backup og meta

ဘေဘီလေးတွေကိုချစ်ရင် ဒါလေးတော့သတိထားပေးပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေကိုချစ်ရင် ဒါလေးတော့သတိထားပေးပါ

    ကလေးလေးတွေကို မွေးကာစမှာနုနယ်လွန်းတာကြောင့် အထိအခိုက်နည်းနိုင်သမျှနည်းအောင် စောင့်ရှောက်ပေးချင်တဲ့ ဆန္ဒက ဖေဖေမေမေတိုင်းဆီမှာရှိတာပါ။ မိဘမေတ္တာပေါ့။ ဒါပေမယ့် တစ်ခါတလေ ကိုယ်ကကောင်းစေချင်လို့ လုပ်ပေးပေမယ့် ဘေဘီလေးတွေအတွက် ကောင်းကျိုးမရဘဲ ထိခိုက်သွားတာမျိုးရှိနေတတ်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေကို မိဘတော်တော်များများ ချစ်တာကြောင့် လုပ်ပေးမိနေတဲ့ စေတနာအမှားလေးတစ်ခုအကြောင်း ပြောပြချင်ပါတယ်။

    ဘာများလဲလို့များတွေးနေပြီလား။ လုပ်လေ့လုပ်ထရှိတဲ့ အပြုအမူတစ်ခုပါ။ ဒါကတော့ ဘေဘီလေးတွေကို အေးမှာ၊ လက်သည်းလေးတွေနဲ့ နုနယ်လှတဲ့ အရေပြားလေးတွေကို ကုတ်ခြစ်မိတာမျိုးဖြစ်မှာစိုးတဲ့စေတနာနဲ့ မေမေဖေဖေတို့ လုပ်ပေးမိနေတတ်တဲ့ လက်အိတ်စွပ်ပေးတဲ့ကိစ္စပါ။ မွေးစကလေးတွေအတွက်လက်ဆောင်ပေးတဲ့အခါမှာလည်း လက်အိတ်၊ ခေါင်းစွပ်၊ ခြေအိတ်နဲ့ အင်္ကျီပိစိကွေးလေးတွေက အများဆုံးနော်။ အချို့ မိဘတွေဆို ကိုယ်တိုင်တောင် ဝယ်ထားတတ်ကြပါသေးတယ်နော်။ ဘေဘီလေးတွေကိုချစ်ရင် ဒါလေးတော့သတိထားပေးပါ ။

    ဘေဘီလေးရဲ့ လက်တွေကို လွတ်လွတ်လပ်လပ်နေခွင့်ပေးလိုက်ပါ

    ကလေးကမွေးစကတည်းက လက်သည်းလေးတွေပါလာတတ်ကြပါတယ်။ အိပ်နေရင်းဖြစ်ဖြစ် နို့စို့ရင်းဖြစ်ဖြစ်မတော်တဆ လက်သည်းလေးတွေနဲ့ မျက်နှာနဲ့ အရေပြားတွေကို ကုတ်ခြစ်မိနိုင်ပါတယ်။ ဒီပြဿနာကို ကာကွယ်တဲ့အနေနဲ့ အများဆုံးလုပ်မိတတ်ကြတာက ကလေးကို လက်အိတ်စွပ်ပေးလိုက်တာပါ။ ဒါဆိုမေးစရာရှိတာက တကယ်ရောအလုပ်ဖြစ်လို့လားဆိုတာပါ။

    တကယ်တော့ ကလေးရဲ့ လက်သည်းက မွေးစမှာ အရမ်းမမာသေးတာကြောင့် မတော်တဆကုတ်ခြစ်မိရင်တောင် ထိခိုက်မှုကြီးကြီးမားမားမရှိနိုင်ပါဘူး။ ကလေးက လသားအရွယ်ရောက်လာတဲ့ အခါမှာလည်း လက်သည်းလေးတွေကို ညှပ်ပေးတာ တိပေးတာမျိုးပဲလုပ်ပါ၊လို့ အကြံပြုချင်ပါတယ်နော်။

    ကလေးတွေရဲ့ လက်လေးတွေကို တတ်နိုင်သမျှ ပြင်ပပတ်ဝန်းကျင်ကို လွတ်လွတ်လပ်လပ်ထိတွေ့ခံစားခွင့်ပေးပါနော်။

    လက်အိတ်မစွပ်ပေးပါနဲ့လို့ ဘာကြောင့်ပြောရတာလဲ

    ဘေဘီလေးတွေက မွေးစမှာ အမြင်အာရုံ နဲ့ အကြားအာရုံကို အပြည့်အဝမခံစားနိုင်ကြသေးပါဘူး။ သူတို့အနေနဲ့ အာရုံခံစားဖို့အသုံးပြုတဲ့အရာက လက်လေးတွေပါ။ သူတို့လေးတွေဟာမွေးဖွားလိုက်ပြီး သိပ်မကြာခင်မှာပဲ မိခင်ကို လက်ကလေးနဲ့ စမ်းတာ၊ ဖခင်ကို လက်ကလေးနဲ့ထိတွေ့တာမျိုး၊ သူတို့အနီးရောက်လာတဲ့အရာလေးတွေကို လက်ကလေးနဲ့ ထိတို့ကြတာပါ။ အာရုံခံစားမှုတစ်မျိုးပေါ့။

    လက်လှမ်းမီသမျှတွေကို ထိတွေ့ခံစားပြီး သူတို့ကိုယ် သူတို့ မေမေ့ရဲ့ဗိုက်ထဲကနဲ့မတူတဲ့ ပြင်ပအခြေအနေတွေကို ခံစားကြတာပါ။ ဒီလိုအာရုံခံတဲ့လက်ကလေးတွေကို လက်အိတ်စွပ်ပေးသင့်ရဲ့လားဆိုတာကတော့ မေမေဖေဖေတို့ ကိုယ်တိုင်သာ စဉ်းစားကြည့်ပါနော်။

    ကလေးအေးနေမှာစိုးလို့၊ လက်သည်းတွေနဲ့ ကုတ်ခြစ်မိမှာစိုးလို့ဆိုပြီး လက်အိတ်စွပ်ပေးတဲ့အခါ ရုတ်တရက်တော့ ဘာမှလည်း ကြီးကြီးမားမားမဖြစ်လောက်ပါဘူး၊ လို့များတွေးနေလား။ မဟုတ်ဘူးနော်။

    တကယ်တော့ကလေးကို လက်အိတ် ဝတ်ပေးတာက ကလေးကို ပတ်ဝန်းကျင်က အရာတွေကို လက်နဲ့ထိတွေ့နိုင်မယ့် အခွင့်အရေးကိုကန့်သတ်လိုက်တာပါပဲ။ တကယ်တော့ ကလေးလေးတစ်ယောက်အနေနဲ့ ကြမ်းတာ၊ မာတာ၊ ပျော့တာ၊ နူးညံ့တာ၊ အေးတာ၊ နွေးတာကို လက်ကလေးနဲ့ ထိတွေ့ခွင့်ရမှ ထိတွေ့ခံစားမှုစွမ်းရည်ဖွံ့ဖြိုးမှာပါ။ ဒီထိတွေ့ခံစားမှုစွမ်းရည်က ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ စွမ်းရည်တစ်ခုဆိုလည်း မမှားပါဘူး။

    နောက်တစ်ချက်က ကလေးကို လက်အိတ်စွပ်ပေးလိုက်တဲ့အခါ ကလေးရဲ့လက်က ကိုင်တွယ်ထိတွေ့နိုင်မှုကို မခံစားရတဲ့အပြင်လက်ချေင်းလေးတွေကို သုံးပြီး ကိုင်တာ၊ဆုပ်တာကိုလည်းလုပ်လို့မရတော့ပါဘူး။ လက်ချောင်းလေးတွေအသုံးမပြုရတဲ့အတွက် ဘေဘီလေးရဲ့ လက်ချောင်းမှာရှိတဲ့ ကြွက်သားလေးတွေဟာ သန်စွမ်းမှုလျော့နည်းသွားနိုင်ပါတယ်။

    ဒါကြောင့် ကိုယ့်ရဲ့ ရင်နှစ်သည်းချာလေးတွေကို ဉာဏ်ရည်ထက်မြက်ပြီး လက်ချောင်းကြွက်သားလေးတွေ သန်မာစေချင်တယ်ဆိုရင် လက်အိတ်မစွပ်ပေးပါနဲ့လို့ပြောပါရစေနော်။ အရမ်းအေးတဲ့ ရာသီဥတုမျိုးမှာတော့ အပြင်ထွက်တဲ့အခါ ခဏတဖြုတ်စွပ်ပေးလို့ရပါတယ်နော်။ အစဉ်အမြဲတော့ မလုပ်နဲ့ပေါ့………

    ဘေဘီလေးတွေကိုချစ်ရင် ဒါလေးတော့သတိထားပေးပါ ဖေဖေမေမေတို့ရေ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement