ရောဂါ (သို့) Prednisone ကဲ့သို့သော ဆေးများ (သို့) သင့်ခန္ဓာကိုယ်ရှိ ဇီဝပိုးမွှားများကို ထိန်းညှိပေးသော သဘာ၀ မျှခြေ ကို ပျက်ယွင်းစေသော ပိုးသတ်ဆေးများကြောင့် ကိုယ်ခံအားနည်းသောအခါတွင် ခံတွင်းမှက္ခရုနှင့် အခြား Candida ပိုးဝင်ခြင်းများ ဖြစ်ပွားသည်။
ခံတွင်းမှက္ခရု ပိုဖြစ်ပွားစေသော ရောဂါနှင့် အခြေအနေများမှာ
- HIV/ AIIDS ။ ။ ကိုယ်ခံအားကျဆင်းမှု ကူးစက်ရောဂါ ဗိုင်းရပ်စ်ပိုး (HIV) သည် အေအိုင်ဒီအက်စ်ရောဂါကို ဖြစ်စေပြီး ကိုယ်ခံအားဆဲလ်များကို ထိခိုက်ပျက်စီးသည်။ ထိုအခြေအနေတွင် သင့်ခန္ဓါကိုယ်က ပုံမှန်တွန်းလှန်နိုင်သော ရောဂါပိုးများကို ပိုဖြစ်လာနိုင်ပါသည်။ ခံတွင်းမှက္ခရု ထပ်ခါထပ်ခါ ဖြစ်ပွားခြင်းနှင့် အခြား ရောဂါ လက္ခဏာများသည် HIV ပိုးဝင်ခြင်း ကဲ့သို့သော ကိုယ်ခံအားကျဆင်းမှု၏ ရှေးဦးလက္ခဏာများ ဖြစ်နိုင်သည်။
- ကင်ဆာ။ ။ အကယ်၍ သင့်မှာ ကင်ဆာရှိလျှင် ရောဂါသာမက ဓာတ်ရောင်ခြည်နှင့် ကင်ဆာဆေး ကုထုံးများကြောင့်ပါ သင့်ကိုယ်ခံအားစနစ်သည် အားနည်းလျက်ရှိသည်။ ရောဂါနှင့် ကုသမှုနှစ်ခုစလုံးသည် ခံတွင်းမှက္ခရု ကဲ့သို့သော Candida ရောဂါပိုးဝင်နိုင်ချေ အန္တရာယ် မြင့်မားစေသည်။
- ဆီးချိုသွေးချိုရောဂါ။ ။ အကယ်၍ သင်သည် ဆီးချိုရောဂါရှိပြီး ကုသမှု မခံယူလျှင် (သို့) ဆီးချိုကို ကောင်းကောင်းမထိန်းထားနိုင်လျှင် သင့်တံတွေးတွင် သကြားဓာတ် အမြောက်အမြားပါဝင်ပြီး Candida ပိုးပွားမှုကို အားပေးသည်။
- မိန်းမကိုယ် မှိုပိုးစွဲခြင်း ။ ။ မိန်းမကိုယ် မှိုပိုးသည် ခံတွင်း မှက္ခရုဖြစ်စေသော မှိုပိုးနှင့် အတူတူပဲဖြစ်သည်။ အန္တရာယ်မရှိသော်လည်း ကိုယ်ဝန်ဆောင်ချိန်တွင် မှိုပိုးများသည် မွေးဖွားစဉ် ကလေးဆီသို့ ကူးစက်နိုင်သည်။ ရလဒ်အနေဖြင့် သင့် မွေးကင်းစကလေးငယ်သည် ခံတွင်း မှက္ခရု ဖြစ်ပွားနိုင်သည်။
အခြား ဖြစ်ပွားစေသော အကြောင်းရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- ပဋိဇီ၀ ပိုးသတ်ဆေးများကို အချိန်အကြာကြီး (သို့) ဆေးပမာဏ များစွာ အသုံးပြုခြင်း
- ပန်းနာရင်ကြပ်အတွက် ကော်တီကို စတီးရွိုက် (Corticosteroid) ရှုဆေး အသုံးပြုခြင်း
- သွားတု စွပ်ခြင်း။ အထူးသဖြင့် ကောင်းကောင်းအံဝင်ခွင်ကျ မဖြစ်သော သွားတုများ စွပ်ခြင်း
- ခံတွင်း သန့်ရှင်းမှု မရှိခြင်း
- ရောဂါအခြေအနေ တစ်ခုခု (သို့) သောက်နေသော ဆေးဝါးကြောင့် ခံတွင်း ခြောက်ခြင်း
- ဆေးလိပ်သောက်ခြင်း
- ကင်ဆာကုသမှုအတွက် ဓာတ်ရောင်ခြည်ကုသမှုနှင့် ကင်ဆာဆေးကုထုံး ခံယူခြင်း
ဖြစ်ပွားစေနိုင်ခြေကို မြင့်စေသည့် အကြောင်းရင်းများ
ဘယ်အရာတွေက ခံတွင်း မှက္ခရု ရောဂါဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။
ခံတွင်း မှက္ခရု ဖြစ်ပွားနိုင်ချေ မြင့်မားစေသော အန္တရာယ်အချက်များမှာ
- တစ်နှစ်အောက်ကလေး (သို့) သက်ကြီးရွယ်အို ဖြစ်ခြင်း
- ကိုယ်ခံအားနည်းခြင်း
- သွားတုစွပ်ခြင်း
- ဆီးချို ကဲ့သို့သော အခြား ရောဂါများရှိခြင်း
- ပဋိဇီဝပိုးသတ်ဆေး (သို့) ကော်တီကို စတီးရွိုက်သောက်ဆေး၊ ရှုဆေး ကဲ့သို့သော ဆေးဝါးများ အသုံးပြုခြင်း
- ကင်ဆာကုသမှုအတွက် ဓါတ်ရောင်ခြည်ကုသမှု (သို့) ကင်ဆာဆေးကုထုံး ခံယူခြင်း
- ခံတွင်းခြောက်စေသော အခြေအနေများရှိခြင်း။
ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း
ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။
ခံတွင်း မှက္ခရု ဟုတ်၊ မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။
သင့်သွားဆရာဝန်က မှက္ခရု ရှိမရှိသိဖို့ သင့်ပါးစပ်ကို စစ်ဆေးပါလိမ့်မယ်။ ဆရာဝန်က သင့်ပါးစပ်၊ လျှာ၊ ပါး အတွင်းရှိ ထင်ရှားသော အဖြူဖတ်များကို ရှာဖွေပါလိမ့်မည်။ ထိုအဖတ်များကို အသာအယာပွတ်သတ်လိုက်သောအခါတွင် နီရဲနာကျင်ပြီး သွေးအနည်းငယ်ထွက်နိုင်ပါသည်။ မှက္ခရုမှ တစ်ရှုးစကို မိုက်ခရိုစကုပ်အောက်တွင် စစ်ဆေးကြည့်သောအခါ ရောဂါ အတည်ပြုနိုင်ပါသည်။
အစာရေမျိုပြွန်ထိ ကူးစက်သွားသော မှက္ခရုအတွက်မူ အခြားသော စစ်ဆေးမှုများ ထပ်မံလိုအပ်ပါသည်။
ထိုစစ်ဆေးမှုများမှာ
- သင့်လည်ချောင်းနောက်ဖက်တွင် ပိုးသတ်ထားသော ဝါဂွမ်းစနှင့် သုတ်လိုက်ပြီး မိုက်ခရိုစကုပ်အောက်တွင် အကောင်ကို ရှာဖွေသော ပိုးမွေးနည်း။
- အစာမျိုပြွန်၊ အစာအိမ်နှင့် အူသိမ် များကို မှန်ပြောင်းကြည့်ခြင်း။ ထိုအစိတ်အပိုင်းများ၏ နံရံများကို ကင်မရာပါသော မှန်ပြောင်းလေးနှင့် စစ်ဆေးကြည့်ရှုခြင်း။
- အစာမျိုပြွန်ကို X-rays ဓာတ်မှန်ရိုက်ခြင်း။
ခံတွင်း မှက္ခရုကို ဘယ်လိုကုသလဲ။
ခံတွင်း မှက္ခရုကို မှိုပိုးသတ်ဆေးဖြင့် ကုသအောင်မြင်ပါသည်။ ထိုဆေးသည် အများအားဖြင့် ဂျယ်လ် (သို့) အရည်အနေဖြင့် လာပြီး ခံတွင်းအတွင်းပိုင်းထိ လိမ်းနိုင်ပါသည်။ သောက်ဆေး ဆေးပြား နှင့် ဆေးလုံးများအသွင်နဲ့လည်း တစ်ခါတရံ လာတတ်ပါသည်။ လိမ်းဆေးများသည် တစ်ရက်ကို အကြိမ်ပေါင်းများစွာ လိမ်းဖို့ လိုအပ်ပြီး ၇ ရက်မှ ၁၄ ရက်ပတ်ဝန်းကျင်ထိ လိမ်းရပါမည်။ သောက်ဆေးများသည် တစ်ရက်ကို တစ်ကြိမ်သာ သောက်ရမည်။ ထိုဆေးများသည် များသောအားဖြင့် ဘေးထွက်ဆိုးကျိုး မရှိတတ်ပါ။ သို့သော် အချို့သည် ပျို့အန်ခြင်း၊ လေကယ်ခြင်း၊ ဗိုက်အောင့်ခြင်း နှင့် ဝမ်းပျက်ဝမ်းလျှောခြင်းတို့ကို ဖြစ်စေတတ်သည်။ သင့် သွားဆရာဝန်က သင့်အသက်အရွယ်နှင့် ရောဂါဖြစ်ရခြင်း အကြောင်းရင်းပေါ်မူတည်ပြီး သင့်အတွက် သီးသန့်ကုသမှုကို ပေးပါလိမ့်မည်။
အကယ်၍ ပိုးသတ်ဆေး (သို့) ကော်တီကို စတီးရွိုက်များသည် သင့် ခံတွင်း မှက္ခရုကို ဖြစ်စေသော အကြောင်းရင်းများဆိုလျှင် ဆေးပြောင်းခြင်း (သို့) ဆေးပေးသည့် ပုံစံပြောင်းခြင်း (သို့) ဆေးလျှော့ခြင်းတို့ ပြုလုပ်ဖို့ လိုအပ်သည်။
Candida ပိုးဝင်ခြင်းသည် အခြား ရောဂါအခြေအနေတစ်ရပ်၏ လက္ခဏာလည်းဖြစ်နိုင်သောကြောင့် သင့်သွားဆရာဝန်က အထွေထွေရောဂါကု ဆရာဝန်၏ အကူအညီကို ယူဖို့ အကြံပြုနိုင်သည်။ သို့မှသာ အခံရောဂါဇာတ်မြစ်ကို ရှာဖွေကုသနိုင်မည်ဖြစ်သည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ခံတွင်းမှက္ခရု ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
- ခံတွင်းကျန်းမာရေးကို ဂရုစိုက်ခြင်း။ ။ သင့်သွားများကို တစ်ရက် နှစ်ကြိမ်တိုက်ပါ။ တစ်ရက်ကို တစ်ကြိမ် သွားပွတ်ကြိုးသုံးပြီး သွားသန့်ရှင်းရေးပြုလုပ်ပါ။
- ခံတွင်းသန့်ဆေးများနှင့် ဖြန်းဆေးများကို အလွန်အကျွံမသုံးပါနဲ့။ သင့်သွားနှင့် သွားဖုံးများ ကျန်းမာစေရန် ပိုးသတ်ဆေး အာနိသင်ပါသော ခံတွင်းသန့်ဆေးများကို တစ်ရက် တစ်ကြိမ် (သို့) နှစ်ကြိမ် အသုံးပြုပါ။ ထိုထက်ပိုပြီး အသုံးပြုခြင်းသည် သင့်ခံတွင်းထဲရှိ ဇီဝပိုးကောင်လေးများ၏ ပုံမှန်မျှခြေကို ထိခိုက်နှောင့်ယှက်နိုင်သည်။
- သင့်သွားဆရာဝန်နဲ့ ပုံမှန်ပြသပါ။ အထူးသဖြင့် သင့်မှာ ဆီးချိုရောဂါ ရှိလျှင် (သို့) သွားတု စွပ်ရလျှင်။
- သကြားနှင့် တဆေးပါသော အစားအသောက်များ လျှော့စားပါ။ ပေါင်မုန့်၊ ဘီယာ၊ ဝိုင် ကဲ့သို့သော အစားအသောက်များသည် Candida ပိုးပွားမှုကို အားပေးသည်။
- အကယ်၍ သင်ဆေးလိပ်သောက်တတ်လျှင် ဖြတ်ပါ။ ဆေးလိပ်ဖြတ်ဖို့ ကူညီနိုင်မည့် နည်လမ်းများကို သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။