အပျိုဖော်/လူပျိုဖော်ဝင်လာပြီဆိုရင် ယောက်ျားလေး တွေရော မိန်းကလေးတွေမှာပါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်လာတဲ့အခါ ကိုယ့်ခန္ဓါကိုယ်မှာဖွံ့ဖြိုးလာတာတွေက ပုံမှန်ဟုတ်ရဲ့လားဆိုတာကို အများစုက သိပ်မသိကြပါဘူး။
အောက်ပါဆောင်းပါးက မိန်းကလေးနဲ့ယောက်ျားလေးခန္ဓါကိုယ်မှာ ပျိုဖော်ဝင်ချိန်ဖြစ်လာမယ့် အပြောင်းအလဲတွေကို ဆွေးနွေးဖော်ပြမှာဖြစ်ပါတယ်။
ပျိုဖော်ဝင်ခြင်းအစ
အသက် ၈ နှစ်နဲ့ ၁၃နှစ်ကြားအရွယ်မှာ ပျိုဖော်ဝင်ခြင်းစတင်ပါတယ်။ ပျိုဖော်ဝင်ပြောင်းလဲ လာတဲ့ကာလက နှစ်အနည်းငယ်ကြာနိုင်တဲ့အပြင် ကိုယ်အလေးချိန်များတဲ့ မိန်းကလေးတွေမှာ ပျိုဖော်ဝင်စောနိုင်ပြီး အရမ်းပိန်တဲ့ ဒါမှမဟုတ် အားကစားလုပ်တဲ့မိန်းကလေးတွေမှာ နောက်ကျတတ် ပါတယ်။
သင်က အသက် ၁၂နှစ်ပြည့်ပြီးသူဖြစ်ပြီး ရင်သားဖွံ့ဖြိုးမှုလက္ခဏာရှိမလာရင်၊ ဒါမှမဟုတ် သင့်အသက် ၁၅နှစ်ပြည့်ပြီး ရာသီသွေးမပေါ်ဖူးသေးရင် ဆေးရုံသွားပြီး ရောဂါရှာဖွေ၊ဆေးစစ်ကာ အကြံဉာဏ် ရယူဖို့လိုပါတယ်။
မိန်းကလေးတွေမှာဖြစ်လာတဲ့အပြောင်းအလဲများ
- ခန္ဓါကိုယ်ဖွံ့ထွားလာပြီး တင်ပါးဆုံရိုးတွေ ပြန့်ကားလာပါလိမ့်မယ်။
- မိန်းကလေးတွေက ကိုယ်အလေးချိန်တက်လာမှာဖြစ် ပြီး အထူးသဖြင့် တင်ပါးတဝိုက်မှာ ဖွံ့ဖြိုးလာပါမယ်။ ဒီအချက်မှာ ကိုယ်အလေးချိန်တိုးလာတာ မကောင်းဘူး လို့ မယူဆသင့်ပါဘူး။ တကယ်တော့ လုံးဝ ကိုယ်အလေးချိန်တက်မလာဘူးဆိုမှ မကျန်းမာဘူးလို့ ယူဆရတာဖြစ်ပါတယ်။ သင့်အနေနဲ့ ခန္ဓါကိုယ်ကျန်းမာစွာ ကြီးထွားဖွံ့ဖြိုးနိုင်ဖို့ အာဟာရပြည့်ဝတဲ့အစားအသောက်တွေကိုစားပြီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးဖို့ပဲ လိုပါတယ်။
- ရင်သားတွေကြီးလာပါလိမ့်မယ်။ အစပိုင်းမှာတော့ နို့သီးခေါင်းဧရိယာအောက်နားမှာအနည်းငယ်ဖောင်းလာပြီး နောက်မှ ရင်သားတစ်ခုလုံး ကြီးထွားလာမှာဖြစ်ပါ တယ်။
- ရာသီသွေးစလာပါမယ်။
- ကြွက်သားတွေဖွံ့ဖြိုးလာပါမယ်။ ဒါပေမယ့် ယောကျာ်းလေးတွေမှာလောက်တော့ မသိသာပါဘူး။
- မိန်းမကိုယ် ကနေ အဖြူရောင်ကျိချွဲချွဲတွေဆင်းလာတာ သတိထားမိလာနိုင်ပါတယ်။ ရာသီမလာခင် ဒါမှမဟုတ် ရာသီလာနေစဉ်အတွင်း ဒီလိုဖြစ်လာနိုင်ပေမယ့် မိန်းမကိုယ်က အလိုအလျောက်သန့်စင်ပေး တဲ့နည်းဖြစ်တာကြောင့် စိုးရိမ်စရာမရှိပါဘူး။
- သင့်ခန္ဓါကိုယ်က မတူကွဲပြားတဲ့ ဟော်မုန်းအမျိုးအစားများစွာထုတ် ပေးမှာဖြစ်တာကြောင့် သင့်စိတ်ကို မကြာခဏ အပြောင်းအလဲမြန်စေပါလိမ့်မယ်(စိတ်အတက်အကျ မြန်ပါတယ်)။
ယောကျာ်းလေးတွေမှာ ဖြစ်လာနိုင်တဲ့ အပြောင်းအလဲများ
- ကိုယ်အလေးချိန်နည်းနည်းတက်လာမယ်
- ပခုံးတွေကျယ်လာမယ်
- ကြွက်သားတွေဖွံ့ဖြိုးလာ၊ ပိုကြီးထွားလာ၊ သန်မာလာ မယ်။
- လည်စေ့က ပိုထင်ရှားလာတာကိုလည်းသတိထားမိ ပါလိမ့်မယ်။ အသံအိုးကလည်း ပိုကြီးလာပြီး အသံက ပြောင်းလဲလာနိုင်ပါတယ်။ အသံအိုးဖွံ့ဖြိုးလာချိန်အတွင်း အသံခပ်သြသြဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ခန္ဓါဖွံ့ဖြိုးမှုကာလ ကျော်လွန်သွားတာနဲ့ သင့်အသံကပုံမှန်ဖြစ်သွားမှာ ဖြစ်တဲ့အပြင် အနည်းငယ်တောင် သြသွားနိုင်ပါတယ်။
- လိင်တံတောင့်တင်းခြင်းစတင်ဖြစ်ပေါ်လာနိုင်ပါတယ်။ အနည်းငယ်ရှက်ရွံ့ဖွယ်ကောင်းနိုင်ပေမယ့် သဘာဝတရားပါပဲ။
- လိင်အင်္ဂါက ပိုရှည်လာ၊ကြီးလာမယ်
- ဝှေးစေ့တွေက ပိုကြီးလာမယ်
- ရင်သားတွေလည်း အနည်းငယ်ပိုကြီးလာသလို ထင်ရမယ်။ ဒါကလည်းသဘာဝကြောင့်ပါပဲ။ ဒါပေမယ့် ရပ်တန့်သွားပါလိမ့်မယ်။ တကယ်လို့ သင့်ရင်သားက မိန်းကလေးတွေလောက်နီးနီးဖွံ့ဖြိုးလာတာဆိုရင်တော့ ရောဂါရှာဖွေဆေးစစ်မှုခံယူပြီး ကျွမ်းကျင်ဆရာဝန်ထံမှ အကြံဉာဏ်တောင်းပါ။
ပျိုဖော်ဝင်ချိန်ဟာ တကယ်တော့ ကြုံရမယ့် စိန်ခေါ်မှု တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သဘာဝအတိုင်း ဖြစ်လာတဲ့ကိစ္စဖြစ်လို့ ရှက်နေစရာလည်း မလိုပါဘူး။
Translated by Yun Sandi
[embed-health-tool-bmi]