခေါင်းအကိုက်မခံရအောင် ဘယ်လိုကာကွယ်ကြမလဲ။

    ကလေးက နို့သီးခေါင်း ဘာလို့ ကိုက်တာလဲ။

    • သွားပေါက်တဲ့ အရွယ်ဖြစ်လို့

    သွားငုတ်တုတ် လူငုတ်ငုတ် ကလေးထိုင်တဲ့အရွယ်ဆိုရင် မေမေတို့ နို့သီးခေါင်းကိုက်ခံရပါပြီ။ သွားပေါက်ချင်တဲ့အတွက် သွားဖုံးတွေက တင်းပြီး ယားလာပါတယ်။ ဒါကို ဖြေဖျောက်ဖို့ မေမေ့နို့သီးခေါင်းကို ကိုက်တတ်ပါတယ်။

    • နို့ထွက်နည်းလို့

    နို့ထွက်နည်းတဲ့အခါ ကလေးက နို့စို့ရတာ အားမရတော့ပါဘူး။ ဒါကြောင့် စိတ်ရှုပ်ပြီး နို့ထွက်လိုထွက်ငြား နို့သီးခေါင်းကို ကိုက်ထည့်လိုက်တာပါ။

    • နို့ထွက်မြန်လို့

    မေမေက နို့သက်ပြီး နို့တွေ အများကြီးထွက်လာတယ်ဆိုရင်လည်း ကလေးက အလျင်မီအောင် လိုက်စို့ရတဲ့အတွက် မတော်တဆ ကိုက်မိတတ်ပါတယ်။

    နို့တိုက်လို့ ပြီးခါနီးရင် ဖြစ်တတ်ပါတယ်။ နို့စို့ရတာလည်း ဝသွားပြီ၊ ဟိုဟိုဒီဒီကြည့်တတ်တဲ့အရွယ်ဆို ဘေးကို အာရုံရောက်သွားတဲ့အတွက် သတိမထားမိဘဲ ကိုက်တတ်ပါတယ်။ ပုံမှန်ဆို ကလေးရဲ့ လျှာက အောက်သွားဖုံးအပေါ်မှာ ရှိနေပြီး နို့စို့တဲ့အချိန် အကိုက်မခံရအောင် ကာကွယ်ပေးထားပါတယ်။ သူတို့ ဗိုက်ဝသွားရင် ဒီလျှာလေးက နို့သီးခေါင်းကနေ လွတ်သွားတတ်ပါတယ်။ ဒါက ဗိုက်ဝပြီလို့ အချက်ပြတာပါ။

    • အာရုံစိုက်ခံချင်လို့

    ကလေးကြီးတွေမှာ ဖြစ်တတ်ပါတယ်။ မေမေက သူ့ကို မကြည့်ဘဲ တခြားသူနဲ့ စကားပြောနေတယ်။ ဖုန်းသုံးနေတယ်ဆိုရင် သူ့ကို ကြည့်ပါလို့ သတိပေးတဲ့အနေနဲ့ ကိုက်တတ်ပါတယ်။

    • အိပ်ပျော်သွားလို့

    နို့စို့နေရင်းနဲ့ အိပ်ပျော်သွားပြီဆိုရင် ကလေးက ပါးစပ်ပိတ်သွားတာကြောင့် ကိုက်မိသလို ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်ပျော်သွားပြီ၊ နို့လည်း စို့နိုင်လောက်အောင် သတိမရှိတော့ဘူးဆိုရင် ဖြုတ်လိုက်တာ အကောင်းဆုံးပါပဲ။

    နေမကောင်း ဖြစ်တဲ့အခါ ကလေးတွေက အမေနို့ကို ကောင်းကောင်း မစို့နိုင်၊ မမျိုချနိုင်ပါဘူး။ ဒါကြောင့် မတော်တဆ ကိုက်မိတတ်ပါတယ်။ ဒီလို ဆိုရင်တော့ ကလေးဆရာဝန်နဲ့ ပြသင့်ပါတယ်။ ကလေးက နို့ကောင်းကောင်း မဝင်မှာ စိုးရိမ်ရပါတယ်။

    နို့သီးခေါင်းအကိုက်မခံရအောင် ဘယ်လိုကာကွယ်ကြမလဲ။

    အခြေအနေကို ကြည့်ပြီး အောက်က နည်းလမ်းလေးတွေကို အဆင်ပြေသလို သုံးနိုင်ပါတယ်။

    • ကလေးကို ပြောပြပါ။

    နို့သီးခေါင်း ကိုက်တဲ့အခါ ‘သားရေ မေမေ နာနာလေ’ ဆိုတာမျိုး ပြောပြပေးပါ။ ကလေးက စကားမပြောတတ်သေးရင်တောင် မေမေ့ရဲ့ အသံ၊ အပြုအမူကို ဖတ်တတ်ပါတယ်။ သူ့ကို ကြည့်ပြီး သေချာပြောပြပါ။ ကိုက်တိုင်းမှာ ပြောပြပေးပါ။ သတိထားရမှာက ကလေးကို မအော်မိ၊ မရိုက်မိဖို့ပါ။ နောက်တစ်ခါ နို့စို့ဖို့ ကြောက်သွားပါလိမ့်မယ်။

    • နို့တိုက်တာကို ရပ်လိုက်ပါ။

    ကလေးကို မကိုက်ဖို့ ပြောတာတောင် ဆက်ကိုက်နေသေးရင် နို့တိုက်တာကို ရပ်လိုက်ပါ။ ခဏနေမှ ပြန်တိုက်ပါ။ ဒါဆို သူ့စိတ်ထဲမှာ နို့သီးခေါင်းကို ကိုက်ရင် မေမေက နို့မတိုက်ဘူးဆိုတာကို မှတ်ထားပါလိမ့်မယ်။

    • ကိုက်စရာ တစ်ခုခုပေးထားပါ။

    အထူးသဖြင့် သွားယားတဲ့ ကလေးတွေအတွက်ပါ။ နို့မတိုက်ခင်မှာ သွားယားရင် ကိုက်ဖို့ အရုပ်လေးတွေ၊ ရေစိုအဝတ်သန့်သန့်တွေ ပေးကိုက်ထားပါ။ ခဏနေမှ နို့တိုက်ပါ။ အယားပြေသွားတဲ့အတွက် မေမေ့နို့ကို ရန်ရှာတာ နည်းသွားပါလိမ့်မယ်။

    • နို့တိုက်တာကို အာရုံစိုက်ထားပါ။

    ကလေးနို့စို့တဲ့အခါ သူ့ပုံစံကို ဆက်တိုက်ကြည့်နေဖို့လိုပါတယ်။ ဗိုက်ဝသွားလို့ ကိုက်တာလား၊ သွားယားလို့လား၊ နေမကောင်း ဖြစ်နေလို့လား။ ဒါမှ ကလေးကို ကူညီပေးလို့ ရမှာပါ။ အမေက သူ့ကို ဂရုစိုက်နေတယ်၊ ကြည့်နေတယ်လို့ ခံစားရတဲ့အတွက် ကလေးက ကိုက်တာလည်း နည်းသွားနိုင်ပါတယ်။

    • အိပ်ပျော်နေတဲ့ ကလေးကို နို့အတင်းမတိုက်ပါနဲ့။

    အိပ်ပျော်နေတာကို အတင်းတိုက်တဲ့အခါ ကလေးက အိပ်ချင်မူးတူးနဲ့ နို့သီးခေါင်းကို ကိုက်မိတတ်ပါတယ်။ နိုးနေတဲ့အချိန်၊ လန်းနေတဲ့အချိန်မှာ တိုက်ပေးပါ။

    အထူးသဖြင့် သားဦးမေမေနဲ့ မွေးစကလေးနဲ့ ဆိုရင် ဒီပြဿာနာဖြစ်တတ်ပါတယ်။ သားဦးမေမေက နို့မတိုက်တတ်၊ မွေးစကလေးက နို့မစို့တတ်တဲ့ ခဏခဏ ကိုက်မိပါတယ်။ နို့တိုက်တဲ့အခါ ကလေးပါးစပ်က ကျယ်ကျယ်ဟရပါမယ်။ နို့သီးခေါင်းကို ငုံရမှာ မဟုတ်ပါဘူး။ နို့သီးခေါင်းဘေးက အညိုကွင်းတစ်ခုလုံးကို ငုံရမှာပါ။ နို့သီးခေါင်းလေးက အာခေါင်မှာ ထောက်ရမှာပါ။ ဒီတော့မှ နို့စို့တဲ့အခါ နို့ထွက်မှာပါ။ နို့သီးခေါင်းပဲ ငုံမိရင် နို့စို့တဲ့အခါ ကိုက်မိသလို ဖြစ်တတ်ပါတယ်။

    • ပုံစံပြောင်းပြောင်းပြီးတိုက်ပါ။

    နို့ကို တစ်ဖက်ပြီး တစ်ဖက် ပြောင်းတိုက်ဖို့ လိုသလို အနေအထားလည်း ပြောင်းဖို့ လိုပါတယ်။ ထိုင်တိုက်တာ၊ လှဲတိုက်တာ၊ နောက်မီတိုက်တာ စသဖြင့် အဆင်ပြေသလို ပြောင်းတိုက်ပါ။

    • လက်ချောင်းလေး ထည့်ထားပါ။

    နို့တိုက်တဲ့အခါ ကလေးပါးစပ်ထောင့်ထဲကို လက်ချောင်းလေးထည့်ထားပါ။ မကိုက်မိအောင် ခုထားသလို ဖြစ်စေပါတယ်။ နို့မတိုက်ခင် လက်သေချာဆေးဖို့တော့ လိုပါတယ်။

    • ကလေးဗိုက်ဝတာနဲ့ နို့ဖြုတ်လိုက်ပါ။

    ကလေးက ဗိုက်ဝပြီဆိုရင် နို့စို့တာ နှေးသွားပါတယ်။ နို့သီးခေါင်းကနေ လျှာလည်း လွတ်သွားပါတယ်။ ဟိုကြည့်ဒီကြည့် ကြည့်ပါတယ်။ ဒါဆိုရင် သူဗိုက်ဝနေပါပြီ။ အခြေအနေကြည့်ပြီး နို့ဖြုတ်လိုက်ပါ။ တော်ကြာနေ ပျင်းပြီး ကိုက်တော့မှာပါ။

    • နို့ထွက်အောင်လုပ်ပါ။

    နို့မထွက်ရင် ကလေးက စိတ်မရှည်ဘဲ ကိုက်တတ်ပါတယ်။ ဒါကြောင့် နို့ထွက်အောင် မကြာမကြာတိုက်ပါ။ နို့ထွက်နည်းတဲ့ မေမေတွေက နို့မတိုက်ခင်မှာ အနည်းငယ် ညှစ်ထုတ်တတ်ပါတယ်။ ဒါကလည်း နို့ထွက်စေတဲ့ နည်းလမ်းကောင်း တစ်ခုပါပဲ။

    များသောအားဖြင့် ကလေးတွေကို သင်ပေးရင်း သင်ပေးရင်းနဲ့ နောက်ကျ မကိုက်တော့ပါဘူး။ နို့သီးခေါင်းကိုက်တာက ကလေးနို့ဖြတ်ချင်တာ မဟုတ်တဲ့အတွက် နို့ဖြတ်စရာ မလိုပါဘူး။ ကလေးနို့သီးခေါင်းကိုက်လို့ဆိုပြီး နို့မတိုက်ဘဲ မနေပါနဲ့။ မိခင်နို့က ကလေးအတွက် အရေးကြီးတဲ့ အာဟာရဖြစ်တာကြောင့် ဆက်ပြီးတိုက်ဖို့ ကြိုးစားစေချင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement