backup og meta

ကလေးဆံသား ကို ဘာကြောင့်ထိန်းသိမ်းပေးသင့်တာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 13/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးဆံသား ကို ဘာကြောင့်ထိန်းသိမ်းပေးသင့်တာလဲ

    ကလေးတွေကို မွေးလာချိန်ကစလို့ အရွယ်ရောက်လာတဲ့အချိန်အထိ ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ပေးဖို့လိုတဲ့ အစိတ်အပိုင်းတွေထဲမှာ ဆံသားကလည်းတစ်ခုအပါအဝင်ပါ။ ကလေးဆံသား လေးတွေက နူးညံ့လွန်းတာကြောင့် စနစ်တကျထိန်းသိမ်းစောင့်ရှောက်ပေးဖို့ လိုပါတယ်။ ကလေးတွေဟာ မိခင်ဝမ်းထဲကနေ မွေးလာကတည်းက နူးညံ့တဲ့ဆံသားလေးတွေနဲ့အတူ မွေးဖွားလာတာဖြစ်ပြီး ဒီဆံသားလေးတွေကို စနစ်တကျထိန်းသိမ်းပေးမှ ကျန်းမာတဲ့ဆံသားလေးတွေကို ပိုင်ဆိုင်နိုင်တဲ့ ဘေဘီလေးတွေဖြစ်လာမှာပါ။

    မိဘတော်တော်များများက ကလေးလေးတွေရဲ့ဆံပင်ကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို ဂဃနဏမသိကြပါဘူး။ ဒီတစ်ခါကတော့ ဘေဘီလေးတွေရဲ့ ဆံသားကို ဘာကြောင့်စောင့်ရှောက်ပေးဖို့လိုတာလဲဆိုတာနဲ့ ဘယ်လိုစောင့်ရှောက်ပေးသင့်လဲဆိုတာလေးတွေကို ပြောပြပေးချင်ပါတယ်။

    ကလေးဆံပင်အကြောင်း တစေ့တစောင်း

    ကလေးငယ်လေးတွေရဲ့ ဆံသားက အသက်အရွယ်နဲ့ ဆံပင်အမျိုးအစားကို လိုက်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်ဆံသားသဘာဝချင်း မတူကြပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ဘယ်အရွယ်ပဲဖြစ်ဖြစ်၊ ဘယ်လိုဆံသားအမျိုးအစားမျိုးပဲဖြစ်ဖြစ် ပုံမှန်ခေါင်းလျှော်ပေးဖို့လိုသလို ဆံပင်ဆီလိမ်းတာ၊ ခေါင်းဖြီးပေးတာနဲ့ ဆံပင်ရှည်လာတဲ့အခါ ညှပ်ပေးဖို့လိုတာချင်းကတော့ တူတူပါပဲ။ ကလေးဆံသား ရော ဦးရေပြားကပါ နူးညံ့ထိခိုက်ထိခိုက်လွယ်တာကြောင့် သေသေချာဂရုစိုက်ဖို့တော့ လိုပါတယ်။

    ကလေးငယ်လေးတွေကို ငယ်စဉ်ကျောင်းနေအရွယ်ကစပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးက ဘယ်လောက်အထိအရေးကြီးလဲဆိုတာကို သင်ကြားပေးဖို့လိုပါတယ်။ ခေါင်းကို သန့်ရှင်းအောင်ထားတတ်တဲ့ အလေ့အကျင့်ကိုလည်း မွေးမြူပေးဖို့လိုပါတယ်။ ကလေးတွေက ကျောင်းစတက်တဲ့အရွယ်ရောက်လာပြီဆိုရင် ကလေးကို ပုံမှန်ခေါင်းလျှော်တာမျိုးလုပ်ပေးဖို့လိုပါမယ်။ အားကစားလုပ်ပြီးတဲ့အခါမျိုး၊ ရေကူးပြီးတဲ့အခါမျိုးမှာ ကလေးရဲ့ ဆံပင်ကို လျှော်ပေးနိုင်ရင်တော့အကောင်းဆုံးပါ။

