backup og meta

မိခင်နို့တိုက်တဲ့ မေမေတွေ ရင်သားကင်ဆာ ဖြစ်နိုင်ခြေနည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိခင်နို့တိုက်တဲ့ မေမေတွေ ရင်သားကင်ဆာ ဖြစ်နိုင်ခြေနည်း

    နို့တိုက်နေတဲ့ မေမေတွေ ပိုပြီး တိုက်ချင်စိတ်ဖြစ်လာအောင်၊ တိုက်ရင်ကောင်းမလား မကောင်းမလား ဝေခွဲမရဖြစ်နေတဲ့ မေမေတွေကို တွန်းအားပေးသလိုဖြစ်အောင် သတင်းကောင်းလေးတစ်ခု မျှဝေပေးချင်ပါတယ်။ ဒါကတော့ နို့တိုက်တဲ့ မေမေတွေက သာမန်အမျိုးသမီးတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေနည်း တယ်ဆိုတာပါပဲ။

    သိကြတဲ့အတိုင်း ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးတွေ အစိုးရိမ်ဆုံး ကင်ဆာ ၂ခုပါ။ သားအိမ်ခေါင်းကင်ဆာက ကာကွယ်ဆေး ရှိတယ်ဆိုပေမယ့် ရင်သားကင်ဆာမှာ မရှိပါဘူး။ ဒါပေမယ့် ရင်သားကင်ဆာကတော့ အရေပြားအောက်တင် အကျိတ်ဖြစ်တာဆိုတော့ ပုံမှန်စမ်းမယ်ဆိုရင် စောစောသိနိုင်ပါတယ်။ ဒါပေမယ့် အကောင်းဆုံးကတော့ ဖြစ်နိုင်ခြေကို လျှော့ချထားတာပါပဲ။

    မိခင်နို့တိုက်ရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေနည်း တာ ဘာကြောင့်လဲ။

    မိခင်နို့က ကလေးအတွက် အကောင်းဆုံး အာဟာရဆိုတာ မေမေတိုင်း သိကြပါတယ်။ ဒါပေမယ့် မိခင်နို့တိုက်ရင်းနဲ့ပဲ မေမေပါ အမြတ်ရတာတွေ ရှိပါတယ်။ ဥပမာ ပြောရရင် ခုလိုမျိုး ရင်သားကင်ဆာဖြစ်နိုင်ခြေ နည်းတာပေါ့။ မိခင်နို့တိုက်ရင် ဘာကြောင့် ရင်သားကင်ဆာဖြစ်နိုင်ခြေ နည်းတာလဲဆိုတဲ့ တိကျတဲ့ အကြောင်းရင်းကို ရှာနေကြဆဲပါ။ ဖြစ်နိုင်တာတွေကတော့

    • တစ်နေကုန် နို့တိုက်နေရတဲ့အတွက် ရင်သားက ဆဲလ်တွေကို ပုံမှန်အလုပ်လုပ်စေပါတယ်။
    • နို့တိုက်နေတဲ့အချိန်ဆိုရင် အမျိုးသမီးတွေက ရာသီမလာပါဘူး။ ဒါက အီစထရိုဂျင် နည်းနေတာကြောင့်ပါ။ ကိုယ်ဝန်ဆောင်နေတဲ့ ၉လပါ ထည့်တွက်လိုက်ရင် ရာသီမလာတာက နှစ်ပေါက်ပါတယ်။ ဒီလို အချိန်ကြာကြာ အီစထရိုဂျင် နည်းနေတာက ရင်သားကင်ဆာဖြစ်နိုင်ခြေကို နည်းစေပါတယ်။

    (အီစထရိုဂျင်က ရင်သားကင်ဆာဆဲလ်တွေ ပွားလာအောင် အားပေးနိုင်ပါတယ်။ ဒါ့ပြင် သားဥအိမ်ကင်ဆာကိုလည်း အားပေးပါတယ်။ ဒါကြောင့် မိခင်နို့တိုက်တာက ရင်သားကင်ဆာရော သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေကိုပါ လျော့ကျစေပါတယ်။)

    • နို့တိုက်နေတဲ့ အချိန်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှု ပုံစံရှိကြပါတယ်။ နို့တိုက်နေချိန်မှာ နို့ရည်ကို အာဟာရပြည့်အောင်ဆိုပြီး မေမေတွေက အာဟာရမျှတအောင် စားကြပါတယ်။ ဆေးလိပ်အရက်လည်း ရှောင်ကြပါတယ်။ နို့တိုက်တာကိုယ်တိုင်က ကယ်လိုရီလောင်ကျွမ်းတယ် ဆိုပေမယ့် မေမေတွေ ကိုယ်တိုင်ကလည်း ဝလာမှာစိုးလို့ လေ့ကျင့်ခန်းတွေ လုပ်ကြပါတယ်။ ဒါက မရည်ရွယ်ပါဘဲ ကျန်းမာရေးနဲ့ ညီတဲ့ စားသောက်နေထိုင်မှု ပုံစံဖြစ်သွားပါတယ်။

    ဒီအချက်တွေ စုပေါင်းလိုက်တဲ့အခါကျတော့ နို့တိုက်တဲ့ မေမေတွေက ရင်သားကင်ဆာဖြစ်နိုင်ခြေ လျော့နည်းသွားပါတယ်။

    ရင်သားကင်ဆာ ကာကွယ်ဖို့ နို့ဘယ်လောက်ကြာကြာတိုက်ရမှာလဲ။

    အနည်းဆုံးတော့ ကလေးအတွက် ၆လတိတိ မိခင်နို့ကလွဲပြီး ရေတောင် မတိုက်ရဘူးဆိုတာ မေမေတို့ သိထားပြီးသားပါ။ ရင်သားကင်ဆာကာကွယ်ဖို့ ဆိုရင်တော့ ဒီထက်ပိုပြီး ကြာကြာလေး တိုက်သင့်ပါတယ်။ ကြာကြာတိုက်လေ ကောင်းလေလို့တော့ ပြောကြပါတယ်။

    မေမေတို့အနေနဲ့ ကလေးအသက် ၁နှစ်လောက်အထိ ဖြည့်စွက်စာကျွေးရင်းနဲ့ တိုက်ဖို့ အကြံပေးလိုပါတယ်။ မေမေလည်း တိုက်နိုင်တယ်။ ကလေးကလည်း နို့စို့သေးတယ်ဆိုရင်တော့ ဒီထက်ပိုပြီး ကြာကြာတိုက်နိုင်ပါတယ်။

    ရင်သားကင်ဆာအပေါ် ဟော်မုန်းသက်ရောက်မှုကို လေ့လာတဲ့ အဖွဲ့တစ်ခုအဆိုအရ မိခင်နို့ကို ၁၂လတိုင်တိုင် တိုက်သူတွေက ရင်သားကင်ဆာဖြစ်နိုင်ခြေ ၄.၃ ရာခိုင်နှုန်း နည်းသွားပါတယ်။ တစ်နှစ်ပြည့်လို့ နောက်ထပ် ၁၂လထပ်တိုက်ရင် နောက်ထပ် ၄.၃ ရာခိုင်နှုန်း ထပ်လျော့သွားပါတယ်။ ဒါက မိခင်နို့ လုံးဝမတိုက်သူတွေနဲ့ နှိုင်းယှဉ်ထားတာပါ။

    သြစတေးလျမှာ လုပ်တဲ့ လေ့လာချက်မှာတော့ ၁၃လနဲ့အထက် မိခင်နို့တိုက်သူတွေက ၇လအောက် တိုက်သူတွေထက် သားဥအိမ်ကင်ဆာဖြစ်နှုန်း ၆၃ ရာခိုင်နှုန်း နည်းသွားပါတယ်တဲ့။ အမြွာလေးတွေလည်း ဖြစ်မယ်။ ၃၁လနဲ့အထက်လည်း တိုက်မယ်ဆိုရင်တော့ ၁၀လအောက် တိုက်သူတွေထက် သားဥအိမ်ကင်ဆာဖြစ်နှုန်း ၉၁ ရာခိုင်နှုန်း နည်းသွားတာကို တွေ့ရပါတယ်။

    ဒါကို ကြည့်ရင် မိခင်နို့က မေမေတွေ ကင်ဆာမဖြစ်အောင် တော်တော်ကြီး လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။

    ကလေးတွေမှာပါ ကင်ဆာဖြစ်နိုင်ခြေနည်း

    မိခင်နို့သောက်တဲ့ကလေးတွေက အဝလွန်တာဖြစ်နိုင်ခြေ နည်းပါတယ်။ ကလေးဘဝမှာ အဝလွန်တာက ကြီးလာတဲ့အခါ ဆက်ပြီး အဝလွယ်စေပါတယ်။ ဒီလိုဆိုရင် ပန်ကရိယကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ စအိုကင်ဆာနဲ့ ကျောက်ကပ်ကင်ဆာတွေ ဖြစ်လာနိုင်ပါတယ်။

    ကလေးဘဝမှာတည်းက မိခင်နို့သောက်ပြီး အဝမလွန်ဘူးဆိုရင် ကြီးလာတဲ့အခါ ဒီလိုကင်ဆာဖြစ်နိုင်ခြေတွေ အလိုလိုနည်းသွားမှာပါ။

    ဒီလောက်ဆို မိခင်နို့ကို တိုက်ရင်ကောင်းမလားလို့ စဉ်းစားနေတဲ့ မေမေတွေလည်း ဆုံးဖြတ်နိုင်လောက်ပြီလို့ ထင်ပါတယ်။ မိခင်နို့တိုက်တာက ထင်သလောက် မလွယ်ပါဘူး။ နှစ်ဖက်လုံး မျှတိုက်ရမှာ ဖြစ်သလို မကြာခစလည်း တိုက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တတ်ကျွမ်းနားလည်သူဆီက နည်းနာယူသင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement