ကိုယ့်သားသမီးကို ဆေးကျောင်းထားတော့မယ်ဆိုရင်
၁၆ နှစ်အရွယ်ကလေးတွေ တက္ကသိုလ်ရွေးချယ်ဖို့ အဆုံးအဖြတ်ပေးတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးရဲ့ အောင်စာရင်းထွက်ဖို့က တဖြည်းဖြည်း နီးကပ်လာပါပြီ။ မိဘတယောက်အနေနဲ့ ကိုယ့်သားသမီးကို ကောင်းပေ့၊ညွန့်ပေ့ဆိုတဲ့ အရာတွေအားလုံးကိုပဲ ပိုင်ဆိုင်ချင်၊ဖြစ်စေချင်တာ မိဘတိုင်းရဲ့ အဖြူရောင်အတ္တပါ။ ဒီနေရာမှာ ဆေးတက္ကသိုလ်ဟာ အကောင်းဆုံးလို့ ဆိုလိုချင်တာမဟုတ်ဘဲ စာတော်တဲ့ ကလေးအများစုရဲ့ မိဘတွေ ကြံစည်လေ့ရှိတဲ့ ကိုယ့်သားသမီးကို ဆေးကျောင်းထားပြီး ဆရာဝန်ဖြစ်စေမဟဲ့ဆိုတဲ့ အတွေးအမြင်ကို ဆွေးနွေးသွားဖို့ပဲ ရည်ရွယ်ပါတယ်။ အောင်စာရင်းထွက်လို့ ကိုယ့်သားသမီးကလည်း ဆေးကျောင်းအမှတ်မှီတယ်၊မိမိကိုယ်တိုင်ကလည်း ဆေးကျောင်းတက်စေချင်တယ်ဆိုတဲ့ မိဘများ ဒီဆောင်းပါးလေးကို အရင်ဖတ်ရှုပြီး ကလေးများနဲ့ ဆွေးနွေးဖို့ တိုက်တွန်းလိုပါတယ်။
၁။ မိဘတယောက်အနေနဲ့ ကိုယ့်သားသမီးကို ဘာလို့ ဆေးကျောင်းထားချင်တာလဲ။
ဆရာဝန်ဖြစ်စေချင်လို့ ဆိုပြီးတော့ အလွယ်မဖြေပါနဲ့။ ဆရာဝန်ကြီးတွေကို မြင်ပြီး အားကျကာ သားသမီးကို အဲ့သလို ဖြစ်စေချင်တာလား၊ငွေကြေးချမ်းသာစေချင်တာလား၊ဂုဏ်ရှိစေချင်တာလား၊လူ့အသက်တွေကို ကယ်တင်တဲ့ လူကောင်းလူမွန်ဖြစ်စေချင်တာလား၊ကိုယ့်တုန်းက ဆရာဝန်မဖြစ်ခဲ့ရလို့ သားသမီးကို ဖြစ်စေချင်တာလား၊သူငယ်ချင်းတွေရဲ့ သားသမီးတွေ၊အိမ်နီးနားချင်းတွေရဲ့ သားသမီးတွေက ဆရာဝန်မို့လို့ အားကျပြီး ဖြစ်စေချင်တာလား …… ဒီ ‘လား’ပေါင်းများစွာကို ရိုးရိုးသားသားနဲ့ စိတ်ထဲမှာ ဖြေကြည့်ပါ။ ဒါဆိုရင် သင့်အတ္တအတွက်လား၊သားသမီးကောင်းဖို့အတွက်လားဆိုတာ ပမာဏ ပေါ်ပေါက်လာပါလိမ့်မယ်။ ထပ်ပြောပါမယ် …. ရိုးသားပါ။
၂။ သင့်ကလေးအတွက် အဆင်ပြေနိုင်မလား။
အဆင်ပြေတယ်ဆိုတဲ့ စကားဟာ အဓိပ္ပါယ်အများကြီး ရှိပါတယ်။ သင့်ကလေးဟာ သွေးကြောက်တတ်သူလား၊ဖိအားဒါဏ်တွေကို မခံနိုင်ဘဲ ရှပ်ပြာရှပ်ပြာ လုပ်တတ်သူလား၊အကောင်ပလောင်လေးတွေကို ခွဲရစိတ်ရတာ စိတ်ဝင်စားတတ်သူလား၊စာကျက်ရတာ ပျော်လား၊ပျင်းလား၊ဆရာဝန်တဦးအပေါ် သူဘယ်လိုမြင်သလဲ၊ဘယ်လို ခံယူချက်ထားသလဲ စတဲ့အချက်တွေကို ဆွေးနွေးဆန်းစစ်ပါ။ ခုနက ပြောတဲ့ အချက်တွေမှာ အရေးအကြီးဆုံးအချက်ကို ကျွန်တော်တမင်ချန်ထားပစ်ခဲ့ပါတယ်။ အဲ့ဒါကဘာလဲဆိုတော့ ဝါသနာပါရဲ့လားဆိုတဲ့ မေးခွန်းပါပဲ။ ဝမ်းနည်းဖို့ကောင်းတာက ကျွန်တော်တို့နိုင်ငံမှာ ဒီမေးခွန်းဟာ ချောင်ထိုးခံထားရပါတယ်။ ဝါသနာပါသူအဖို့ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်း ပင်ပန်းပါစေ ကြံ့ကြံ့ခံနိုင်ပေမယ့်၊စကတည်းက ဝါသနာမပါ၊ခံယူချက် မခိုင်မာသူအဖို့ မြူမှုန်လောက် အခက်အခဲကပဲ သူ့ကို ကျရှုံးစေပါလိမ့်မယ်။ ဒါကြောင့် ဆေးပညာရပ်ကို တစ်သက်တာဆည်းပူးဖို့ သင့်ကလေး ဝါသနာ ပါမပါ ဆန်းစစ်ပါ။
၃။ သင့်အတွက်ရော အဆင်ပြေနိုင်မလား။
သားသမီးကို ဆေးကျောင်းထားရတာ မိဘတွေအတွက်လည်း စိန်ခေါ်မှုများပါတယ်။ တနယ်တကျေးမှာ သွားတက်ရမယ်ဆိုရင် ပိုဆိုးပါလိမ့်မယ်။ ကျောင်းလခဆိုပြီး သိန်းရာနဲ့ချီ တလုံးတည်း ကုန်တာမျိုး မဟုတ်သည့်တိုင် နေရေးထိုင်ရေး (ကိုယ်နေထိုင်ရာ မြို့မှာပဲ ကျောင်းတက်ရတယ်ဆိုရင်တော့ ဒီစားရိတ်မကုန်ဘူးပေါ့)၊သွားရေးလာရေး၊စားရေးသောက်ရေး၊ကျူရှင်လခ၊စာအုပ်ဖိုး စသဖြင့် ငါးနှစ်ခြောက်နှစ် ရေရှည်အကုန်အကျ ခံရပါမယ်။ ရပါတယ်ခင်ဗျာ၊ရပါတယ်ရှင် ကျွန်တော်တို့မိဘတွေကတော့ ကိုယ့်သားသမီး ဆရာဝန်ကြီး၊ဆရာဝန်မကြီး ဖြစ်ရင်ကျေနပ်ပါပြီ။ ကျောင်းပြီးရင်တော့ မိဘကို ပြန်ကြည့်နိုင်မှာပါ ဆိုတဲ့ အတွေးမျိုး တွေးမယ်ဆိုရင်လည်း နောက်တခါ ထပ်စဉ်းစားပါ။ ဆရာဝန်တယောက်အတွက် တည်ငြိမ်တဲ့ ဝင်ငွေ (ဆေးကုသခြင်းသက်သက်ကနေ) ရဖို့၊မိဘကို ပြန်ထောက်ပံ့နိုင်ဖို့ဆိုတာ အသက်သုံးဆယ်မတိုင်ခင်လောက်မှာ အတော်လေး ခက်ခဲပါတယ်။ အကြောင်းသင့်ရင် အသက်လေးဆယ်လောက်ထိတောင် မိဘက တင်ကျွေးထားရနိုင်ပါတယ်။ ပြီးရင် ဘွဲ့လွန်ဆက်တက်မယ်၊အစိုးရအလုပ်ဝင်မယ်၊နယ်ပြောင်းရမယ် စသဖြင့် အချိုးအကွေ့တွေကလည်း မြင်ရတွေ့ရပါလိမ့်ဦးမယ်။ ဆိုလိုချင်တာကတော့ အပျက်ဖက်က ပြောတာမဟုတ်ပေမယ့် ငွေကြေးမျှော်ကိုးရုံသက်သက်နဲ့တော့ သားသမီးကို ဆရာဝန် မလုပ်ခိုင်းဖို့ပါပဲ။ နောင်တလှလှကြီး ရသွားပါလိမ့်မယ်။ ဆရာဝန်အလုပ်ဆိုတာ ကာယကံရှင် ဝါသနာပါမှ ဖြစ်နိုင်သလို ဘေးက မိသားစုဝင်တွေကလည်း အင်မတန် ပါရမီဖြည့်ရတယ်ဆိုတာ ပြောမယုံ ကြုံမှ သိပါလိမ့်မယ်။
၄။ ကိုယ့်သားသမီး ဆရာဝန်ဖြစ်လို့ ဘာတွေကောင်းကျိုးရှိမလဲ။
မိဘတယောက်အနေနဲ့ ပီတိဖြစ်ရ၊ဂုဏ်ယူရပါမယ်။ လူ့အသက်တွေကို ကယ်တင်နေတဲ့ မွန်မြတ်လှတဲ့ အသက်မွေးဝမ်းကြောင်းကို လုပ်ကိုင်နေသူတယောက်ကို မွေးထုတ်ပေးလိုက်နိုင်တဲ့အတွက် လောကီ၊လောကုတ် နှစ်ဖြာ အကျိုး များပါမယ်။ ကိုယ်ကိုယ်တိုင် နေထိုင်မကောင်းဖြစ်တာပဲဖြစ်ဖြစ်၊မိသားစုတွင်း ညရေးညတာ ကျန်းမာရေးပြဿနာတခုခုနဲ့ ရင်ဆိုင်ရတာပဲဖြစ်ဖြစ် အားကိုးရပါမယ်။ ဆေးအကြောင်းဝါးအကြောင်း၊ဓါတ်ခွဲစမ်းသပ်မှုတွေအကြောင်း ဂဃနဏ သိရပါမယ်။ ဆေးရုံဆေးခန်းတက်ရင် သားသမီးရဲ့ မိတ်ဆွေအပေါင်းအသင်းတွေ၊ဆရာတွေ၊တပည့်တွေ နေရာတိုင်းမှာ ရှိနေမှာမို့ အားကိုးရပါမယ်။ အကူအညီရပါမယ်။ ကျန်းမာရေး အသိပညာတွေ တိုးပွားပါမယ်။ သားသမီးနောင်ရေးအတွက် စိတ်အေးရပါမယ် စတဲ့ အကျိုးကျေးဇူးတွေကို ခံစားရပါလိမ့်မယ်။
၅။ ဒါဖြင့် မကောင်းတဲ့အချက်တွေကရော။
ဂျူတီတွေ နေ့ရောညပါ ဆင်းရတဲ့ လုပ်ငန်းသဘောသဘာဝ ဖြစ်တာမို့ အသက်ကြီးတဲ့အထိ သားသမီး ဝေယျာဝစ္စတွေကို လုပ်ပေးရပါမယ်။ ကံကောင်းရင် မြေးပါ နှစ်ဆယ့်လေးနာရီ ထိန်းရပါလိမ့်ဦးမယ်။ ကိုယ်နေထိုင်မကောင်းဖြစ်လို့ သားသမီးမျက်နှာလေးတွေ့ချင်၊ဆရာဝန် သားသမီးလေးကို ဘေးနားရှိနေစေချင်တဲ့အချိန်မျိုးမှာ သားက၊သမီးက ဆေးရုံမှာ ဂျူတီဆင်းနေရတာမျိုး၊နယ်မှာ တာဝန်ထမ်းနေရတာမျိုး ဖြစ်နေပါလိမ့်မယ်။ အသက်သုံးဆယ့်ငါးနှစ်လောက် ရှိနေပြီဖြစ်တဲ့ သားလေး၊သမီးလေးအတွက် ‘စာကျက်’ရင်း မအိပ်ချင်အောင် လက်ဖက်သုပ်ပေးရပါဦးမယ်၊ကော်ဖီဖျော်ပေးရပါဦးမယ် စသဖြင့်ပေါ့လေ။ တခြား စီးပွားရေးဆိုင်ရာ ကိစ္စတွေလည်း ရှိနေသေးပြီး ချမ်းသာပြေလည်တဲ့ မိသားစုမျိုးဆိုရင် အကြောင်းမဟုတ်ပေမယ့် သာမန်လူတန်းစား မိသားစုအတွက်တော့ အနည်းနဲ့ အများ ဝန်ပိပါလိမ့်မယ်။
၆။ တခြားရော ဘာတွေ ရှိသေးလဲ။
ပစ္စည်းတခု ကောင်းမကောင်း၊ခရီးသွားစရာ နေရာတခု အဆင်ပြေမပြေကို တကယ်အပ်ကျမတ်ကျ သိသူဆိုတာ လက်တွေ့သုံးစွဲဆောင်ရွက်နေသူတွေပါပဲ။ ဒါကြောင့် ဒီခေတ်မှာ review ရေးတာ ခေတ်စားလာခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆုံး ပေးလိုတဲ့အကြံကတော့ ကိုယ့်ပတ်ဝန်းကျင်က နီးစပ်တဲ့ ဆရာဝန်ကြီးကြီး၊ဆရာဝန်သေးသေး၊ဆရာဝန်ပေါက်စ၊ဆေးကျောင်းသား၊ဆရာဝန့်မိဘ စသူတွေဆီမှာ မေးမြန်းပါ၊နှီးနှောပါ။ လူတန်းစားအသီးသီး၊အလွှာအသီးသီးက ဆရာဝန်မိသားစုတွေဆီ ချဉ်းကပ်ပြီး (အသိမိတ်ဆွေတွေထဲကပေါ့လေ) အကြံဉာဏ်တောင်းပါ။ ဒါဆိုရင် သင့်အတွက် ထည့်သွင်းစဉ်းစားစရာ အချက်အလက်လေးတွေ ရှိလာမှာပဲ ဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့အချက်တွေကတော့ သားသမီးတွေကို ဆေးကျောင်းထားတော့မယ်ဆိုရင် ကြိုတင်စဉ်းစားထားရမယ့် အချက်တွေပဲ ဖြစ်ပါတယ်။ လုပ်ပြီးမှ အဆင်မပြေတော့လို့ ပြန်ပြင်မယ်ဆိုရင် တချို့အရာတွေက လွယ်လွယ်ကူကူ ပြင်နိုင်ပေမယ့် အချို့အရာတွေကတော့ ပြန်ပေးဆပ်ရမယ့် တန်ဖိုးကြီးပါတယ်။ ငွေဆိုရင်တောင် ပြန်ရှာလို့ ရနိုင်သေးပေမယ့် အချိန်နဲ့ ကြိုးစားအားထုတ်မှုတွေကိုတော့ ဘယ်နည်းနဲ့မှ အစားပြန်မရနိုင်တော့ပါဘူး။ ဒါကြောင့် ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊စိတ်နေစိတ်ထား၊အထုံဝါသနာ၊မိသားစုအခြေအနေ စသဖြင့် ဘက်ပေါင်းစုံထောင့်ပေါင်းစုံကနေ ကျေလည်အောင် ညှိနှိုင်းတိုင်ပင်ပြီးမှသာ ဆုံးဖြတ်ချက် ချသင့်ပါကြောင်း မျှဝေပေးလိုက်ရပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
[embed-health-tool-bmi]