    ကလေးဆံသား ကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ပေးမလဲ

    • ကလေးကို ခေါင်းလျှော်ပေးပါ။ ကလေးငယ်ရဲ့ဆံပင်ကို နေ့တိုင်းလျှော်ပေးဖို့တော့ မလိုပါဘူး။ အထူးသဖြင့်တော့ မွေးကင်းစ ကလေးငယ်တွေကို ခေါင်းနေ့တိုင်းလျှော်စရာ မလိုပါဘူး။ ခေါင်းလျှော်ပေးရင်လည်း ခပ်မြန်မြန်လျှော်ပေးဖို့ လိုပါလိမ့်မယ်။ ကလေးကို ခေါင်းလျှော်ပေးတဲ့အခါ မျက်လုံးမစပ်စေမယ့် ကလေးခေါင်းလျှော်ရည်မျိုးကို ရွေးချယ်ဝယ်ယူဖို့လည်း သတိရပါ။ ခေါင်းလျှော်ပေးတဲ့အခါ ကလေးဦးရေပြားကို ညင်ညင်သာသာနှိပ်ပေးတာကလည်း ကလေးဆံသားနဲ့ ဦးရေပြားကျန်းမာရေးအတွက် ကောင်းပါတယ်။
    • ကလေးဆံပင်ကို နူးညံ့တဲ့ ဝက်မှင်ဘီး ဒါမှမဟုတ် ဘီးခပ်ကျဲကျဲနဲ့ ဖြည်းဖြည်းချင်း ဖြီးပေးရပါမယ်။
    • ကလေးငယ်ရဲ့ ဆံပင်တွေကို တင်းတင်းကျပ်ကျပ် စည်းတာမျိုး၊ ခေါင်းမှာ သားရေကြိုးနဲ့ လုပ်ထားတဲ့ ခေါင်းပတ်လိုမျိုးအရာတွေ အကြာကြီးတပ်ပေးတာမျိုး မလုပ်ပါနဲ့။ ကလေးဆံပင်တွေ တင်းတင်းကျပ်ကျပ်စည်းနှောင်ခံရပြီး ကျွတ်ထွက်နိုင်တာကြောင့်ပါ။
    • ကလေးဦးရေပြားကို အာဟာရဖြည့်ပေးနိုင်မယ့် အုန်းဆီ၊ ထောလပတ်ဆီလိုမျိုး ဆံသားအားဖြည့်နိုင်တဲ့ ဆီတစ်မျိုးမျိုးလူးပေးပါ။
    • ဆံပင်ကို နေ့တိုင်း ရှင်းလင်းပေးပါ။
    • ဆံပင်ရှည်လာတိုင်း ညှပ်ပေးပါ။

    ကလေးဆံသား ကို ထိန်းသိမ်းပေးသင့်တဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ

    • ဗောက်ကင်းစေနိုင်ပါတယ်

    ကလေးရဲ့ ဆံပင်ကို တစ်ပတ်ကို (၂ )ကြိမ်လျှော်ပေးရင် လုံလောက်ပါပြီ။ ကလေးကို ခေါင်းလျှော်ပြီးတဲ့အခါတိုင်းမှာ ရေစင်အောင်သုတ်ပေးပြီး ဆံပင်ခြောက်သွားတဲ့အခါ ဦးရေပြားအထိရောက်အောင် သံလွင်ဆီ၊ အုန်းဆီလိုမျိုး ဦးရေပြားနဲ့ ဆံသားကို အာဟာရဖြည့်ပေးတဲ့ ဆီတစ်မျိုးမျိုးလူးပေးရပါမယ်။ ဒီလိုလုပ်ပေးတာက ကလေးဆံပင်ကို သန်စေနိုင်သလို ဗောက်လည်းကင်းစေမှာ ဖြစ်ပါတယ်။

    • မွေးကင်းစဆံပင်ကျွတ်တာကို သက်သာစေနိုင်ခြင်း

    ကလေးလေးတွေက ဆံပင်မကျွတ်ဘူးလို့ မထင်ပါနဲ့။ သူတို့လေးတွေလည်း ဆံပင်ကျွတ်တတ်ပါတယ်။ ဟော်မုန်းပြောင်းလဲတာကြောင့် ဆံပင်ကျွတ်တာပါ။ ကလေးရဲ့ဆံပင်ကို လိုအပ်တဲ့စောင့်ရှောက်မှု လုပ်ပေးခြင်းဖြင့် ကလေးဆံပင်ကို ကျန်းမာသန်စွမ်းစေမှာဖြစ်ပါတယ်။

    • ဆံပင်ရှုပ်ထွေးမှု ကင်းစေနိုင်ခြင်း

    ကလေးရဲ့ဆံပင်ကို နေ့စဉ်ဂရုစိုက်ရှင်းလင်းပေးဖို့ လိုအပ်ပါတယ်။ ကလေးတွေက အိပ်နေရတဲ့အချိန်များတာကြောင့် ဆံပင်ရှုပ်ထွေးတာမျိုး ဖြစ်တတ်ပါတယ်။ ဆံပင်ရှုပ်ထွေးတဲ့အခါ မလိုအပ်ဘဲ ဆံပင်ကျွတ်တာ၊ ဦးရေပြားနာကျင်တာမျိုး ခံစားရနိုင်ပါတယ်။ ကလေးဆံသားကို နေ့စဉ်ဖြီးပေးတာ၊ လိုအပ်တဲ့စောင့်ရှောက်မှုတွေလုပ်ပေးတာက ကလေးရဲ့ ဆံပင်တွေရှုပ်ထွေးတာကို သက်သာစေမှာပါ။

    • Cradle Cap (ကလေးဦးရေပြား အဆီထွက်များ၊ အရေခွံကွာသောပြဿနာ)ကို ကာကွယ်ပေးခြင်း

    ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတစ်ခုပါ။ ဦးရေပြားမှာ အဖတ်လေးတွေလန်ပြီး အနီရောင်အကွက်လေးတွေ ဖြစ်နေတာပါ။ အရမ်းကြီးတော့မစိုးရိမ်ရပါဘူး။ ကလေးကို ရေမချိုးခင်မှာ သံလွင်ဆီ ဒါမှမဟုတ် baby oil ကို ခြောက်နေတဲ့အရေပြားပေါ်မှာ လူးပေးပြီးနှိပ်ပေးရင် သက်သာနိုင်ပါတယ်။ ကလေးဆံပင်ကို အပျော့စားခေါင်းလျှော်ရည်သုံးပြီး လျှော်ပေးလို့လည်းရပါတယ်။

    ကလေးလေးတွေရဲ့ ခေါင်းပေါ်မှာ သန်းတွယ်လေ့ရှိပါတယ်။ ကလေး ၅ယောက်မှာ ၁ယောက်လောက်ကတော့ ခေါင်းမှာ သန်းတွယ်တတ်ကြပါတယ်။ ကလေးအချင်းချင်း နီးနီးကပ်ကပ်ထိုင်တာ၊ အတူတူကစားတာ၊ အတူတူအိပ်တာတွေကြောင့် သန်းကူးနိုင်ပါတယ်။ ဒါပေမယ့် ခေါင်းကို ပုံမှန်လျှော်ပေးမယ်၊ ဆီလိမ်းပေးမယ်၊ ခေါင်းဖြီးပေးတာတွေ ပုံမှန်လုပ်ပေးမယ်ဆိုရင် ကလေးကို သန်းကင်းစေနိုင်မှာပါ။

    အခေုလောက်ဆို ဖေဖေမေမေတို့လည်း ဘာကြောင့် ကလေးဆံသား ကို ထိန်းသိမ်းသင့်တာလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။ ဖေဖေမေမေတို့လည်း ကိုယ့်ရင်သွေးလေးတွေရဲ့ ဆံသားကို ဒီနေ့ကစပြီး မှန်ကန်တဲ့ထိန်းသိမ်းစောင့်ရှောက်နည်းတွေနဲ့ စောင့်ရှောက်ပေးပြီး ကျန်းမာသန်စွမ်းတဲ့ ဆံကေသောပိုင်ရှင်လေးတွေဖြစ်အောင် လုပ်ဆောင်ပေးနိုင်ကြပါစေ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 13/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement