brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သားသားမီးမီးတို့ right brain development အတွက် ဘာလုပ်ပေးကြမလဲ!

သားသားမီးမီးတို့ right brain development အတွက် ဘာလုပ်ပေးကြမလဲ!

သားသားမီးမီးတို့ right brain development အတွက် ဘာလုပ်ပေးကြမလဲ!

သားသားမီးမီးတို့ကို စိတ်ကူးဉာဏ်ရင့်သန်စေချင်တယ်။ တီထွင်ဖန်တီးမှု ကောင်းသူလေးတွေ ဖြစ်စေချင်တယ်ဆိုရင်တော့ ငယ်စဉ်ကတည်းက right brain development လုပ်ဆောင်ပေးဖို့က မေ့ထားလို့ မဖြစ်တဲ့ အချက်တစ်ခုပါ။ ဒီတော့ ဘေဘီလေးရဲ့ right brain development အတွက် ဘာတွေများလုပ်ပေးလို့ရမလဲဆိုတာကို သိချင်နေပြီလား …… ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ကိုယ်တိုင် ဖတ်ကြည့်လိုက်ပါ မေမေဖေဖေတို့ရေ ….. ဒီလိုပြောရတာက ဆောင်းပါးလေးထဲမှာ သားသားမီးမီးတို့ right brain development အတွက် ဘာလုပ်ပေးကြမလဲ ဆိုတာကို ပြောပြပေးမှာ မို့လို့ပါပဲ။ အတူတူ ကြည့်လိုက်ကြစို့နော်။

သားသားမီးမီးတို့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ဖေဖေမေမေတို့ သိထားဖို့လိုမယ့် အချက်

သားသားမီးမီးလေးတွေဟာ သူတို့လေးတွေရဲ့ မွေးစကနေ အသက် ၆ နှစ်အတွင်းမှာ ဦးနှောက်ဖွံ့ဖြိုးမှုက ၉၀ ရာခိုင်နှုန်းအထိ ဖွံ့ဖြိုးကြပါတယ်။ ဒါကြောင့်ပဲ အခုနောက်ပိုင်းမှာ မေမေတွေက ဘေဘီလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးစေဖို့ ကိုယ်ဝန်ဆောင်အချိန်မှာကတည်းက ဖြည့်စွက်အာဟာရတွေ သောက်သုံးတာ၊ ကလေးတွေကိုလည်း ငယ်စဉ်ကတည်းက လုံလောက်တဲ့ အာဟာရ ရရှိအောင် ပြင်ဆင်ပေးတာ၊ ငယ်စဉ်ကတည်းက ဦးနှောက် ဖွံ့ဖြိုးစေမယ့် သင်ကြားမှုတွေကို လုပ်ဆောင်ပေးတာမျိုးတွေ လုပ်ဆောင်ပေးနေကြတာပါ။

ဒီလို ကလေးကိုဦးနှောက် ဖွံ့ဖြိုးပြီး ဉာဏ်ရည် ထက်မြက်စေဖို့ လုပ်ဆောင်ပေးတဲ့အခါမှာ သိထားဖို့ လိုမှာက ကလေးရဲ့ ဘယ်ဘက် ဦးနှောက်ခြမ်းက ဘာတွေ လုပ်ဆောင်ပေးပြီး ကလေးရဲ့ ညာဘက်ခြမ်း ဦးနှောက်က ဘာတွေကို တာဝန်ယူ လုပ်ဆောင်ပေးနေသလဲဆိုတာပါ။ ဒါက အတော်လေး အရေးကြီးတဲ့ အချက်တစ်ခုပေါ့။

Right brain ရဲ့ လုပ်ငန်းဆောင်တာတွေက ဘာတွေ ဖြစ်မလဲ

  • စိတ်ခံစားမှု
  • တီထွင်ဖန်တီးနိုင်စွမ်း
  • ကာလရှည် မှတ်ဉာဏ်
  • သတင်းအချက်အလက်တွေကို အကန့်အသတ် မရှိ သိမ်းထားနိုင်ခြင်း
  • သတင်းအချက်အလက်တွေကို မြန်ဆန်စွာ အဖြေဖော်နိုင်ခြင်း
  • အနားယူနေချိန်မှာ အကြံဉာဏ်တွေကို တွေးတောနိုင်ခြင်း
  • ကစားတာ၊ လှုပ်ရှားတာတွေကို လုပ်ဆောင်ပေးဖို့ တာဝန်ယူထားတဲ့ ဦးနှောက် အခြမ်းပါ။

Left Brain ရဲ့ လုပ်ငန်းဆောင်တာတွေက ဘာတွေ ဖြစ်မလဲ

  • ကျိုးကြောင်းဆီလျှော်မှု ရှိလား တွေးခေါ်နိုင်ခြင်း
  • ဘာသာစကား
  • ကာလတို မှတ်ဉာဏ်
  • အချက်အလက်တွေကို အတိုင်းအတာ တစ်ခုနဲ့ သိမ်းဆည်းထားနိုင်ခြင်း
  • ဖိစီးမှုအောက်မှာ အလုပ်လုပ်နိုင်ခြင်း
  • အာရုံစူးစိုက်နိုင်ခြင်း စတာတွေကို လုပ်ဆောင်ပေးဖို့ တာဝန်ယူထားတဲ့ ဦးနှောက် အခြမ်းပါ။

သားသားမီးမီးတို့ right brain development အတွက် လုပ်ဆောင်ပေးဖို့ အကောင်းဆုံး အချိန်က

သားသားမီးမီးတို့ right brain development အတွက် လုပ်ဆောင်ပေးဖို့ အကောင်းဆုံး အချိန်ကတော့ အသက် ၇ နှစ် မတိုင်ခင်မှာပါ။ အကြောင်းကတော့ ဒီကာလက ကလေးတစ်ယောက်ရဲ့ ဦးနှောက်ကို ကျန်းမာစွာနဲ့ အကောင်းဆုံးဖွံ့ဖြိုးလာစေနိုင်ဖို့ အရေးအပါဆုံး ကာလဖြစ်နေလို့ပါပဲ။

ကလေးရဲ့ right brain development အတွက် လုပ်ဆောင်ပေးမှုကို စောစော လုပ်ဆောင်ပေးနိုင်လေလေ ကောင်းလေလေပါ။ ကဲ ….. ဒီတော့ သားသားမီးမီးတို့ right brain development အတွက် ဘာတွေ လုပ်ဆောင်ပေးလို့ ရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

သားသားမီးမီးတို့ right brain development အတွက် ဘာလုပ်ပေးကြမလဲ

သားသားမီးမီးတို့ right brain development အတွက် ဘာလုပ်ပေးကြမလဲ

  • Visual memory gameတွေ ဆော့ပေးပါ

ဒီကစားနည်းက လွယ်ကူရိုးစင်းသလို ကလေးကိုလည်း ပျော်ရွှင်စေမှာပါ။ ဒီကစားနည်းမှာ ကလေးကို ပုံစံမတူ အရောင်မတူတဲ့ ပုံလေးတွေကို ကြည့်ခိုင်းပြီး အရောင်လေးတွေကိုလည်း မှတ်ထားခိုင်းပါ။ ကလေးက ပုံဆွဲနိုင်တဲ့ အရွယ်ရောက်ပြီဆိုရင် ပုံတူ ကူးဆွဲခိုင်းတာမျိုး လုပ်ပေးပါ။ ကလေးကို ပြန်ပြီး မေးပေးတာမျိုး လုပ်ပေးလို့လည်း ရပါတယ်နော်။

  • Flash card တွေ မြန်မြန်ကြည့်ရင်း ပြောခိုင်းပါ

သားသားမီးမီးတို့ရဲ့ right brain ကျန်းမာစေဖို့ Flash card တွေကို အသုံးပြုပေးလို့ ရပါတယ်။ ကလေးကို ဘာအကောင်လေး၊ ဘာအရောင်လေးဆိုတာကို မြန်မြန်လေး ပြောရင်း ပြရင်း လုပ်ဆောင်သွားပါ။ မြန်မြန်လေးပြောပေး ပြပေးတာက ကလေးရဲ့ right brain ကို လှုံ့ဆော်ပေးတာပါပဲ။ ကလေးကို ပြီးရင် ပြရင်း ပြန်မေးပါ။ ဒီလိုမေးတာက ကလေးကို right brain ဖွံ့ဖြိုးမှု ကောင်းအောင် လုပ်ဆောင်ပေးတာပါပဲ။

  • Tangram Puzzles ကစားခိုင်းပါ

ပဟေဠိ ဖြေခိုင်းတာကလည်း ကလေးရဲ့ right brain ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ကစားနည်းမှာ သစ်သားတုံးလေးတွေနဲ့ သစ်သားတုံးပုံလေးတွေအတိုင်း ဆွဲထားတဲ့ ပုံကားချပ်လေး တစ်ခုလည်း ပါမှာပါ။ ဒီကားချပ်ပေါ်မှာ ကလေးက အရွယ်အစား ကိုက်ညီမယ့် အတုံးလေးတွေကို ဆက်တတ်အောင် လုပ်ဆောင်ခိုင်းတာပါ။ ကလေးကို ပျော်ရွှင်စေမှာ ဖြစ်သလို သိမြင်မှု စွမ်းရည်၊ မျက်လုံးနဲ့ လက်လှုပ်ရှားမှု ဟန်ချက်ညီမှုကိုရော လက်လေးတွေကို ကောင်းကောင်း လှုပ်ရှားနိုင်စေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။

  • သီချင်းနားထောင်ခိုင်းပါ

ကလေးတိုင်းက သီချင်းကို စိတ်ဝင်စားကြပါတယ်။ သီချင်းက ကလေးတွေရဲ့ အမျိုးမျိုးသော ခံစားချက်တွေကို ဖော်ပြနိုင်စေဖို့ ထောက်ကူပေးတဲ့ မိတ်ဆွေတွေပေါ့။ သီချင်းနားထောင်တာက ကလေးကို စိတ်ရောကိုယ်ပါ အနားရစေပြီး အာရုံစူးစိုက်မှု ကောင်းစေဖို့ ထောက်ကူပေးသလို စိတ်ခံစားမှုပိုင်းမှာပါ ထိန်းချုပ်နိုင်စွမ်း ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • ပုံပြင်ပြောပြပါ

ပုံပြင်ပြောပြတာက စိတ်ပိုင်းဆိုင်ရာကိုရော ပညာသင်ယူမှုမှာပါ အများကြီး အကျိုးရစေနိုင်ပါတယ်။ ကလေးတွေက စူးစမ်းလိုစိတ် ပြင်းထန်ကြပြီး ပုံပြင်မှာ နောက်တစ်ခန်းက ဘာဖြစ်မလဲဆိုတာကို အရမ်း သိချင်စိတ် များကြပါတယ်။ ကလေးကို ပုံပြင်ပြောပြတာက ကလေးရဲ့ ပေါင်းသင်းဆက်ဆံရေးကို တိုးတက်စေသလို ဘာသာစကား စွမ်းရည်ကိုလည်း တိုးတက်စေပါတယ်။ ဝေါဟာရ ကြွယ်ဝစေပြီး အလေ့အကျင့်ကောင်းလေးတွေကို ရရှိစေပါတယ်။ ကလေးရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေဖို့အတွက်ကတော့ ပုံပြောပြရင်း မေးခွန်းလေးတွေ ပြန်မေးသွားဖို့လည်း မမေ့နဲ့နော်။

အခုဆိုရင် right brain trainingအတွက် ကျောင်းတွေလည်း ရှိနေပါပြီ။ ဒါပေမယ့် right brain training ယူလိုက်တိုင်း ကလေးက တော်သွားမှာလားဆိုတာက ဖြေရခက်တဲ့ မေးခွန်းတစ်ခုပါ။ တချို့ မိဘတွေက သူတို့ရဲ့ ကလေးက ကျောင်းစာမှာ သင်ယူရလွယ်ပြီး အာရုံစူးစိုက်မှု ပိုကောင်းတယ်လို့ ဆိုကြသလို တချို့ကလည်း ဒီလောက်ကြီး တိုးတက်လာတာမဟုတ်ဘူးလို့ ဆိုကြပါတယ်။ Right brain trainingတွေ လူတွေကြားမှာ ပျံ့နှံ့လာတာ မကြာသေးတဲ့အတွက် ဒါက တကယ်အလုပ်ဖြစ်မဖြစ်ဆိုတာကို ပြောဖို့ရာ ခက်နေဆဲပါပဲ။ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ဒီလို trainingပေးတာအပြင် အာဟာရ၊ အိပ်စက်မှုပုံစံ၊ မျိုးဗီဇစတာတွေကလည်း လွှမ်းမိုးနေပါသေးတယ်။

ဒါကြောင့် ဉာဏ်ကောင်းပြီး ထက်မြတ်တဲ့ ကလေးဖြစ်ဖို့ဆိုရင် မိဘတွေက အဘက်ဘက်က ဂရုစိုက်ပေးဖို့ လိုပါတယ်။

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 29/01/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။